
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်း
======================================================================================
နေပြည်တော် အောက်တိုဘာ ၁၀
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၌ ကျင်းပသည်။
ရှေးဦးစွာ အလှူရှင်များကိုယ်စား အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နေ့စဉ်အချိန်နှင့်အမျှဆောင်ရွက်နေသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များအား ဂုဏ်ယူအားပေးသည့်သဘောဖြင့် မိမိတို့ဝန်ကြီး ဌာနမှ ဝန်ထမ်းများက စိတ်ဆန္ဒအလျောက် တစ်ထောင့်တစ် နေရာမှ ပါဝင်လှူဒါန်းခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနမှ အလုပ်သမားဆေးရုံ သုံးခုတွင် သံသယလက္ခဏာ လူနာ များအား လက်ခံကုသမှုပေးလျက်ရှိကြောင်း၊ လူမှုဖူလုံရေး ဆေးခန်းများကလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် သက်ဆိုင်ရာကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်းနောက်တွင်လည်း ထိရောက်သော ကာကွယ်ဆေး ထွက်ပေါ်လာသည့် အချိန် မတိုင်မီကာလအထိ ကူးစက်မှုလှိုင်းငယ်များရှိနိုင်သဖြင့် လူအများစုဝေး၍ နီးကပ်စွာ အလုပ်လုပ်ကိုင်ရသည့် စက်ရုံ နှင့် အလုပ်ရုံများ၌ လုပ်ငန်းကြီးကြပ်သူနှင့် အလုပ်သမား များသည် ရောဂါကာကွယ်ရေး စည်းကမ်းများကို ဆက်လက် ၍ သတိပြုကာ အတိအကျလိုက်နာဆောင်ရွက်ကြရန်မှာ အထူးအရေးကြီးပါကြောင်း၊ သို့ဖြစ်၍ မိမိတို့ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ အစိုးရအဖွဲ့ များသည် ဤကိစ္စရပ်အား ရေရှည်ကိစ္စတစ်ရပ်အဖြစ် သတ်မှတ်ကာ ဆက်လက်၍ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ် ပါကြောင်း။
ကိုဗစ်-၁၉ ကူးစက်မှုများ ကမ္ဘာတစ်ဝန်း၌ ဖြစ်ပွား နေချိန်တွင် စက်ရုံ၊ အလုပ်ရုံများ လုပ်ငန်းပြန်လည် လည်ပတ် ရာတွင် အလုပ်သမားများအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း ကို စနစ်တကျ တပ်ဆင်ရန်နှင့် လူအများနှင့် ဆက်ဆံရသူ များတွင် နှာခေါင်းစည်းကိုသာမက၊ မျက်နှာအကာကိုပါ တပ်ဆင်ရန်တို့ကိုသာမက ထမင်းစားသောက်ချိန်၌ လူ အများစုဝေးကာ ရောဂါကူးစက်နိုင်သဖြင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရန်မှာ အထူးအရေးကြီးပါကြောင်း၊ စက်ရုံ၊ အလုပ် ရုံများမှ အလုပ်သမားများလိုက်နာရန် ရောဂါကာကွယ်ရေးစည်းကမ်းများကိုလည်း ထပ်မံ၍ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယနေ့လှူဒါန်းမှု အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အလုပ်သမားရေးရာဆိုင်ရာ ဝန်ထမ်းမိသားစုများ၏ လှူဒါန်းငွေကျပ် ၁၁၆ သိန်း၊ ဩစတြေးလျနိုင်ငံနေ ဒေါက်တာဇော်သူအောင် - ဒေါက်တာ ဆုမြင့်တင်၊ သမီး မရှင်းသန့်မြင့်သူနှင့် သား မောင်ခန့် ဘုန်းမြင့်သူတို့၏ လှူဒါန်းငွေကျပ် ၁၀ သိန်း၊ ဦးညွန့်တင် (စာရေးဆရာ - ပြည်သာယာ)- ဒေါ်နန်းရွှေမြင့် မိသားစု၏ လှူဒါန်းငွေကျပ် ၁၀ သိန်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဝန်ကြီးရုံး (ကျန်းမာရေး) အရာထမ်းနှင့် အမှု ထမ်းများ၏ လှူဒါန်းငွေကျပ် လေးသိန်းတို့ကို ပေးအပ်လှူဒါန်း ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဒုတိယ ဝန်ကြီး ဒေါက်တာမြလေးစိန်တို့က လက်ခံပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်