COVID - 19 ကပ်ရောဂါ၏ ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးကဏ္ဍအပေါ် ထိခိုက်မှုများနှင့် လတ်တလောဖြေရှင်းမှုများအပါအဝင် ငါးစားသုံးမှုမြှင့်တင်ရေး

Type

 

 

 

 

ဒေါက်တာအောင်နိုင်ဦး(ငါးလုပ်ငန်းဦးစီးဌာန)

 

 

၂၀၁၉ ခုနှစ်၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါအား ကပ်ရောဂါအဖြစ် ကြေညာခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ တိုင်းပြည်များသည် ကပ်ရောဂါ ပြန့်ပွားမှုကို တင်းကျပ်စွာ ကာကွယ်တားဆီးနိုင်မည့် အစီအမံများကို စတင်အကောင်အထည်ဖော်ခဲ့ကြပါသည်။ အဆိုပါအစီအမံများသည် ကူးစက်ရောဂါပြန့်ပွားခြင်းကို တားဆီးကာကွယ် ခြင်းအနေဖြင့် တစ်ဖက်မှာ ထိရောက်ခဲ့သကဲ့သို့ အခြားတစ်ဖက်၌လည်း အများပြည်သူများ ဒေသတစ်ခုမှ အခြားဒေသတစ်ခုသို့ သွားလာရေးနှင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင် ရေးမှာလည်း အတားအဆီးဖြစ်စေခဲ့ပါသည်။ ကိုဗစ်- ၁၉ ကပ်ရောဂါဘေးသည် ငါးဖမ်းလုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်းများမှ ငါးရိက္ခာထုတ်လုပ်ဖြန့်ဖြူးရေးကို ယခင်တစ်ခါမှ မတွေ့ကြုံဖူးခဲ့သည့်အတိုင်းအတာအားဖြင့် ထိခိုက်ခဲ့ပါသည်။ သက်ဆိုင်ရာအစိုးရများ၏ COVID-19 ကပ်ရောဂါဘေး ကာကွယ်တားဆီးရေးအစီအမံများသည် ရေထွက်ကုန် များထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းစဉ်တစ်လျှောက်ဖြစ်သော ငါးဖမ်းဆီးခြင်း၊ ငါးမွေးမြူထုတ်လုပ်ခြင်း၊ ရေထွက်ကုန်များ အေးခဲပြုပြင်ခြင်း၊ ရေထွက်ကုန်များ သယ်ယူပို့ဆောင်ခြင်း၊ ရေထွက်ကုန် လက်ကားဈေးနှင့် လက်လီရောင်းချမှုများကို ထိခိုက်စေခဲ့ပါသည်။

 

ထိုကဲ့သို့ ကိုဗစ်- ၁၉ ကပ်ရောဂါဘေး တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပြန့်ပွားထိခိုက်နေသော အချိန် ကာလမှာ ဝင်ငွေနည်းပြီး စားနပ်ရိက္ခာချို့တဲ့သော တိုင်းပြည်များနှင့် ဖွံ့ဖြိုးဆဲကျွန်းနိုင်ငံငယ်များမှာ ငါးအာဟာရသည် မရှိမဖြစ်လိုအပ်သော အသားဓာတ် အရင်းအမြစ်၊ အဏုအာဟာရနှင့် အိုမီဂါ - ၃ အဆီ အက်ဆစ် အရင်းအမြစ်အဖြစ် ဆက်လက်ရှိနေပြီး ၎င်းတိုင်းသူပြည်သားများသည် ငါးရိက္ခာကိုအဓိက အာဟာရအဖြစ် အားထားနေကြရပါသည်။ သို့ပါ၍ အဆိုပါတိုင်းပြည်များအတွက် ငါးရိက္ခာများစဉ်ဆက် မပြတ်ရရှိနိုင်ရေးသည် အရေးကြီးကိစ္စတစ်ရပ်ဖြစ်ပါ သည်။ ငါးနှင့်ရေထွက်ကုန်ပစ္စည်းများသည် ငါးလုပ်ငန်း အပေါ် မှီခိုနေကြသော ပြည်သူများ၏ အသက်မွေးဝမ်း ကျောင်း လုပ်ငန်းများအတွက် အရေးကြီးသကဲ့သို့ ကမ္ဘာ တစ်ဝန်း၌လည်း ကုန်သွယ်မှုမြင့်မားသော စားနပ်ရိက္ခာ တစ်ရပ်ဖြစ်ပြီး ငါးရိက္ခာထုတ်လုပ်မှုအားလုံး၏ ၃၈ ရာခိုင်နှုန်းသည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုထဲတွင် ပါဝင်နေပါသည်။ ကိုဗစ်- ၁၉ ကပ်ရောဂါဘေး ကာကွယ် ရေးအစီအမံများသည် ရေထွက်ကုန်များ ပြည်တွင်း ပြည်ပထုတ်လုပ်ဖြန့်ဖြူးမှုကွင်းဆက် (၂) ရပ်၏ကဏ္ဍ အားလုံးအပေါ် အခက်အခဲဖြစ်စေပါသည်။ ထုတ်လုပ် ဖြန့်ဖြူးမှုကွင်းဆက်၏ အခြေအနေတစ်ရပ်ကို ကာကွယ်ခြင်းသည် ကမ္ဘာနှင့်ဒေသဆိုင်ရာ စားနပ်ရိက္ခာ အခက်အခဲများကို ရှောင်ရှားရန်နှင့် ငါးလုပ်ငန်းစီးပွားရေးကိုကာကွယ်ရန် အခြေခံကျသောလုပ်ငန်းတစ်ရပ် ဖြစ်ပါသည်။

၆ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့

ကိုဗစ်- ၁၉ ကပ်ရောဂါဘေး ကာလတွင် ငါးဖမ်းဆီးရေးလုပ်ငန်းများအနေဖြင့် မိရိုးဖလာငါးဖမ်းခြင်းနှင့် စီးပွားဖြစ်ငါးဖမ်းဆီးခြင်း နှစ်ရပ်လုံး၌ ထုတ်လုပ်မှုများ လျော့ကျစေခဲ့ပြီး ကိုဗစ် - ၁၉ ကပ်ရောဂါ ကာကွယ်ရန် ကန့်သတ်ချက်များနှင့် ပိတ်သိမ်းမှုများကြောင့် ရလဒ် တစ်ရပ်အနေဖြင့် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ကမ္ဘာတစ်ဝန်း၌ စီးပွားဖြစ်ငါးဖမ်း လုပ်ငန်းများ ၆ ဒသမ ၅ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း Global Fishing Watch က ပြောကြားခဲ့ပါသည်။ ရေခဲ၊ စက်သုံး ဆီ၊ ငါးဖမ်းကိရိယာနှင့် ငါးစာ (Bait) များ အပါ အဝင် ငါးဖမ်းလုပ်ငန်းအတွက် အဓိကလိုအပ်ချက်များကို ဖြည့်တင်းထောက်ပံ့သူများ ပိတ်သိမ်းလိုက်ခြင်းနှင့် အကြွေးပေးနိုင်မှုမရှိခြင်းတို့သည်လည်း ငါးဖမ်းလုပ်ငန်း များတွေ့ကြုံရသည့် အခက်အခဲများဖြစ်ပါသည်။ အလုပ် သမားများ မရရှိနိုင်ခြင်းသည်လည်း ငါးဖမ်းလုပ်ငန်း အတွက် ကြီးမားသောထိခိုက်မှုတစ်ရပ်ဖြစ်ပြီး အထူး သဖြင့် ရေလုပ်သားများသည် ပြည်ပရွှေ့ပြောင်း လုပ်သားများဖြစ်နေခြင်းသည်လည်း အကြောင်းရင်း တစ်ရပ် ဖြစ်နေပါသည်။ သို့သော် အချို့သောဒေသများတွင် ငါးဖမ်းဆီးလုပ်ငန်းအချို့၌ တိုးတက်မှုလက္ခဏာများ (ဥပမာအားဖြင့် ရည်ရွယ်ဖမ်းဆီးသော ငါးမျိုးစိတ်များပြောင်းလဲခြင်းနှင့် ဈေးကွက်တောင်းဆိုမှုအပေါ် မူတည် ၍ ဈေးကွက်မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ခြင်း) ရှိလာပြီး အသေးစားငါးဖမ်းလုပ်ငန်းများသည် ဈေးကွက် လိုအပ်ချက်အပေါ်မူတည်၍ ပိုမိုလျင်မြန်စွာ ထိန်းညှိ ပြောင်းလဲလုပ်ဆောင်နိုင်သည်ကို တွေ့ရှိရပါသည်။

ငါးမွေးမြူရေးကဏ္ဍ၌မူ ငါးကန်များတည်ရှိရာ ဒေသ၊ မွေးမြူသည့် မျိုးစိတ်၊ ဈေးကွက်နှင့် ငွေကြေးအရင်းအနှီး ပမာဏအပေါ်မူတည်၍ ထိခိုက်မှုအမျိုးမျိုးရှိပါသည်။ များစွာသော ငါးမွေးမြူသူများသည် ၎င်းတို့၏ ငါးများကုန်ဖော်ရောင်းချနိုင်ခြင်းမရှိသဖြင့် ငါးများကိုထိန်းသိမ်း ၍ ဆက်လက်မွေးမြူထားရခြင်း၊ ရာသီအလိုက်ဆောင်ရွက်ရ သော ငါးသားဖောက်ခြင်းဆိုင်ရာလုပ်ငန်းများအတွက် လိုအပ်ချက်အားလုံးကို ပြီးပြည့်စုံစွာ မဆောင်ရွက်နိုင်ခြင်း၊ စသည်တို့ကြောင့် ကုန်ကျစရိတ်များတိုးလာပြီး အခက်အခဲ များတွေ့ကြုံလာရသဖြင့် အထူးသဖြင့် သွင်းအားစုများ ဖြည့်တင်းရန် အတားအဆီးများဖြစ်လာသဖြင့် ငါးမျိုးများ ပြန်လည်ထည့်သွင်းမွေးမြူရန်နှင့် တစ်ဆက်တစ်စပ်တည်း မွေးမြူထားသောငါးများ ကုန်ဖော်ဖမ်းဆီးရန် နှောင့်နှေးမှု များ ဖြစ်လာပါသည်။ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင် ရေး အခက်အခဲများကြောင့် ပြည်ပဈေးကွက်ကို ရည်ရွယ် မွေးမြူထားသော ငါးမျိုးစိတ်များအတွက် အလွန်ထိခိုက် မှုများဖြစ်လျက်ရှိပါသည်။ ထို့အတွက် ကြွေးမြီများ ပြန်လည် ပေးဆပ်ရန် အန္တရာယ်ရှိသော်လည်း အချို့သော အစိုးရ များနှင့် ငွေကြေးဆိုင်ရာအဖွဲ့အစည်းများမှ ငွေကြေး ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကြပါသည်။ ငါးမွေးကန်များမှ ငါးအရှင်များနှင့် တန်ဖိုးမြင့် ပင်လယ်စာများ အဓိက ရောင်းချရသည့် စားသောက်ဆိုင်ကြီးများ၊ ခရီးသွားလုပ်ငန်း များနှင့် ဟိုတယ်ကြီးများမှ ဝယ်လိုအားမရှိတော့သဖြင့် အခြားသောဈေးကွက်များဖြစ်သည့် စူပါမားကတ်၊ လက်လီ ဆိုင်များဘက်သို့ ဦးတည်ရောင်းချကြရပြီး အွန်လိုင်းဖြင့် ရောင်းချခြင်းကိုလည်း ပြောင်းလဲဆောင်ရွက်ကြရပါသည်။ အသေးစားနှင့် အလတ်စား ငါးမွေးမြူသူများမှာ ငွေကြေး လည်ပတ်ရန် ရုန်းကန်ကြရပြီး ကိုဗစ်- ၁၉ ကပ်ရောဂါ ဘေးကာကွယ်ရေး အတားအဆီးများသည် ၎င်းတို့၏ ဝင်ငွေ များကို အကြီးအကျယ်လျော့ပါးစေရုံမက မွေးမြူထုတ်လုပ်မှု ပိုင်းဆိုင်ရာများ အထူးသဖြင့် မွေးမြူထားသောငါးများကို ဆက်လက်ထိန်းသိမ်းထားရသဖြင့် ကုန်ကျစရိတ် ပိုမို ကုန်ကျမှုများလည်း ဖြစ်ပေါ်လာပါသည်။ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရန် ကုန်ကားများသွားလာမှုကို ကန့်သတ် ခြင်း၊ ကြိုတင်သတိပေးခြင်းအစီအမံများနှင့် နယ်စပ် ကုန်သွယ်လမ်းကြောင်းများ ပိတ်ထားခြင်းတို့ကြောင့် လုပ်သားအင်အားရရှိမှု၊ ငါးမွေးမြူရေးလုပ်ငန်းအဓိကလိုအပ်သောသွင်းအားစုများဖြစ်သည့် ငါးသားပေါက်၊ ငါးအစာ နှင့် ဆေးဝါးများရရှိနိုင်ရေးတို့သည်လည်း ထိခိုက်ခဲ့ပါသည်။

များစွာအကျိုးစီးပွားထိခိုက်

ရေထွက်ကုန်များ အေးခဲပြုပြင်ထုပ်ပိုးခြင်း၊ ဈေးကွက် နှင့်ကုန်သွယ်မှုတို့နှင့် စပ်လျဉ်း၍ ထိခိုက်မှုများမှာ အစား အစာဝန်ဆောင်မှုပေးနေသော ကဏ္ဍများဖြစ်သည့် ဟိုတယ်၊ စားသောက်ဆိုင်ကြီးများနှင့် အစားအသောက်ရောင်းချသောလုပ်ငန်းများသို့ အဓိကပံ့ပိုးပေးနေသော ထုတ်လုပ်သူ များအတွက်လည်း များစွာအကျိုးစီးပွားထိခိုက်မှုများ ဖြစ်လျက်ရှိပါသည်။ ထို့ကြောင့် အချို့ဆိုလျှင် ဟိုတယ်များ နှင့် စားသောက်ဆိုင်ကြီးများမှ ဝယ်လိုအားမရှိတော့သဖြင့် အိမ်များသို့ တိုက်ရိုက်ရောင်းချဖြန့်ဖြူးခြင်းများ လုပ်ဆောင် လျက်ရှိပါသည်။ သယ်ယူပို့ဆောင်ရေးအခက်အခဲများ ကြောင့် ပြည်ပဈေးကွက်တင်ပို့မှုသည်လည်း များစွာ ထိခိုက်မှုများဖြစ်ခဲ့သောကြောင့် ကြာရှည်ထားသိုနိုင်သော အေးခဲငါးများ၊ စည်သွတ်ငါးများ၊ ကျပ်တိုက်ငါးများ၊ ငါးခြောက်များ ရောင်းချမှုမှာ တိုးတက်လာလျက်ရှိပါသည်။ ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် ဝန်ထမ်းများ Quarantine ဝင်ရခြင်း၊ လုပ်သားများမရရှိနိုင်ခြင်းနှင့် လုပ်သားများ၏ ကျန်းမာရေးဆိုင်ရာ အရေးကိစ္စများကြောင့် ရေထွက်ကုန် များ အေးခဲပြုပြင်ထုပ်ပိုးမှု လုပ်ငန်းများမှာလည်း များစွာ ထိခိုက်ခဲ့ပါသည်။ ဈေးကွက်တောင်းဆိုမှုပုံစံပြောင်းလဲ လာခြင်းကြောင့်လည်း အစားအစာလေလွင့်ဆုံးရှုံးမှုများ လည်း တိုးလာပါသည်။ များစွာသော ရေထွက်ကုန် လက်လီ/ လက်ကားဈေးများမှာ ရောင်းဝယ်သူများ၊ အလုပ် သမားများနှင့် လူဦးရေကျပ်နေခြင်းကြောင့် ရောဂါ ကူးစက်ရန် ဘေးအန္တရာယ်ရှိနိုင်ပြီး ရောင်းချသည့် အများစုမှာ အမျိုးသမီးများဖြစ်ကြပြီး ၎င်းတို့၏ အသက် မွေးဝမ်းကျောင်းအလုပ်အကိုင်နှင့် ဝယ်ယူသူများမှ လတ်ဆတ်သော ငါးများဝယ်ယူနိုင်ရေးတို့ကို ထိခိုက် လျက်ရှိပါသည်။ ကိုဗစ်- ၁၉ ကပ်ရောဂါဖြစ်ပွားမှုရဲ့ နောက်ထပ်အကျိုးဆက်တစ်ရပ်မှာ ကမ္ဘာတစ်ဝန်းမှာ ရေထွက်ကုန် (ပင်လယ်စာ) များ အဓိကကုန်သွယ်မှုများ ဖျက်သိမ်းမှု ဖြစ်ပါသည်။

ကြီးမားစွာ ဘေးအန္တရာယ်ရှိ

လုပ်ငန်းခွင်အခြေအနေများ၊ ထုတ်လုပ်မှု ကွင်းဆက် တစ်လျှောက်ရှိ အထူးသဖြင့် အမျိုးသမီးများနှင့် ရောဂါ ကူးစက်ခံရနိုင်ခြေများသော လုပ်သားများနှင့် စပ်လျဉ်း၍ အသေးစားငါးဖမ်းသမားများနှင့် ရေလုပ်သားများမှာ အရင်းအနှီးမရှိကြသဖြင့် ၎င်းတို့၏ နေ့စဉ်ဝင်ငွေနှင့် ဝမ်းရေးအတွက် ပင်လယ်ပြင် ရာသီမုန်တိုင်း အန္တရာယ် ကြားမှပင် ငါးဖမ်းဆီးခြင်းလုပ်ငန်းကို မှီခိုလုပ်ကိုင်နေ ကြရပြီး အကြောင်းအမျိုးမျိုးကြောင့် ကျန်းမာရေး ဝန်ဆောင်မှုများလည်း မရရှိနိုင်ကြပေ။ ငါးဖမ်းဆီးခြင်းနှင့် ငါးမွေးမြူရေးလုပ်ငန်း၏ အဓိကလုပ်သားအင်အား ၅၀ ရာခိုင်နှုန်းမှာ အမျိုးသမီးထုများဖြစ်ကြပြီး ရေထွက်ကုန်များ ကုန်တက်ကျဆင်းမှု၊ ပိတ်သိမ်းမှု၊ အေးခဲပြုပြင်ခြင်းလုပ်ငန်း နှင့် ဈေးကွက်များလျော့ကျမှုတို့ကလည်း ၎င်းတို့ကိုများစွာ ထိခိုက်စေပါသည်။ ရေထွက်ကုန်များထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်ရှိ ရေလုပ်သားများ၊ အေးခဲပြုပြင် လုပ်သားများနှင့် ငါးရောင်းသူများ(အထူးသဖြင့် အမျိုးသမီး များ)သည် ၎င်းတို့၏လုပ်ငန်းခွင်သဘာဝကြောင့် နီးကပ်စွာ လုပ်ကိုင်ကြရသဖြင့် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ရန် ကြီးမားစွာ ဘေးအန္တရာယ်ရှိပါသည်။ လုပ်ငန်းခွင်အခြေ အနေနှင့် ရောဂါကူးစက်ခံရမှု ဘေးအန္တရာယ်ကင်းရေး နှင့်စပ်လျဉ်း၍ အသေးစားနှင့် စီးပွားဖြစ်လုပ်ကိုင်ကြ သော ငါးဖမ်းဆီးလုပ်ငန်းရှိ ရေလုပ်သားများသည် ပိုမို ကြာရှည်သော အလုပ်ခွင်အချိန်များ လုပ်ကိုင်ကြရသဖြင့် မောပန်းခြင်းနှင့် အလုပ်ခွင်ဖိအားများ တိုးလာလျက်ရှိပါ သည်။ သို့သော် ဤကဲ့သို့ ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် ကျန်းမာရေးဆိုင်ရာဘေးအန္တရာယ်ရှိမှုများသည် ငါး လုပ်ငန်း၏ တွေ့ကြုံရသောအခက်အခဲများကို အတွေ့ အကြုံယူပြီး အလုပ်ခွင်အတွင်း ကျန်းမာသန့်ရှင်းရေး နှင့်ဆိုင်သော အခြေအနေများကို ပိုမိုတိုးတက် လိုက်နာ ဆောင်ရွက်စေရန် ဖော်ပြနိုင်သော အခွင့်အလမ်းကောင်း များ ဖြစ်ပါသည်။

နှောင့်နှေးမှုများကိုဖြစ်စေ

ကိုဗစ်- ၁၉ ကပ်ရောဂါသည် ငါးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကိုလည်း ထိခိုက်စေပါသည်။ အချို့သောငါးလုပ်ငန်းဆိုင်ရာ ကွင်းဆင်းစစ်တမ်း ကောက်ယူ အကဲဖြတ်ခြင်းလုပ်ငန်းများကို လျှော့ချခြင်း နှင့် အစီအစဉ်များ ရွှေ့ဆိုင်းခြင်း၊ မဖြစ်မနေလုပ်ဆောင်ရ မည့် ငါးလုပ်ငန်းဆိုင်ရာ လေ့လာစောင့်ကြည့်ခြင်း အစီ အစဉ်များကို ခေတ္တယာယီရပ်ဆိုင်းထားခြင်း၊ သိပ္ပံနှင့် စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးများ ရွှေ့ဆိုင်းထားခြင်း များသည် အချို့သောလိုအပ်သည့် အစီအမံများ၊ စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် ဥပဒေအတိုင်းလိုက်နာ ဆောင်ရွက်ခြင်းလုပ်ရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ နှောင့်နှေးမှုများကို ဖြစ်စေပါသည်။ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း များမရှိပါက ငါးဖမ်းဆီးမှုလုပ်ငန်းများ၌ တာဝန်သိ စီမံ ခန့်ခွဲခြင်း၊ စောင့်ကြည့်ထိန်းချုပ်ခြင်းအတိုင်းအတာ တစ်ရပ်ကို အားနည်းစေရန် အားပေးသကဲ့သို့ ဖြစ်စေနိုင် ပြီး တရားမဝင်ငါးဖမ်းဆီးခြင်း (IUU) ကိုလည်း တိုးတက် လုပ်ဆောင်စေနိုင်သည့် ဘေးအန္တရာယ်ရှိစေပါသည်။ ဆက်စပ်၍ ရေလုပ်သားများ၏ အသက်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းရှိ အစိုးရ များအနေဖြင့်လည်း ယခင်က မဖြေရှင်းခဲ့ဖူးသေးသော တုံ့ပြန်မှုများဖြင့် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်း ကြရပါသည်။ မူဝါဒများနှင့် လုပ်ဆောင်ချက်များအနေဖြင့် အများပြည်သူကျန်းမာရေးအား ကာကွယ်တားဆီးခြင်း၊ ရေလုပ်သားများနှင့် ငါးလုပ်ငန်းဆက်စပ်လုပ်သားများ ဘေးကင်းရေး၊ လူမှု - စီးပွားရေးဆိုင်ရာ အကျပ်အတည်း တစ်ရပ်ကို ရှောင်ရှားရန်နှင့် ထိခိုက်မှုအများစုဖြစ်နိုင် သော ပြည်သူများကို ထောက်ပံ့ပေးရန် လူမှုရေးဆိုင်ရာ အကာအကွယ်ပေးမှုလုပ်ရပ်များဖြစ်သည့် ငွေကြေး လွှဲပြောင်းပေးမှုများ၊ ကျန်းမာရေး အာမခံလုပ်ငန်းများ၊ အလုပ်လက်မဲ့ဖြစ်စေခြင်းကိုဖြေရှင်းပေးသည့် အလုပ် အကိုင် အခွင့်အလမ်းဈေးကွက်အစီအစဉ်များ အဆင်ပြေ ချောမွေ့ ခိုင်မာအားကောင်းစေခြင်းနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆက်လက် လုပ်ဆောင်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်ကြ ရပါသည်။

အထောက်အပံ့များ

ငါးဖမ်းဆီးထုတ်လုပ်ခြင်းလုပ်ငန်းများ အထောက် အပံ့များဖြစ်စေရေးအတွက် အချို့သော ဥပမာများ အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဆိုင်ရာ ဝန်ကြီးဌာနမှ အသေးစား အင်တာပရိုက်များနှင့် ဦးဆောင်ကော်မတီ အများအပြား ကို ဖိတ်ခေါ်ပြီး ၎င်းတို့၏ ထုတ်ကုန်များကို ရောင်းချ နိုင်ရန် ထောင်ပေါင်းများစွာသော ရေလုပ်သားများကို အောင်မြင်စွာ အကူအညီပေးနိုင်ခဲ့ခြင်း၊ အိန္ဒိယနိုင်ငံတွင် တမီးလ်နဒူအရပ်ရှိ ရေလုပ်သားများအတွက် လူထု ရေဒီယိုအစီအစဉ်တစ်ရပ်မှ အစိုးရနှင့် ရေလုပ်သားများ အကြား ပေါင်းစပ်ဆောင်ရွက်ပေးမှုအနေဖြင့် ကိုဗစ်- ၁၉ ကပ်ရောဂါဖြစ်ပွားမှုအခြေအနေများ၊ ကာကွယ်တားဆီး မှုလုပ်ရပ်များဆိုင်ရာ သတင်းအချက်အလက်များ ထုတ်ပြန်ပေးခြင်း၊ ငါးလုပ်ငန်းဌာန၊ ပြည်သူ့ရဲများနှင့် ကျေးလက်ကောင်စီများမှ အုပ်ချုပ်မှုဆိုင်ရာထုတ်ပြန် ချက်များ၊ Physical Distancing လုပ်ရပ်များနှင့် နောက်ဆုံးအခြေအနေများကို သတင်းဖြန့်ဝေပေးခြင်း၊ ကပ်ရောဂါနှင့်စပ်လျဉ်းသော အကြောင်းအရာများကို ရေလုပ်သားများမှ မေးမြန်းချက်များကို ဖြေကြားပေးရန် ဒေသခံ မြူနီစီပယ်ဝန်ထမ်းများ၊ ဆရာဝန်များနှင့် ပြည်သူ့ ရဲများကိုဖိတ်ကြားပြီး ဖြေကြားပေးခြင်း၊ အင်ဒိုနီးရှားနိုင်ငံ ၌ ရေလုပ်သားများမှပြည်ပတင်ပို့ရန် ရည်ရွယ် ဖမ်းဆီး သော ဖောင်စီးကဏန်းများကို ဖမ်းဆီးခြင်းအစား အခြားသော မျိုးစိတ်များဖြစ်သည့် ကင်းမွန်၊ ပုစွန်နှင့် အခြားသောရေငန်ငါးများကို ဖမ်းဆီးခြင်း ပြောင်းလဲ လုပ်ဆောင်ရန်နှင့် ပြည်တွင်းဈေးကွက်ကို ရောင်းချခြင်း အား ပြောင်းလဲဆောင်ရွက်စေခြင်း၊ ဖိလစ်ပိုင်နိုင်ငံတွင် ငါးလုပ်ငန်းနှင့် ရေထွက်ကုန်အရင်းအမြစ်ဆိုင်ရာ ဗျူရို (Bureau of Fisheries and Aquatic Resources) မှ လော့ဒေါင်းချထားသောနေရာရှိ ပြည်သူများအတွက် လတ်ဆတ်သော ရေထွက်ကုန်များ သယ်ဆောင်ရောင်းချ ပေးခြင်း၊ အချို့သောဒေသအာဏာပိုင်များမှ Community quarantine တိုးတက်ဆောင်ရွက်စေရန် Quarantine ဝင်ကြရသောမိသားစုများထံ အစားအစာများ ထောက်ပံ့ ဖြန့်ဖြူးပေးခြင်းအပါအဝင် အသေးစားငါးဖမ်းသူများ၏ ၎င်းတို့ ဖမ်းဆီးရမိမှုများကို ဝယ်ယူပေးခြင်း၊ ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း၌ ဒေသခံအစိုးရမဟုတ် သော အဖွဲ့အစည်းများမှ မိရိုးဖလာလုပ်ကိုင်ကြသော တံငါသည်များကို ကူညီပေးသည့်အနေဖြင့် ၎င်းတို့၏ ငါးခြောက်များနှင့် ဆန်များကို ဘာတာစနစ်ဖြင့် လဲလှယ် ပေးခြင်း၊ အစိုးရနှင့် အလှူရှင်များမှ ထောက်ပံ့ပို့ဆောင်ရေး အတွက် ကုန်ကျစရိတ်များကို ကျခံဆောင်ရွက်ပေးခြင်း၊ အန်ဒမန်ပင်လယ်ကမ်းခြေဒေသရှိ တံငါသည်များက လည်း ၎င်းတို့အကူအညီရရှိသည့် ဆန်စပါးများကို ၎င်းတို့ ၏ အသိမိတ်ဆွေ ဆွေမျိုးများကို မျှဝေပေးခြင်း၊ ကျေးရွာ သားများကလည်း ၎င်းတို့ ဆန်ရိက္ခာမပြတ်လပ်ရေး အတွက် ဆန်များသိုလှောင်ခြင်းတို့ ဆောင်ရွက်ကြပါသည်။

ငါးမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းများ အထောက်အပံ့ များဖြစ်စေရေးအတွက် အာရှနိုင်ငံအစိုးရများ၏ တုံ့ပြန် ဆောင်ရွက်ပေးခြင်းများမှာ လိုအပ်သော ကြိုတင် သတိပေးခြင်းများကို ပုံမှန်အတိုင်း ဆက်လက်ရှိ စေပြီး ငါးမွေးမြူထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း များကို ဆက်လက်လုပ်ကိုင်စေခြင်းများဖြစ်သည့် ထုတ်လုပ် မှုလုပ်ငန်းများ ရပ်တန့်သွားခြင်းမရှိစေရန်၊ သွင်းအားစု များ ဆက်တိုက်ရရှိစေရန်နှင့် သုံးစွဲနိုင်ရန်၊ ဈေးကွက်နှင့် ဝန်ဆောင်မှုအထောက်အပံ့များဆိုင်ရာ အခွင့်အလမ်းများကိုခွင့်ပြုပေးခြင်း၊ ငါးမွေးမြူသူများ၏ ၎င်းတို့ဆုံးရှုံးသွား သော ပြည်ပဈေးကွက်များကြောင့် ပြည်ပပို့ကုန်များကို ပြည်တွင်းစားသုံးမှုမြှင့်တင်ရေးနှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းများဖွံ့ဖြိုးလာရန် အစိုးရနှင့်လုပ်ငန်းအဖွဲ့ အစည်းများမှ ကူညီပေးခြင်း၊ မွေးမြူထုတ်လုပ်သူများ၊ အေးခဲပြုပြင်သူများနှင့် ပြည်ပတင်ပို့သူများကို အစိုးရများမှ အကူအညီပေးသည့်အနေဖြင့် ဈေးနှုန်းတည်ငြိမ်ရေး အစီအစဉ်များ ဆောင်ရွက်ပေးခြင်းနှင့် ငါးမွေးမြူရေး လုပ်ငန်း အဓိကသွင်းအားစုများကိုရရှိစေရေး ပိုမိုလွယ်ကူ စေရန် ကူညီပေးခြင်းဖြင့် ငါးများပြန်လည် ထည့်သွင်း မွေးမြူနိုင်ရန် ထောက်ပံ့ပေးခြင်းတို့ဖြစ်ပါသည်။

အက်ဖ်အေအိုသည် အာရှတိုင်းပြည်များ၏ လုပ်ဆောင် ချက်အတွေ့အကြုံများဖြင့် ကိုဗစ်- ၁၉ ကမ္ဘာ့ ကပ်ရောဂါ၏ ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးကဏ္ဍအပေါ် ထိခိုက်မှု များအား အဓိက လိုက်ပါ ပြောင်းလဲဆောင်ရွက်သင့်သော မဟာဗျူဟာ (၅) ရပ်ဖြစ်သည့် ကိုယ့်ကိုယ်ကိုယ်အားကိုးအားထားမှု ခိုင်မာအားကောင်းစေခြင်းဖြစ်သော ပြည်ပဈေး ကွက်များကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ပြီး ထုတ် လုပ်နိုင်စွမ်း၊ အရည်အသွေးနှင့် အစားအစာဘေးအန္တရာယ် ကင်းရေးစံနှုန်းများကို တိုးတက်ကောင်းမွန်စေခြင်းဖြင့် ပြည်တွင်းဈေးကွက် ခိုင်မာအားကောင်းလာစေခြင်း၊ ဒေသ၏စားသုံးသူများ ဝယ်ယူစားသုံးမှုတတ်နိုင်စေရန် ဆောင်ရွက်ပေးခြင်းနှင့် ဈေးကွက်လမ်းကြောင်းများနှင့် ထုတ်ကုန်အမျိုးအမည်စုံလင်စေရေးတို့ကို ဆောင်ရွက်စေ ခြင်း၊ ငါးမွေးတောင်သူများအား ဝန်ဆောင်မှုပေးသော ကဏ္ဍစုံပါဝင်ပတ်သက်သူများ၏ ရင်းနှီးမြှုပ်နှံမှုများကို အားပေးခြင်းဖြစ်သော အစိုးရများ၏ အဓိကဝန်ဆောင်မှု ပေးသော လုပ်ငန်းများဖြစ်သည့် သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ တိုးချဲ့ပညာပေးရေးလုပ်ငန်းများ၊ ဈေးကွက် ရှာဖွေပေးခြင်း၊ ချေးငွေနှင့် အာမခံလုပ်ငန်းများ၊ ပြည်သူ၊ ပုဂ္ဂလိကကဏ္ဍ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း၊ လူမှုအဖွဲ့ အစည်းများမှ အစိုးရနှင့် မိတ်ဖက်ပြုပြီး ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို အဆောတလျင် ဆောင်ရွက်ပေးခြင်းနှင့် အခက်အခဲများမှ အလျင်အမြန် လွတ်မြောက်စေရန် ဦးဆောင်ထောက်ပံ့ပေးခြင်းတို့၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ် ခြင်း၊ လူသားအရင်းအမြစ်စွမ်းဆောင်နိုင်စွမ်း အရည် အသွေးတိုးတက်စေခြင်းဖြစ်သော အသေးစား ငါးမွေးမြူ သူများနှင့် ငါးပြုပြင်ထုပ်ပိုးသူများကို အသိပညာဗဟုသုတ အသစ်များနှင့် စီးပွားရေး၌အောင်မြင်သူများ၏ ကျွမ်းကျင် မှုနည်းလမ်းများကို ပံ့ပိုးပေးခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဈေးကွက်တင်ပို့ခြင်းအတွက် ပြောင်းလဲလာသော လိုအပ် ချက်များနှင့်ကိုက်ညီစေရန်နှင့် ကြိုတင်ပြင်ဆင်နိုင်ရန်၊ စားသုံးသူများအကြိုက် ပြောင်းလဲလုပ်ဆောင်စေနိုင်ရန် နည်းလမ်းများပေးခြင်း၊ ပြည်သူအားလုံးအတွက် လူမှုရေး ဆိုင်ရာ ဘေးဥပဒ်အကာအကွယ်ပြုခြင်းများနှင့် မိတ်ဆက် ပေးခြင်းဖြစ်သောလုပ်ငန်းများမှာ အချင်းချင်းအပြန်အလှန် အာမခံဖြင့် ကျန်းမာရေးအာမခံများဆောင်ရွက်ပေး ခြင်း၊ သီးနှံအာမခံခြင်းဖြင့် ချေးငွေပေးခြင်း၊ ထုတ်လုပ်သူ အဖွဲ့အစည်းများမှ ရေထွက်ကုန်များ ဖြန့်ဖြူးခြင်းကို ပိုမို လွယ်ကူစေရန် ထောက်ပံ့ပေးခြင်း၊ လူမှုရေးဆိုင်ရာ စွမ်းဆောင်နိုင်စွမ်း အရည်အသွေးတိုးတက်စေခြင်းဖြစ် သော ငါးမွေးတောင်သူအသင်းအဖွဲ့များ၊ အမျိုးသမီး အသင်းအဖွဲ့များ၊ လူငယ်အသင်းအဖွဲ့များကို ကျွမ်းကျင်မှု ဆိုင်ရာအလိုက် ဖွဲ့စည်းထူထောင်မှုများ တိုးမြှင့်ဆောင်ရွက် ခြင်း၊ ထုတ်လုပ်မှုတန်ဖိုး ကွင်းဆက်တစ်လျှောက် လုပ်ကိုင်ကြသူများနှင့် အခြားသောအသင်းအဖွဲ့များနှင့်ချိတ်ဆက်ပြီး ကွန်ရက်တစ်ရပ်ထူထောင်ခြင်း၊ တီထွင် ဆန်းသစ်မှုများလုပ်ဆောင်နိုင်ရန် အတွေ့အကြုံရှိသူများ နှင့် အတွေးအခေါ် အကြံဉာဏ်ကောင်းရှိသူများ ချိတ်ဆက်ဖလှယ်မှု အားကောင်းစေခြင်းဖြင့် အခြားသူ များနှင့် မကြာခဏ နီးကပ်စွာ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်ခြင်း၊ ဈေးကွက်အန္တရာယ်များနှင့် ထုတ်လုပ် မှုလုပ်ငန်းများ ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန် အသေးစားလုပ်ကိုင်သူများကို ကူညီပေးသည့် ယုံကြည်မှု ကိုအခြေခံသော မိတ်ဖက်ဆောင်ရွက်မှုများ ပိုမိုခိုင်မာစေ ခြင်းတို့ကိုဆောင်ရွက်ရန် အကြံပြု လမ်းညွှန်တိုက်တွန်း ထားပါသည်။

(ဆက်လက်ဖော်ပြပါမည်)