
အာဆင်နယ်နှင့် စပါးအသင်းတို့ ၏ ပရီမီယာလိဂ်ပွဲစဉ် (၆) ကို စက်တင်ဘာ ၂၆ ရက် ညပိုင်းက အမ်းမရိတ်ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ အာဆင်နယ်အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။
လေးပွဲဆက်နိုင်
အာဆင်နယ် အသင်းသည် ယခုနိုင်ပွဲကြောင့် ဩဂုတ် ၂၈ ရက်က ပြိုင်ဘက်မန်စီးတီး အသင်းကို ငါးဂိုးပြတ် ရှုံးနိမ့် ပြီးနောက်ပိုင်း ပြိုင်ပွဲအရပ်ရပ် လေးပွဲဆက် နိုင်ပွဲရရှိခဲ့ခြင်းဖြစ် သည်။ စပါးအသင်းက ယခုရှုံးပွဲ ကြောင့် ဩဂုတ် ၂၉ ရက်က ဝက်ဖို့ဒ်အသင်းကို တစ်ဂိုး-ဂိုး မရှိဖြင့် အနိုင်ရရှိပြီးနောက်ပိုင်း ပြိုင်ပွဲစုံ ငါးပွဲဆက်နိုင်ပွဲ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။
ပွဲကိုထိန်းချုပ်ကစားနိုင်
ရလဒ်ကောင်းရရှိရေး ဦးတည် လာသည့် အာဆင်နယ်အသင်း သည် တိုက်စစ်တွင် အူဘာမီယန် ကို အားပြုပြီး ဆာကာ၊ အိုဒီဂတ်၊ စမစ်ရိုဝီတို့ဖြင့် ပွဲထွက်လာခဲ့သည်။ ပြိုင်ဘက် စပါးအသင်းကလည်း အဓိက ကစားသမားများဖြစ်သည့် ဆွန်ဟောင်မင်၊ ကိန်း၊ မော်ရာ တို့ကို အသုံးပြုကာ အာဆင်နယ် အသင်းကို ရင်ဆိုင်လာခဲ့သည်။ ပွဲချိန် ၁၂ မိနစ်တွင် အာဆင်နယ် အသင်းက ဦးဆောင်ဂိုးရရှိခဲ့ပြီး ဆာကာ၏ ဖန်တီးမှုမှတစ်ဆင့် စမစ်ရိုဝီက သွင်းယူပေးခဲ့သည်။ ထို့နောက်တွင်လည်း အာဆင် နယ်အသင်းကသာ ပွဲကိုထိန်းချုပ် ကစားနိုင်ပြီး ပွဲချိန် ၂၇ မိနစ်နှင့် ၃၄ မိနစ်တို့တွင် ဒုတိယဂိုးနှင့် တတိယဂိုးရရှိခဲ့သည်။ အဆိုပါ ဂိုး များကို အူဘာမီယန်နှင့် ဆာကာ တို့ သွင်းယူပေးခဲ့သောကြောင့် ပထမပိုင်းကို အာဆင်နယ်အသင်း က သုံးဂိုး-ဂိုးမရှိဖြင့် စပါးအသင်း ကို ဦးဆောင်နိုင်ခဲ့သည်။
ချေပဂိုးသွင်းယူ
စပါးအသင်းသည် ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် နည်းဗျူ ဟာအပြောင်းအလဲအဖြစ် စကစ်၊ အီမာဆင်တို့ကို ထည့်သွင်းအသုံး ပြုခဲ့သည်။ သို့သော်လည်း ပွဲချိန် မိနစ် ၇၀ ကျော်သည်အထိ ချေပဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ချေ။ ပွဲချိန် ၇၉ မိနစ်တွင် ရီဂူလီယွန်၏ ဖန်တီးမှုမှတစ်ဆင့် ဆွန်ဟောင် မင်က စပါးအတွက် ချေပဂိုး သွင်းယူပေးခဲ့သည်။ ထို့နောက် ဂိုးထပ်မံမသွင်းနိုင်ဘဲ အာဆင် နယ်အသင်းက သုံးဂိုး- တစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။
အာဆင်နယ် အသင်းသည် ယခုပွဲစဉ်ကို အနိုင်ရရှိခဲ့သော ကြောင့် ပရီမီယာလိဂ် ပွဲစဉ် (၆) ယှဉ်ပြိုင်ကစားအပြီးတွင် သုံးပွဲ နိုင်၊ သုံးပွဲရှုံး ရမှတ် ကိုးမှတ် ရရှိလာပြီဖြစ်သည်။ စပါးအသင်း ကလည်း ပွဲစဉ် (၆) အပြီးတွင် သုံးပွဲနိုင်၊ သုံးပွဲရှုံးဖြင့် ရမှတ် ကိုးမှတ်ရရှိထားသည်။ လာမည့် ပွဲစဉ်အဖြစ် အာဆင်နယ်အသင်း သည် အောက်တိုဘာ ၂ ရက်တွင် ဘရိုက်တန်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး စပါးအသင်း က အောက်တိုဘာ ၁ ရက်တွင် ကွန်ဖရင့်လိဂ်အဖြစ် ဆလိုဗေးနီး ယားကလပ် မူရာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အောင်ဇော်