
စပိန်ကိုပါဒယ်ရေးဆီမီးဖိုင်နယ်မှ ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ဗယ်လက်ကာနိုအသင်းနှင့် ရီးရဲ ဘက်တစ်အသင်းတို့၏ ပထမအကျော့ပွဲစဉ်ကို ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းက ယှဉ်ပြိုင် ကစားခဲ့ရာ ဘက်တစ်အသင်းက နှစ်ဂိုး-တစ်ဂိုး ဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲတက်လှမ်းနိုင်ရန် အခြေအနေကောင်းတစ်ခု ပိုင်ဆိုင်ခဲ့သည်။
ဗယ်လက်ကာနိုအသင်းသည် ယခုပွဲစဉ် ရှုံးနိမ့်မှုကြောင့် နောက်ဆုံးလေးပွဲတွင် ရှုံးပွဲ သုံးပွဲအထိရှိလာပြီဖြစ်ပြီး ကိုပါဒယ်ရေးဖလား ပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ရန်အတွက် ဒုတိယအကျော့တွင် ဘက်တစ်အသင်းကို ရလဒ်ကောင်းရရှိရေး ကြိုးစားရတော့မည် ဖြစ်သည်။
ဗယ်လက်ကာနိုအသင်းသည် ကွာတား ဖိုင်နယ်တွင် မာလော့ကာအသင်းကို အနိုင်ယူ ကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းလာနိုင်ခြင်း ဖြစ်ပြီး ဘက်တစ်အသင်းက ဆိုစီဒက်စ်အသင်း ကို ဂိုးပြတ်အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းလာနိုင်ခဲ့သည်။ ယခုပွဲစဉ်တွင် ဗယ်လက်ကာနိုအသင်းရော ဘက်တစ်အသင်း ပါ ကစားသမားအစုံအလင် ပွဲထွက်လာခဲ့သည့် အတွက် ပွဲချိန်တစ်လျှောက် ဂိုးကန်သွင်းမှု များ၊ ထိုးဖောက်မှုများဖြင့် ပြိုင်ဆိုင်မှုပြင်းထန် ခဲ့သည်။
ဦးဆောင်ဂိုးကို ဗယ်လက်ကာနိုအသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန်ငါးမိနစ်တွင် ဂါစီယာက သွင်းယူရရှိခဲ့သည်။ ဘက်တစ်အသင်းအတွက် သွင်းဂိုးများကို အစ်လက်ဆီးယပ်စ်နှင့် ကာဗယ် ဟိုတို့က ပွဲချိန် ၂၆ မိနစ်နှင့် ၆၈ မိနစ်တို့တွင် သွင်းယူရရှိခဲ့သည်။ ဗယ်လက်ကာနိုအသင်းနှင့် ဘက်တစ်အသင်းတို့၏ စပိန်ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို မတ်လ အစောပိုင်းတွင် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။
အောင်ဇော်