
စတုဂတ်အိုးပင်းအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ် အီဂါ ဆွီယာတက်ခ်သည် ချက် တင်းနစ်မယ် ပီလစ်ကိုဗာကို နှစ်ပွဲ-တစ်ပွဲဖြင့် အနိုင်ရကာ ဆီမီး ဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
အဆိုပါ ပွဲစဉ်တွင် ဆွီယာတက်ခ်သည် ပြိုင်ဘက်ကို အကြိတ် အနယ်ကစားခဲ့ရပြီး ၄-၆၊ ၆-၁၊ ၆-၂ ဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ် သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
အသက် ၂၁ နှစ်အရွယ် ဆွီယာတက်ခ်သည် စတုဂတ်အိုးပင်းပြိုင်ပွဲ ၁၆ ဦးအဆင့်တွင်လည်း တရုတ်တင်းနစ်မယ် ရှောင်ကို နှစ်ပွဲပြတ် အနိုင်ရရှိထားသူ ဖြစ်သည်။ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သော ဆွီယာတက်ခ်သည် တူနီးရှားတင်းနစ်မယ် ဂျေဘီယာနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
၎င်းနှင့်အတူ စတုဂတ်အိုးပင်း ဆီမီးဖိုင်နယ်သို့ ပိုတာကိုဗာ၊ စဘယ်လင်ကာ၊ ဟာဒက်မာရီယာတို့ တက်လှမ်းနိုင်ခဲ့သည်။