စွယ်စုံရစာပေပညာရှင် ပင်ကိုရေးစာရေးဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း

Type

ရွှေကျော်(စာပေဗိမာန်)

==========

(ယမန်နေ့မှအဆက်)
ဆရာကြီးရေးသားခဲ့သော ဂန္ထဝင်မြောက်စာအုပ်များ အနက်မှ -


နီရဲသော ဗိုလ်ဥတ္တမ
ထိုစာအုပ်သည် ၁၈၈၅ ခုနှစ်အလွန်တွင် နယ်ချဲ့ ဆန့်ကျင်ရေးနှင့်  အမျိုးသားလွတ်မြောက်ရေး အတွက် သမိုင်းတွင် ထင်ရှားသည့် ဗိုလ်ဥတ္တမ အကြောင်း ဖွဲ့ဆိုထားသော်လည်း  အခြားသော ဇာတ်ကောင်များစွာအကြောင်း  ကဏ္ဍအလိုက် ဝေဝေဆာဆာ ဖွဲ့ဆိုထားသည်။ ခုနှစ်သက္ကရာဇ် ပြည့်စုံစွာ နေရာဒေသအတိအကျဖြင့် သမိုင်းနောက်ခံ လက်နက်ကိုင်ကျူးကျော်စစ်ပွဲများအကြောင်း ရေးဖွဲ့ ထားသည်။ နီရဲသောဗိုလ်ဥတ္တမဆိုသည့်အတိုင်း နောက်ဆုံးအချိန်အထိ ကျူးကျော်စစ်ကို အညံ့မခံ အသက်ပေးကာ အဆုံးစီရင်ခဲ့သည်ကို ဖတ်ရှုရသော အခါ မျိုးချစ်စိတ်ဓာတ်ပြင်းထန်လာကာ မခံမရပ် နိုင်ဖြစ်လာအောင်ပင် ဇာတ်လမ်းရေးဖွဲ့ထားသည်။ ဤဝတ္ထုသည် ၁၉၇၀ ပြည့်နှစ် အောက်တိုဘာလ တွင် ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည့်ဝတ္ထုဖြစ် သည်။


ဂဠုန်ဆရာစံ


ဤဝတ္ထုကို ရေးသားရာတွင် အပင်ပန်းဆုံးဖြစ် သည်ဟု ဆရာကြီးက မှတ်ချက်ပြုထားသည့်အတိုင်း ဖတ်ရှုရသည့် ကျွန်ုပ်တို့စာဖတ်သူများအတွက် များစွာ အကျိုးကျေးဇူးများလှပါသည်။ နယ်ချဲ့တော်လှန်ရေး ကြီးကို စတင်အုတ်မြစ်ချပြီး မီးမောင်းထိုးပေးခဲ့သော လယ်သမားသူပုန်တော်လှန်ရေးကြီး၏   နယ်ချဲ့ ခေါင်းဆောင်ကြီး ဆရာစံနှင့် ၎င်း၏ရဲဘော်ရဲဘက် များအကြောင်းကို ခရေစေ့တွင်းကျ သိရှိခဲ့ရသည်။ တစ်မျိုးသားလုံး၏ ဝံသာနုစိတ်ဓာတ်၊     မတရား ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရမှုများ၊ သူ့ကျွန်ဘဝက လွတ်မြောက်အောင် အသက်ပေး၍ တိုက်ပွဲဝင်ခဲ့သူ များကို ကွင်းကွင်းကွက်ကွက် သရုပ်ကိုပါ မြင်တွေ့ ဖတ်ရှုရသောအခါ အလွန်ပင် မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ရသည်။ ထို့ပြင် နောက်ခံသမိုင်း၊ နေရာဒေသ အသေးစိတ်တို့ကို ပြည့်စုံစွာ ရေးဖွဲ့ထားသဖြင့် နောင်လာနောက်သား စာဖတ်ပရိသတ်များအတွက် များစွာအကျိုးကျေးဇူးဖြစ်စေပါသည်။  နယ်ချဲ့ ကျူးကျော်မှုကို ရွံမုန်းစက်ဆုပ်ကာ  တောင်ပေါ် မြေပြန့်   တိုင်းရင်းသားစည်းလုံးညီညွတ်မှု၏ အရေးပါပုံကို မျက်ဝါးထင်ထင်တွေ့ရှိရပြီး မျိုးချစ်စိတ် ထက်သန်စေပါသည်။


ကိုဆေးရိုးဝတ္ထုတို (၁၁) တွဲ


ပုဂံပုံနှိပ်တိုက်၏ နှစ်ပတ်လည်အထိမ်းအမှတ် အဖြစ် ထုတ်ဝေခဲ့သော ဆရာကြီး၏ ကိုဆေးရိုး အတွဲ-၁ မှ ၁၁ အထိ ဝတ္ထုတိုပေါင်းချုပ်စာအုပ်တွင် ဆရာကြီး မှတ်ချက်ပြုထားသည်မှာ ‘ဤမျှလောက်များပြားသော ဝတ္ထုတိုများကို ရေးခဲ့သူမှာ မိမိမှဟုတ်ပါလေစဟု ကိုယ့်ကိုယ်ကိုယ် အံ့သြရမိကြောင်း’ ရေးသားထား သည်။ ဆရာကြီးသည် အများနှင့်မတူ တစ်မူထူးခြား သည်မှာ စဉ်ဆက်မပြတ်  မြောက်မြားသော စာပေ အမျိုးအစားစုံလင်စွာကို  ရေးသားနိုင်သူဖြစ်သည်။ ထို့ပြင် ထိုကဲ့သို့များပြားသော ကိုဆေးရိုးဝတ္ထုတိုများ ကို သန္ဓေတည်ခဲ့ရာနေရာဖြစ်သော သွေးသောက် မဂ္ဂဇင်းကို ကျေးဇူးတင်ကြောင်း ပြောကြားထားပြီး ပုဂံစာအုပ်တိုက်က ပထမတွဲမှ ဧကဒဿမတွဲအထိ ထုတ်ဝေပြီးသော       အတွဲအားလုံးကိုစုပေါင်း၍ ကိုဆေးရိုးပေါင်းချုပ်ကြီးကို နှစ်ပတ်လည်အထူးထုတ် အဖြစ် ၂၀၀၉ ခုနှစ်တွင်   တစုတစည်းတည်း ထုတ်ဝေခဲ့ခြင်းကိုလည်း ကျေးဇူးတင်ကြောင်းပြော ကြားထားသည်ကို ဖတ်ရှုမှတ်သားရပါသည်။ ထိုဝတ္ထု တွဲကြီးတွင် မြန်မာလူမျိုးတို့၏ မှန်ကန်ကောင်းမွန်သော ဓလေ့ထုံးစံများ မပျောက်ပျက်အောင်၊ အညာဒေသ၏ လူမှုဘဝတို့ကို သရုပ်မှန်ပေါ်လွင်အောင် ဇာတ်ကောင် အမည်များမှအစ ပြောစကားများပါမကျန် ဇာတ်ကောင် များ၏စရိုက်များကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော် ထားပြီး ခေတ်နှင့်လျော်ညီအောင် ပုံဖော်ထားသည်။ 

 


နေမင်းတစ်ထောင် ဝတ္ထုရှည် (၈) တွဲ

 


အတွဲ (၁) မှ အတွဲ (၈) အထိ ထိုဝတ္ထုရှည်ကြီးမှာ ကုန်းဘောင်မင်းဆက် ဆဋ္ဌမမင်း (ပုဂံမင်း) လက်ထက်မှ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအထိ သမိုင်းကြောင်း တစ်လျှောက်လုံး ရေးသားထားသည်။ သမိုင်းဝင် ဝတ္ထု ရှည်ကြီး ဖြစ်သည်။ မည်မျှသက်တမ်းကြာသည်ဆိုသော် နှစ်ပေါင်းရာကျော်ကြာမြင့်သည်။ ပဒေသရာဇ်မင်း ငါးဆက်ခေတ်၊ ကျွန်ခေတ်၊ စစ်အတွင်း ဖက်ဆစ်ခေတ်၊ လွတ်လပ်ရေးခေတ်၊ ပြည်တွင်းစစ်ခေတ်၊      မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တို့ကို   ဖြတ်သန်း        ရေးသားထားရာ အမျိုးသားစိတ် အမျိုးသားအားမာန်ကို အဖေမှသား၊ သားမှမြေး၊ မြေးမှမြစ်၊ မြစ်မှတီအထိ လက်ဆင့်ကမ်းနိုင်ကြောင်း စာဖတ်ပရိသတ်အနေဖြင့် ခံစားသိရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် စာရေးသူ၏ အမှာစာပါအတိုင်း    ‘မြန်မာ့စာပေအပိုင်းတွင် ဤဝတ္ထုရှည်ကြီးသည် ဆရာမကြီး (ဒေါ်) ဒဂုန်ခင်ခင် လေး၏ ‘စာဆိုတော်’ ဝတ္ထု ပြီးလျှင် ဒုတိယအရှည်ဆုံး မြန်မာဝတ္ထုရှည်ဟူ၍ သတ်မှတ်လျှင် ရနိုင်၏လား’ ဟု ဆိုထားပါသည်။

 


စာရေးသူ ဆရာကြီးသည် နေမင်းတစ်ထောင် ဝတ္ထုကြီးကို ၁၉၉၃ ခုနှစ်တွင် စတင်ရေးသားခဲ့ရာ ၁၂ နှစ်တာကာလကြာ ၂၀၀၅ ခုနှစ်တွင် အပြီးသတ် ခဲ့သည်ဟု မှတ်သားရသည်။ ပုဂံပုံနှိပ်တိုက်မှ ထုတ်ဝေ သော ပေါင်းချုပ်စာအုပ်၏ နိဂုံးချုပ်အမှာစာ၌ ဆရာကြီး က ‘စည်းလုံးခြင်း၊ ချစ်ခင်ညီညွတ်ခြင်းတို့သည် အေးမြ သာယာသော  သုခချမ်းသာကိုပေးသည်နှင့်အမျှ စည်းလုံးမှုပျက်ပြားခြင်း၊ မချစ်ခင်မညီညွတ်ခြင်း တို့သည် ဆိုးရွားလှ၏၊   ပူလောင်လှ၏၊ နေမင်း တစ်ထောင်၏ အပူအလျှံထက်ပင် ဆိုးရွားပြင်းထန်၏ဟု ပြောလိုသောကြောင့် ဤဝတ္ထုကြီးကို “နေမင်း တစ်ထောင်” ဟု အမည်ပေးခဲ့ကြောင်း’ ပြောကြား ထားသည်။

 


ဆရာကြီးထီလာစစ်သူကလည်း ‘ဤဝတ္ထုကြီး သည် မြန်မာနိုင်ငံသို့ ကျူးကျော်စော်ကား နယ်ချဲ့ သူများအား တိုက်ခိုက်ရေး၊ နယ်ချဲ့သမားများနှင့်  နယ်ချဲ့စနစ်ကို ဆန့်ကျင်တွန်းလှန်ရေး၊ ဖက်ဆစ်ကို ဆန့်ကျင်ရေး၊ နိုင်ငံတော်လွတ်လပ်ရေး၊ အမျိုးသား  လွတ်မြောက်ရေး၊ ပြည်ထောင်စုမြန်မာနိုင်ငံ အဓွန့်ရှည် တည်တံ့ခိုင်မြဲရေး၊     အမျိုးသားလွတ်မြောက်ရေး အရေးတော်ပုံကြီးအကြောင်းတို့ကို     ရည်ရွယ်ချက် ချမှတ်၍ တို့တာဝန်အရေးသုံးပါး၏ အဓိပ္ပာယ်အနှစ် သာရကို သမိုင်းနောက်ခံဖြစ်ရပ်များနှင့် ဖော်ကျူးဖွဲ့နွဲ့ ထားသော ပင်ကိုရေးဝတ္ထုရှည်ကြီးပင် ဖြစ်သည်။ ဤဝတ္ထုရှည်ကြီးသည် စာပေအဆင့်အတန်းမြင့်မား လှသည့် ဝတ္ထုကြီးများထဲတွင် စာရင်းဝင်ဝတ္ထုရှည်ကြီး တစ်ပုဒ်လည်းဖြစ်သည်’ ဟု ရဲရဲဝံ့ဝံ့ မှတ်ချက်ပြု ကြောင်း ဖတ်ရှုရပါသည်။ 


ထို့ပြင် ‘ဆရာကြီး၏ ကိုဆေးရိုးဝတ္ထုတိုများသည် စာရေးဆရာကြီးမောင်ထင်၏  ကိုဒေါင်းဝတ္ထုများ၊ ငဘဝတ္ထု၊ စာရေးဆရာကြီး သော်တာဆွေ၏ ဘဝ ဇာတ်အကြောင်းဝတ္ထုများ၊ စာရေးဆရာကြီး ကြယ်နီ ၏ တံငါဝတ္ထုများကဲ့သို့ သရုပ်မှန်စာပေအမျိုးအစား (ဒိဋ္ဌဓမ္မ) ၌ ပါဝင်ရပ်တည်နေကြောင်း၊ ဆရာကြီး၏ ကြီးပြင်းရှင်သန်လာရသောဘဝ၊ မွေးဖွားနေထိုင်ရာ ကျေးရွာလူထုလောကတို့ကို   စုတ်ချက်နိုင်နိုင်ဖြင့် ဘဝသရုပ်ဖော်ပန်းချီကားချပ်များကို ရေးခြယ်မှုန်း နိုင်စွမ်းရှိလေရာ ဘဝဝတ္ထုများ သရုပ်ဖော်ပုံ၊ သရုပ် သကန်တင်ပြပုံများမှာ ပြင်သစ်စာရေးဆရာကြီး မိုပါဆွန်း၏ အရေးအသား အဖွဲ့အနွဲ့နှင့် ဆင်ဆင် တူကြောင်း၊ ၁၉၆၀ ပြည့်လွန်နှစ်များနှင့် ၁၉၇၀ ပြည့်လွန်နှစ်များက ပညာရေးတက္ကသိုလ်များသို့ မတက်ရောက်ခင် မြန်မာစာပေ       ကျွမ်းကျင် တတ်မြောက်မှုဖြင့် စာပေတံခွန် စိုက်ထူခဲ့ကြရာတွင် ဆရာကြီးတင့်စန်း၊ ဆရာကြီး ဦးသော်ဇင်၊ ဆရာကြီး လင်းယုန်သစ်လွင်၊ ဆရာကြီးငွေလင်း၊ ဆရာကြီး ရန်ကုန်ဘဆွေ၊ ဆရာကြီးဌေးမောင်၊ ဆရာကြီး ပါရဂူတို့နှင့်အတူ  ဆရာကြီး    ဆင်ဖြူကျွန်း အောင်သိန်းလည်း     ပါဝင်ကြောင်း၊ အဆိုပါ ပညာရေးတက္ကသိုလ်များ၌    မတက်ရောက်ဘဲ ဘဝတက္ကသိုလ်ကြီး၌ အတွေ့အကြုံများသင်ယူ၍ မြန်မာပင်ကိုအတွေးအမြင်၊   အယူအဆများကို ဦးနှောက်ထဲ၌ မြန်မာဝတ္ထုကြီးများ ရေးသားနိုင် ခြင်းကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်ကြောင်း၊ ဆရာကြီး၏ ဦးနှောက်ထဲ၌ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့အတွေးအခေါ်၊ မြန်မာအယူအဆ၊ မြန်မာ စရိုက်၊ မြန်မာဓလေ့ထုံးစံတို့ဖြင့် ပြည့်လျှမ်းလျက်ရှိ ပြီး နှစ်ပေါင်း (၇၀) ကြာ မြန်မာစာပေလောက၌ ရပ်တည်နေနိုင်သူဖြစ်ကြောင်း’ ဆရာကြီးထီလာစစ်သူ ၏ နေမင်းတစ်ထောင်ဝတ္ထုရှည်ကြီးအပေါ် ခံစား သုံးသပ်တင်ပြရာတွင် ဆရာကြီး ဆင်ဖြူကျွန်း အောင်သိန်းအကြောင်း ပြည့်စုံစွာ ချီးမွမ်းထောမနာ ပြုထားသည်ကို ကောက်နုတ်မှတ်သားရပါသည်။

N စာမျက်နှာ ၈ မှ
မျိုးဆက်သစ်လူငယ်များအတွက် အမွေ
အမှောင်ခွင်း၍ အလင်းဆောင်အံ့ (Light, where Darkness was) ဟူသည့် ဆောင်ပုဒ်ဖြင့် တည်ထောင်ခဲ့သော စာပေဗိမာန်ကြီး၏ စာတည်း ဌာနတွင် ကျွန်မသည် အယ်ဒီတာအဖြစ် ကျရာ ကဏ္ဍမှ ထမ်းဆောင်ခွင့်ရသဖြင့် ဂုဏ်ယူဝမ်းမြောက် မိသည့်အပြင် ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း ကဲ့သို့ စာပေပညာရှင်ကြီးသည် စာရေးသားခြင်း သာမက မဂ္ဂဇင်း၊ ဂျာနယ်၊  စာစောင်များတွင် အယ်ဒီတာတာဝန်ကို ထမ်းဆောင်ခဲ့ကြောင်းသိရှိရ၍ မိမိ၏အသက်မွေးဝမ်းကျောင်းအလုပ်ကို    ပို၍ ဂုဏ်ယူအားတက်လျက် စိတ်ဓာတ်ခွန်အားများ ဆတက်တိုးပွားလာခဲ့သည်။ ထို့ကြောင့် ဆရာကြီး ကွယ်လွန်ခြင်းမှာ စာပေလောကအတွက်သာမက မိမိကဲ့သို့ စာပေလေ့လာသူ လူငယ်လက်သစ်များ အတွက်ပါ ဆုံးရှုံးနစ်နာမှုကြီးဖြစ်ခဲ့ကာ စွယ်စုံရ ပညာရှင်ဆရာကြီးထံ ရှိခိုးပူဇော်ခွင့်၊ ကိုယ်တိုင် တွေ့ဆုံခွင့်နှင့် ဆိုဆုံးမနာယူခွင့် မရရှိကြတော့ပေ။ သို့သော် ဆရာကြီးကို စံနမူနာယူ၍ ကြိုးစားရမည် ဖြစ်ပါသည်။ 
ဆရာကြီး၏ တန်ဖိုးအနဂ္ဂထိုက်တန်သော ရသစုံစာပေဟင်းလေးအိုးကြီးထဲမှ မြောက်မြားစွာ သော အတတ်ပညာ၊ အသိပညာ၊ ဘာသာရေးဆိုင်ရာ ဗဟုသုတများ၊ အတွေးအခေါ်များသာမက မြန်မာ့ သမိုင်းကြောင်းအရပ်ရပ်ကို  နောက်ခံသမိုင်းအခိုင် အမာ ဖတ်ရှုမှတ်သားနိုင်သည့်အပြင် ဆရာကြီး လက်ဆင့်ကမ်းအမွေထားခဲ့သော သမိုင်းနောက်ခံ ရသဝတ္ထုများကို ဖတ်ရှုပြီး မျိုးချစ်စိတ်  ဇာတိသွေး ဇာတိမာန် ထက်သန်လာစေခဲ့ပါသည်။ 
အမျိုးသားစာပေ တစ်သက်တာဆုရှင် ဆရာ ကြီးသည် ထိုကဲ့သို့ ဝံသာနုစိတ်ကို အခြေတည်သော မျိုးချစ်စိတ်ထက်သန်စေသည့် နိုင်ငံရေးစာပေများ၊ မိဘမေတ္တာဖော်ကျူးသည့် ဝတ္ထုတိုများ၊ ဗုဒ္ဓစာပေများ၊ ဓလေ့ထုံးတမ်းစဉ်လာများအကြောင်း ရေးဖွဲ့ထား သော စာပေများ၊ သရော်စာပေများ၊ လူငယ်ဘဝဇာတ် ကြောင်းများ၊ ဇာတိသွေးဇာတိမာန် တက်ကြွစေ သောစာပေများ၊ ဂန္ထဝင်မြောက်ပင်ကိုရေးဝတ္ထုများနှင့် အညာဒေသနောက်ခံစာပေများ၊ ရိုးရာပုံပြင်များ စသည် စသည်တို့ကို ကဗျာ၊ ဆောင်းပါး၊ စကားပြေ၊ ပြဇာတ်၊ ဝတ္ထုတို၊ ဝတ္ထုရှည်တို့ဖြင့် စုံလင်စွာ ခြယ်မှုန်းရေးသား ခဲ့သည့်နည်းတူ ၄-၇-၁၉၇ဝ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ-၂၊ အမှတ် ၂၇ တွင်လည်း ကလေးသူငယ်များ ငယ်ရွယ်စဉ်ကပင် မျိုးချစ်စိတ်ထက်သန်စေရန်အတွက် ပန်းချီ ဆရာဦးအေးတင် သရုပ်ဖော်ထားသော ဂဠုန် ဆရာစံ   ဇာတ်လမ်းကာတွန်းကို   ရေးဖွဲ့ခဲ့သည်။ ကလေးငယ်များ ငယ်စဉ်ကတည်းက စာဖတ်သည့် အလေ့အကျင့်ရလာစေရန်၊ ရသအတွေးများဖြင့် စိတ်ခွန်အားရရှိပြီး နှလုံးသားလေးများ ပြည့်ဝနူးညံ့လာ စေရန်အတွက် ပုံပြင်များ၊ ဒဏ္ဍာရီများ စသည့် ကလေး စာပေများကို မပြတ်မလပ် ရေးသားခဲ့သည်။ ဂန္ထဝင် မြန်မာ့ရိုးရာဒဏ္ဍာရီများ၊ မြန်မာ့ရိုးရာပုံပြင်စာအုပ် များကို ဖတ်ရှု၍ မြန်မာ့ဓလေ့ရိုးရာများကိုလည်း မပျောက်ပျက်အောင် လက်ဆင့်ကမ်းပေးထားသည်။ ထို့ပြင် ကလောင်သွေးသူများ လေ့လာနိုင်ရန်အတွက် ‘စာရေးနည်းလမ်းညွှန်’ (ကလောင်စုံ) စာအုပ်တွင် လမ်းညွှန်များ ပို့ချပေးထားသည်ကို ဖတ်ရှုရပါသည်။ အရွယ်သုံးပါးစလုံးအတွက်   စာပေအမျိုးအစားစုံ ရေးသားခဲ့သည်။   ဆရာကြီးသည်   ထိုထိုသော စာပေမျိုးစုံ၊ လူနေမှုဘဝသရုပ်များ၊ သမိုင်းကြောင်း များကို ပိုင်နိုင်စွာ စုတ်ချက်ပီပီ ရေးသားနိုင်သည့် တစ်ဦးတည်းသော စွယ်စုံရစာရေးဆရာကြီး ဖြစ်ပေ သည်။ ထို့ကြောင့် ကျွန်မသည် ဆရာကြီးအကြောင်းကို ရေးသားရန် မည်သို့ပင် မချင့်မရဲဖြစ်စေခဲ့ကာမူ ရေးသား ခွင့်ရသည့်အတွက် အစဉ်မမေ့ ဂုဏ်ယူမဆုံးဖြစ်ရပါ သည်။ 
ကျေးဇူးပြုခွင့်ရခြင်း
ယခုအခါ စာပေဗိမာန်ထုတ် စာကောင်းစာမွန်များ ကို ပြန်လည်ထုတ်ဝေရန် အစီအစဉ်ဖြင့် ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း၏   ကျေးလက်ရိုးရာ မြန်မာမှုဓလေ့များစာအုပ်၊ ဆရာကြီး  ပါဝင်ရေးသား ထားသည့် ရိုးရာပုံပြင်       စာပေစာတမ်းများ စာအုပ်နှင့်   ဝတ္ထုတိုစာတမ်းများစာအုပ်တို့ကို  ပြန်လည်ရိုက်နှိပ် ထုတ်ဝေကာ ဆရာကြီး၏ပညာအမွေကို လက်ဆင့် ကမ်းဝေမျှလျက် စာပေဗိမာန်မိသားစုက ဦးထိပ် ပန်ဆင်  ကန်တော့လိုက်ရပါသည်။  ဆရာကြီးကို  ကိုယ်တိုင်ကိုယ်ကျ ဂါရဝပြုခွင့်မရ လိုက်သော်လည်း ဆရာကြီး၏    အနုပညာစာပေ     အမွေများကို ဤဆောင်းပါးဖြင့် ဂုဏ်ပြုရေးသားလိုက်ရပါတော့  သည်။       ။

ရည်ညွှန်းကိုးကား 
၁။    မြန်မာစာပေအဘိဓာန် (မလိခ) 
၂။    ကိုဆေးရိုးကို ဖန်တီးသူ၊ ဘဝသရုပ်ဖော် သက်တော်ရှည်စာရေးဆရာကြီး ဆင်ဖြူကျွန်း အောင်သိန်း၊ စံတော်ချိန်သတင်းစာ၊ (၄-၇-၂၀၂၁) (ဆရာမောင်ခေတ်ထွန်း)
၃။    မြန်မာဝတ္ထုအညွှန်း (မလိခ) 
၄။    စာရေးဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း (၁၉၂၈-၂၀၂၁)၊ မြန်မာ့အလင်းသတင်းစာ (၁၆-၇-၂၀၂၁)
၅။    နှစ်ဆယ်ရာစု မြန်မာစာရေးဆရာများနှင့် စာစုစာရင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန (၂၀၀၃)
၆။    ၁၉၉ဝ၊ ၁၉၉၆၊ ၂၀၀၅ ခုနှစ်များအတွက် အမျိုးသားစာပေဆု လက်ကမ်းစာအုပ်များ
၇။    ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း ရေးသား ခဲ့သော စာအုပ်များ
၈။    ဆရာ မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်) ၏ ကျွန်တော်နှင့် စာရေးဆရာများ၊   လူမှု  ကွန်ရက်စာမျက်နှာ (ကနောင်စက်မှုစီးပွား ဂျာနယ်)
၉။    မှတ်တမ်းဓာတ်ပုံများကို    အင်တာနက် စာမျက်နှာမှ အသုံးပြုထားခြင်းဖြစ်ပါသည်။