ဒေသအလိုက် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်းသည်လည်း ဝန်ဆောင်မှုကဏ္ဍတွင် ပါဝင်ခြင်း ကြောင့် အားပေးမြှင့်တင်သွားရန် လိုအပ်သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်မီက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း အခြေအနေမှာ တိုးတက်မှုနှင့် အလားအလာအရှိဆုံး အနေ အထားအထိ ရောက်ရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် အစောပိုင်း ကာလတွင် ကိုဗစ်-၁၉ ရောဂါ ဝင်ရောက်လာခဲ့ပြီးနောက် အခြေ အနေကောင်းများအားလုံးကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
မီးခိုးမထွက်သောစက်ရုံဟု တင်စားခေါ်ဝေါ်ကြသည့် ခရီးသွားလုပ်ငန်းသည် အောင်မြင်ဖြစ်ထွန်းသည်နှင့်အမျှ နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုနိုင်သည့် အလျောက် ကိုဗစ်-၁၉ ကပ်ရောဂါကို ကောင်းစွာထိန်းချုပ်လာ နိုင်သည့်အချိန်မှစ၍ နိုင်ငံအသီးသီးတို့က ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းခဲ့ကြပြီး ဝင်ငွေများစွာရရှိနေကြပြီ ဖြစ်ကြောင်း သတင်းများတွင် တွေ့ရှိရသည်။ မိမိတို့နိုင်ငံသည် ခရီးသွားလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အရင်းအမြစ်ကောင်း များစွာပိုင်ဆိုင်ထားရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တို့တွင် မတူကွဲပြားထူးခြားလှပသည့် သဘာဝပတ်ဝန်းကျင်များ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ဒေသခံပြည်သူတို့၏ လူနေမှုဘဝများ၊ ထူးခြားသည့် ဓလေ့ထုံးစံများနှင့် ရိုးရာပွဲတော် များ၊ အမျိုးအမည်စုံလင်သည့် စားသောက်ဖွယ်ရာများနှင့် လက်မှု အနုပညာများ စသည်တို့ကို ကိုယ်စီပိုင်ဆိုင်ထားကြခြင်းဖြစ်ရာ ဈေးကွက်မြှင့်တင် ဖော်ထုတ်လုပ်ကိုင်ခြင်းဖြင့် အကျိုးကျေးဇူး များစွာ ထွက်ပေါ်လာမည်ဖြစ်သည်။
“ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်းသည် လည်း မီးခိုးမထွက်သည့် စက်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး ဒေသတွင်း သို့ ပြည်တွင်းပြည်ပမှ ခရီးသွားများ ဝင်ရောက်ခြင်းဖြင့် ဒေသ အကျိုးစီးပွားကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သောကြောင့် အားပေး မြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ကြောင့် ဒေသအလိုက် သန့်ရှင်းသာယာလှပမှု ရှိစေရေး၊ တည်းခိုနေထိုင်ရေး၊ ဒေသ အစားအစာများ၊ ဒေသထွက်လက်ဆောင်ပစ္စည်းများ ရောင်းချ နိုင်ရေး၊ ဝန်ဆောင်မှု အပြည့်အဝပေးနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားရန်လိုကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ဩဂုတ်လ ၉ ရက်နေ့ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် တိုင်းဥက္ကဋ္ဌများအား နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဆောင်ရွက်သင့်သည်များကို တွေ့ဆုံဆွေးနွေးရာတွင် မှာကြားခဲ့သည်။
ခရီးသွားလုပ်ငန်းယန္တရားကောင်းမွန်စွာ လည်ပတ်လာသည့် အခါတွင် ဆက်စပ်နေသည့် ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ဧည့်လမ်းညွှန်လုပ်ငန်းများ၊ စားသောက်ဆိုင်နှင့် ဖျော်ဖြေရေးလုပ်ငန်းများ၊ ဒေသထွက်ကုန် လုပ်ငန်းများ၊ အမှတ်တရပစ္စည်းလုပ်ငန်းများ အစရှိသည့် လုပ်ငန်း များပါ လိုက်ပါဖွံ့ဖြိုးလာကြပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာ ကို ဖန်တီးပေးနိုင်သလို ဒေသဝင်ငွေနှင့် ဒေသခံပြည်သူတို့၏ လူနေမှုကိုလည်း မြင့်မားလာစေသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားမီ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ခရီးသည်ဝင်ရောက် မှု ၄ ဒသမ ၃၆ သန်းရှိခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံကျော် ရရှိခဲ့သည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် က ထုတ်ပြန်သည့် တစ်နှစ်တာကာလအတွင်း တိုးတက်မှုနှင့် အလားအလာအရှိဆုံးနိုင်ငံစာရင်းတွင်လည်း တိုးတက်မှုရာခိုင် နှုန်း ၄၀ ကျော်ဖြင့် ထိပ်ဆုံးတွင် ပါဝင်နိုင်ခဲ့သည်။
ပြည်တွင်း ပြည်ပ ခရီးသွားလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း ရေးအတွက် နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်မှုများရရှိထားရန် လိုသည်။ ကျောင်းပိတ်၊ ရုံးပိတ်ရက်များနှင့် ခြောက်သွေ့အေးမြ သည့် ခရီးသွားရာသီမှာလည်း ကျရောက်လာတော့မည်ဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ခရီးသွားလုပ်ငန်းများ ရာသီအချိန်မီ လည်ပတ်လုပ်ကိုင်နိုင်ရေး၊ ဒေသ၏ သဘာဝ ပတ်ဝန်းကျင်များနှင့် မြို့ရွာများအလိုက် သန့်ရှင်းသာယာလှပမှု များဖြင့် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်နိုင်ကြပါစေကြောင်း။ ။