
ချစ်နိုင်(စိတ်ပညာ)
အဖွင့်
စာဖတ်သူများ သိပြီးသားတွေပါပဲ။ ဝေါဟာရသဘောထက် ဘဝအတွက် တကယ့်လက်တွေ့ အကျိုးရှိ၊ အသုံးကျတဲ့ အတွေးအမြင် အမူအကျင့်ရအောင် ဆွေးနွေးတင်ပြချင်လို့ ဒီဆောင်းပါးကို ရေးပါ တယ်။ အခုတလော ညစဉ်လိုလို ရုပ်မြင်သံကြားလိုင်းတွေက ပြသတဲ့ ကိုရီးယား၊ အင်္ဂလိပ်၊ ဟောင်ကောင်၊ တရုတ်၊ အိန္ဒိယ၊ အမေရိကန်ရုပ်ရှင် ဇာတ်ကားအမျိုးမျိုးကို တစ်ခုမဟုတ် တစ်ခုကြည့်ဖြစ်တယ်။ ခေတ်ဟောင်းကား၊ ရာဇဝင်ကား၊ ခေတ်သစ်ကား မျိုးစုံပါပဲ။ အပစ် အခတ်၊ အပြေးအလွှား၊ အထိုးအကြိတ်တွေကော၊ ဘဝသရုပ်ဖော်ကော၊ အချစ် အလွမ်းကော၊ ရသစုံစုံ ခံစားမိပါတယ်။
ဇာတ်ကောင်တွေ၊ ဇာတ်လမ်းတွေ ကြည့်ရင်းကြည့်ရင်းနဲ့ပဲ လူ့သဘော လူ့သဘာဝကိုလည်း တရားသဘော တွေးတောဆင်ခြင်မိ တဲ့အခါတွေလည်း ရှိပါတယ်။ ဇာတ်လမ်း ဇာတ်ကွက်တွေက အကြောင်းနဲ့ အကျိုးဆက်နဲ့ ဖြစ်ပျက်နေတာတွေကို ပရိသတ် ခံစားရလေအောင် တင်ဆက်ဖွဲ့နွဲ့ထားတာမဟုတ်လား။
အရင်းအမြစ်က သိတဲ့အတိုင်း နှစ်ချက်ပဲလေ။ မသိမှုနဲ့ တပ်မက်ကပ်ငြိမှုပေပေါ့။
ပါဠိလိုပြောမှ ပေါ်လွင်မယ်ထင်သူအချို့အတွက် ထပ်ပြောရရင် အဝိဇ္ဇာနဲ့တဏှာဆိုတဲ့ အရင်းမူလ နှစ်ခုမှာ မြစ်ဖျားခံကြတာပဲပေါ့။ ဆိုးဆိုးရွားရွား ဆင်းရဲဒုက္ခရောက်ရတာတွေ၊ ပူလောင်ကြေကွဲကြရဖို့ ဖြစ်ပေါ်လာတာတွေဆိုရင်တော့ ဒေါသ၊ လောဘ၊ မောဟဆိုတဲ့ ဟိတ်သဘော၊ အကုသိုလ်စေတသိက်၊ အကုသိုလ်ဟိတ်တွေ တစ်ခုခုတော့ ပါလာပြီ။ သူတို့မွှေရင် ဇာတ်ကနာပြီလေ။ ဝေဒနာ၊ ဒုက္ခ၊ ဒေါမနဿ၊ ခုပါယသံတွေဆက်ပြီး အကျိုးဆက် ဒိုမီနိုသီအိုရီလို ပြိုလဲရပြီပေါ့။ သူဟာ ဆင်းရဲမယ်၊ ပူဆွေးရမယ်၊ ငိုကြွေးရမယ်။ သောကပရိဒေဝတွေ လောင်မြိုက်ကြရပေမှာပဲ။
ဇာတ်လမ်းဇာတ်ဆောင်
ဇာတ်လမ်းလည်း ကောင်းတယ်၊ ဇာတ်ကောင်တွေက သရုပ် ဆောင်တာလည်း သဘာဝသိပ်ကျတယ်။ ကြည့်ရင်းနဲ့ ကိုယ်ပါ မြောပါသွားမိတယ်ဆိုရင် မျက်ရည်တောင်ဝိုင်းမိပါရဲ့။ သနားမိတယ်။ စိတ်ထိခိုက်ခံစားရတယ်။ တကယ်တော့ ဘာမှမဆန်းဘူး။ လောဘ၊ လိုချင်တပ်မက်မှု များရင် များသလောက်၊ ကြီးမားရင် ကြီးမား သလောက် သူ့ရဲ့ နောက်ဆက်တွဲ ပါမှာပဲ။ သိပ်ချစ်ရင် စိတ်ညစ်ရမှာပဲ။ အမုန်းတွေ ဒေါသတွေ မကျေနပ်မှု၊ ကလဲ့စားချေမှု၊ နှိပ်စက်ကြမ်းတမ်း မှု၊ အပြန်အလှန် တိုက်ခိုက်မှုတွေပါလာရင် မီးခိုးမဆုံး မိုးမဆုံး အမုန်း သံသရာတွေ လည်ကြတော့တာပဲ။
ဒေါသဆိုတာ ယေဘုယျမကောင်းမှန်းတော့ ကျွန်တော်တို့ သိသလိုလို ပါပဲ။ သို့သော် မောဟဖုံးတော့မမြင်ဘူး၊ မဆင်ခြင်နိုင်ဘူး။ ဒေါသက မွှန်တယ်။ အတွေးမှားစေတယ်။ အမြင်လွဲချော်စေတယ်။ စိတ်ထင်ရာစိုင်းမိတတ်တယ်။ စိတ်လိုက်မာန်ပါ ဆုံးဖြတ်တဲ့အခါ လွဲမှားတာကိုပဲ ရွေးချယ်မိစမြဲ။ ပုထုဇဉ် အမိုက်တွေဟာ ဒေါသပူးရင် အရူးဖြစ်ပြီး အပြစ်တွေ လုပ်မိပါလေရော။ အသက်ကြီးတာ ငယ်တာ နဲ့လည်း မဆိုင်ဘူး။ ရာထူးကြီးတာ ငယ်တာနဲ့လည်း မဆက်စပ်ဘူး။
ဒေါသနဲ့ တွေးသမျှ၊ ဒေါသနဲ့ပြောသမျှ၊ ဒေါသနဲ့လုပ်သမျှဟာ အလွဲလွဲ အမှားမှား။ မပြောသင့်၊ မပြုသင့်တဲ့ အရာမျိုးတွေချည်းပဲပေါ့။ ဒေါသ ဆိုတဲ့ ပါဠိဝေါဟာရရဲ့ အနက်အဓိပ္ပာယ်က (၁) စိတ်ဆိုးခြင်း၊ အမျက် ထွက်ခြင်း၊ စိတ်တိုခြင်းအပြင် (၂) အပြစ်၊ အနာအဆာဆိုတဲ့ ဆိုလိုချက်လည်း သက်ရောက်ပါသေးတယ်။
အကြောင်းခံ
ရုပ်ရှင်ဇာတ်လမ်းဇာတ်ကွက်တွေထဲမှာ သတ်ကြဖြတ်ကြ၊ သေကြ ကျေကြ၊ ငိုကြယိုကြ ဖြစ်ပေါ်ရသမျှဟာ ဒေါသအကြောင်းခံတွေ ဖြစ်ကြတာကို သာဓကတင်နေသလို ကြည့်မြင်နေရတယ်။ ဒေါသ စေတသိက် ဒေါသဟိတ်ကြောင့် အကျိုးဆက်တွေဟာ သူသူငါငါ အပြစ်တွေပဲ ခံစားရတာပဲ။
ဒေါသမူ- ဇောဟာ ဘာကြောင့် ဖြစ်ရသလဲ။ အကြောင်းရင်းစစ်ရင် အယောနိသော မနဿီကာရကြောင့်လို့ စာပေတွေထဲမှာ ဆိုတယ်။ မိမိလည်း စိတ်ဆိုးဖူးတာပဲ။ စိတ်တိုဖူးတာပဲ။ ဒေါသကြီးမိတာ၊ ဒေါသတကြီး ပြောဆိုမိတာ ရှိခဲ့မိပါရဲ့။ အဲဒါက မိမိရှုမြင်ပုံ နှလုံးသွင်းမှု အံမကျလို့ ဖြစ်ရတယ်ဆိုတာကိုတော့ ဆရာထင်လင်း ဘာသာပြန်တဲ့ ပေါ်လီယာနာဝတ္ထုကို ဖတ်မိလိုက်မှ သဘောပေါက်ခဲ့ရတယ်။
ပေါ်လီယာနာဝတ္ထုကို မှီငြမ်းမြန်မာမှုပြုပြီး မြန်မာ့ရုပ်ရှင်ဇာတ် ကားတစ်ကားရှိခဲ့ဖူးတယ်။ ဒါရိုက်တာ မောင်လှဝေ (ဒါရိုက်တာ ဦးချစ်ခင်ရဲ့သား)က ရိုက်ခဲ့တာလို့ ထင်တာပဲ။ ဇာတ်ကားအမည်က မေတ္တာရှင်မလေးငြိမ်းငြိမ်းအိတဲ့။ သရုပ်ဆောင် ကလေးမလေး အင်္ဂလန်စိန်ဟာ အဲဒီနှစ် ရုပ်ရှင်ဆုပေးပွဲမှာ ကလေးသရုပ်ဆောင် အကယ်ဒမီဆုရခဲ့တယ်။ အကယ်ဒမီငြိမ်းငြိမ်းအိဆိုပြီး နာမည်ကျော် သွားခဲ့တယ်။ ထားပါစို့။
ဒေါသနည်းရင် နည်းသလောက် အကျိုးရှိတယ်။
ဒေါသကြီးရင် ကြီးသလောက် အပြစ်ဖြစ်ရတယ်။
ဒေါသများရင် အန္တရာယ် ပိုတတ်တယ်။
ပူလောင်ဖျက်ဆီး
ဒေါသဖြစ်တဲ့ ခံစားမှုဟာ ပထမဆုံး ဦးစွာနှိပ်စက်ဖိစီးတာကတော့ မိမိခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပုံမှန်မဟုတ်အောင် ပူလောင် ဖျက်ဆီးခြင်းပါပဲ။
နှလုံးခုန်မြန်လာမယ်။ ဒုန်းဒုန်း-ဒုန်းဒုန်း။
သွေးတိုးနှုန်းမြင့်လာမယ်။
ခေါင်းကိုက်စေမယ်။ ခေါင်းမူးချင်တယ်။
ဇက်ကြောတွေထိုးမယ်။
ကြွက်သားတွေတင်းမာပြီး နေလို့ထိုင်လို့က မကောင်းတော့ဘူး ဖြစ်မယ်။ မျက်လုံး ကျယ်လာမယ်။ မျက်လုံးနီလာမယ်။ နှုတ်ခမ်း ခြောက်လာမယ်။ ရင်ပူလာမယ်။ တွေးလေတွေးလေ စိတ်တိုတဲ့ အရှိန်မြင့်လေလေ ပေါက်ကွဲချင်လေလေပဲ။ ရန်ရှာချင်တယ်။ လောက ကြီးဟာ ပူလောင်ခြောက်သွေ့တယ်။
မြင်မြင်သမျှအရာရာဟာ အကျည်းတန်တယ်။ အသံတွေဟာ နားဝင်ဆိုးတယ်။ အရောင်တွေဟာ အလိုမကျစရာ မြင်နေရတယ်။ လူတွေဟာမကောင်းပါဘူးလို့ သိမ်းကျုံးပြီး ထင်မြင်ယူဆလာတယ်။
ဒေါသရဲ့ အပြစ်ကိုမြင်အောင် သတိနဲ့ ဆင်ခြင်ကြည့်နိုင်ရင်တော့ ကောင်းတယ်။ သို့မဟုတ်ရင် အကျိုးဆက်တွေ ပိုပိုဆိုးမယ်။
လူတစ်ယောက် ဆယ်မိနစ်လောက် စိတ်တိုဒေါသထွက်လို့ ကုန်ဆုံးတဲ့ အင်အားဟာ မီတာ ၃၀၀၀ ပြေးလို့ ကုန်ဆုံးသွားတဲ့ အင်အားနဲ့ ညီမျှတယ်လို့ စိတ်ပညာရှင်တွေ့ရဲ့ သုတေသန လေ့လာ ချက်အရ တွေ့ရှိခဲ့ရပါတယ်။ စေတနာနဲ့ ပြောနေတာပါ။ ဆရာ လုပ်တယ်မထင်ပါနဲ့။
ဒေါသထွက်ရင် ရောဂါရတယ်။
ဒေါသထွက်ရင် ရုပ်ဆိုးသွားတယ်။
ဒေါသမကြာခဏထွက်သူဟာ အိုစာလွယ်တယ်။
အိုမင်းရုံမက၊ စိတ်တိုဒေါသဖြစ်ချိန်မှာ ခန္ဓာကိုယ်တွင်းတုံ့ပြန်မှုက ပြင်းထန်တာမို့ ဆဲလ်တွေ၊ အရည်တွေ၊ ဓာတ်တွေဟာ တခြားအချိန် တွေထက် ကစဉ့်ကလျားဖြစ်ပြီး အဆိပ်တွေကို ထုတ်လွှတ်ပေးတတ်ပါ သတဲ့။
လူညစ်လူလိမ်
ရွဲကုန်သည်ဇာတ်မှာ ရွှေခွက်ကိုရသင့်လျက်နဲ့ မရလိုက်လေခြင်း ဆိုပြီး ဒေါသခံပြင်းစိတ်နဲ့ ဘုရားအလောင်းကို သတ်မယ်အပြေး လိုက်လာတဲ့ ဒေဝဒဂ်လောင်းဟာ မြစ်ဆိပ်ကမ်းမှာ ထွက်ခွာသွားလို့ ရေလယ်ရောက်နေပြီဖြစ်တဲ့ဘုရားအလောင်းကို (လိုက်စရာလှေလည်း တစ်စင်းမှမမြင်ရ) ဒေါသပြင်းထန်စွာ ထွက်လွန်းလို့ “ဟေ့ကောင်၊ ငါ့ရွှေခွက်ပေးကွ။ အဲဒါငါရရမယ့်ရွှေခွက်ဟ” အသံကုန် အော်ဟစ် ပြေးလွှားနေရင်း သွေးပွက်ပွက်အန်ကာ လဲသေသွားရတယ်။
ဒေါသစိတ်က မိမိကိုယ်ကို အဆိပ်သင့်စေတယ်။ ရောဂါတွေကို ဖိတ်ခေါ်ပေလိမ့်မယ်။ ရူးသွပ်မှုတစ်မျိုးပဲ။ သတိထားပြီးကြည့်လိုက်ကြ။ စိတ်တို ဒေါသထွက်တယ်ဆိုတာ ကိုယ့်အမှားတစ်ခုခုဖြစ်စေ၊ သူတစ်ပါး မှား၊ ချွတ်ယွင်းမှု၊ ချို့တဲ့မှု၊ နားမလည်မှုတစ်ခုခုဖြစ်စေ အမှန်အကန် နှလုံးသွင်းနိုင်ခြင်းမရှိမှုကြောင့် တောက်လောင်ရတဲ့ အပူမီးပဲ။
ဘာအတွက်စိတ်တိုရမှာလဲ။
ဘာကြောင့် ဒေါသကြီးရမှာလဲ။
ဒေါသထွက်ရင် ကိုယ်ပဲဒုက္ခတွေ့ရမှာ သေချာနေတာကို ဘာလို့ စိတ်မထိန်းရမှာလဲ။ စိတ်ကိုထိန်းပါ။
ဒေါသဆိုတာအပြင်ကိုထွက်လာတဲ့ အပြောအဆို အပြုအမူကို ခေါ်တာပါ။ စိတ်ထဲမှာပဲ ရှိသေးရင် ကောဓလို့ ခေါ်ပါတယ်။ ရင်ထဲက အမျက်၊ အလိုမကျဖြစ်တဲ့ခံစားမှုပေါ့။ ကောဓကို ဒေါသသို့ မကူးစက် အောင် မိမိဘာသာ ပညာနဲ့သတိနဲ့ ထိန်းနိုင်ငြိမ်းနိုင်ရင် လူတော်ပဲ။
လူညံ့များ
ဒေါသလွယ်လွယ်ထွက်တတ်သူ၊ မကြာခဏဒေါသဖြစ်တတ်သူ၊ ဒေါသကြီးပြီး ရမ်းတတ်သူဟာ ဉာဏ်ပညာနည်းပါးတဲ့ လူညံ့ပါပဲ။ အညံ့စားလူတစ်ယောက်ရဲ့ လက္ခဏာပဲ။ အသက်တိုမယ်၊ ဒုက္ခတွေ့ မယ်။ ပြဿနာမျိုးစုံ ထွေးလုံးရစ်ပတ်ကြုံမယ့် လူမျိုးပေပဲ။
ဓားကိုဖျက်တာ ဝါးမျက်။
လူကိုဖျက်တာ အမျက်။ တုံးပြီပေါ့။ အသုံးမကျတဲ့ လူစားပဲဖြစ်ပေ တော့မယ်။
ကောင်းကျိုးမပေးတဲ့ဒေါသကို မပေါင်းရဘူး။ မယှဉ်တွဲရဘူး။ ရှောင်ရမယ်။ သတိနဲ့ ဝေးဝေးက ကွေ့ကွင်းနိုင်ရမယ်။ ဘယ်လို ရှောင်ရှားမလဲ။
ဒေါသရဲ့ ဆန့်ကျင်ဘက် အဒေါသဆိုတဲ့ တရားရှိနေတယ်။
ဒေါသရှိသမျှ အဒေါသ မကိန်းနိုင်ဘူး။
အဒေါသရှိနေရင် ဒေါသမလာနိုင်တော့ဘူး။
အဒေါသ ဆိုတာ ဘာလဲ။
မေတ္တာနာမ အထသော အဒေါသော။
ဒေါသကင်းစင်သော အရာက မေတ္တာပါပဲတဲ့။
ဒေါသက မီးဆိုရင် မေတ္တာက ရေစင်လိုပေါ့။
မီးနဲ့ရေ
မေတ္တာဗြဟ္မစိုရ် တရား ၄ ပါးရှိတယ်။ အားလုံးသိထားကြပြီးသားပါ။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတဲ့။ တန်းတူဆိုလျှင် မေတ္တာဝင်ပါ။ ဆင်းရဲနိမ့်ကျသူဆိုရင် ကရုဏာစိတ် နဲ့ ပြောဆိုပြုမူ ကူညီအားပေးပါ၊ ထောက်ပံ့ပါ။ မိမိထက်သာသူမြင်ရလျှင် ဝမ်းမြောက်ပါ။ ကောင်းလေစွ လို့ မှတ်ယူပါ။ ချီးကျူးပါ။ မုဒိတာစိတ်မွေးမြူနိုင်ပါစေ။ (အကယ်၍ မမွေးနိုင်ရင် မနာလို စိတ်ဝင်လာတတ်တယ်) မုဒိတာက ကုသိုလ်စိတ်၊ ဣဿမစ္ဆရိယက အကုသိုလ်စိတ်။
အခါတစ်ပါးမှာ သိကြားမင်းက မြတ်စွာဘုရားသခင်ကို လျှောက်ထားမေးမြန်းတယ်။ လူတွေဟာ စိတ်အေးချမ်းသာနေလိုကြပါ လျက်နဲ့ ဘာကြောင့်များ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ပူလောင်ပင်ပန်း စိတ်မချမ်း မသာဖြစ်နေကြရသလဲ ဘုရားတဲ့။
(ဟုတ်တာပေါ့၊ အေးချမ်းသာယာနေချင်ကြတာ မှန်ပါလျက် မအေးချမ်းနိုင်ကြဘဲကိုး)
မြတ်စွာဘုရားက ဖြေကြားတယ်။
(လူတွေစိတ်ဆင်းရဲကြရခြင်းရဲ့ အကြောင်းရင်းတရားကတော့ ကျွန်တော်ဟာ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အကုသိုလ်ဟိတ် ၃ ပါးကြောင့်လို့ အရင်ကထင်ထားမိတာလေ။ ဟာ.. လွဲသဗျာ။) ဣဿ ဆိုတဲ့ မနာလိုခြင်းနဲ့ မစ္ဆရိယဆိုတဲ့ ဝန်တိုခြင်းအခြေခံစိတ်ထားကြောင့် ပဲဖြစ်တယ်။ အကယ်၍ အမှန်တကယ် စိတ်ချမ်းသာချင်လို့ရှိရင် အင်မတန် လွယ်ကူတယ်။ ဣဿနဲ့ မစ္ဆရိယတို့ ကင်းရှင်းပါစေတဲ့။ ဘုရားရှင် ဟောကြား အရှင်းသား။
သက္ကပညှသုတ်ကိုအနှစ်ထုတ်ပြီး မဟာစည်ဆရာတော်ဘုရား ကြီးက ဒီလို ဆိုမိန့်တော်မူခဲ့တယ်။
“မနာလိုကင်း၊ ဝန်တိုရှင်း၊ ချက်ချင်းချမ်းသာမည်” တဲ့။ ဆရာတော် သံဃာတော်များက မကြာခဏထည့်သွင်းဟောကြားတော်မူကြတာ နာကြားရဖူးပါတယ်။
စိတ်ချမ်းသာ ကိုယ်ချမ်းသာနေလိုပါက လောကဓံတရား အကောင်းအဆိုးများက ဘယ်လိုဘယ်ပုံပင် ဖိစီးဆွဲဆောင်သည်ပင် ဖြစ်စေ၊ မေတ္တာဘာဝနာပွားရင် သို့မဟုတ် နေ့ညဉ့်မပြတ် မေတ္တသုတ် ကို ရွတ်ဆိုရင် ကောင်းကျိုး ၁၁ ပါး မတောင်းဆိုရဘဲ ပြည့်စုံတယ်။ (အကျယ် မဖော်ပြတော့ပါ)။ သာဓုပါဘုရား။
မေတ္တသုတ်ကို ရွတ်ဆိုပွားများမယ်။ မေတ္တာဘာဝနာ၊ မေတ္တာ ကမ္မဋ္ဌာန်းစီးဖြန်းမယ် ဆိုရင်တော့ ဦးစွာပထမပြည့်စုံရမယ့် အခြေခံ ၁၅ ချက်လောက် ရှိပါသေးတယ်။ ဘာတွေလဲ။ မေတ္တသုတ်ထဲမှာ ပါ ပြီးသားပါ။ (လျှာရှည်တယ်အောက်မေ့ရင်လည်းခွင့်လွှတ်ပါ။ မြန်မာ လိုရှင်းရှင်းလင်းလင်းသိမှ ပြည့်စုံအောင် ကြိုတင်ဖြည့်ဆည်းရမှာမို့ အရေးကြီးလို့ ဒါလေးကိုဖော်ပြခွင့်ပြုပါနော်)။
ပြည့်စုံရမှာ
မေတ္တာမပွားခင် ကြိုတင်ပြင်ဆင်ဖြည့်ဆည်းထားရန် လိုအပ်မယ့် အခြေခံအချက်များမှာ
၁။ ပြုနိုင်စွမ်းရှိသူဖြစ်ရမယ် (သက္ကော )
၂။ ဖြောင့်မတ်ရမယ် (ဥဇူ စ)
၃။ ကောင်းစွာဖြောင့်မှန်ရမယ် (သုဟုဇူ စ)
၄။ ဆိုဆုံးမလွယ်သူဖြစ်ရမယ် (ခေါင်းမမာရ)
၅။ နူးညံ့သိမ်မွေ့ရာ၏ (မတင်းမာရ)
၆။ မာန်မာနမထားရာ (မထောင်လွှားရ)
၇။ ရောင့်ရဲလွယ်ရာ၏
၈။ သူတစ်ပါးတို့ ပြုစုမွေးမြူလွယ်သူမျိုးဖြစ်ရာ၏
၉။ ကိစ္စနည်းစေရာ၏
၁၀။ အသက်မွေးမှုပေါ့ပါးခြင်းရှိရာ၏
၁၁။ မျက်စိစသော ဣန္ဒြေများတည်ငြိမ်ရာ၏
၁၂။ ရင့်ကျက်သောပညာရှိရာ၏
၁၃။ အမူအရာ မကြမ်းတမ်းစေရာ
၁၄။ တပည့် ဒကာ၊ ဆွေမျိုးများအပေါ်မှာ သံယောဇဉ် ငြိတွယ် လွန်းခြင်းမဖြစ်စေရ
၁၅။ ပညာရှိများကဲ့ရဲ့ဖွယ် မကောင်းမှုတစ်စုံတစ်ခုကို အနည်းငယ် မျှပင် မပြုကျင့်ရာ။
စသည်တို့ ဖြစ်ပါတယ်။
အစွမ်းကုန်ဖြူစင်သန့်ရှင်းနေမှ မေတ္တာပို့လွှတ်တဲ့ အရှိန်စွမ်းအား သတ္တိတန်ခိုးရှိပေမှာပေါ့။ ထိရောက်မှာပေါ့။ ဒေါသရဲ့ အပြစ်ကို မြင်အောင်ကြည့်ပါ။ မေတ္တာရဲ့အကျိုးကို သိအောင်ကျင့်ပါ။ ဘဝဆိုတာ တန်ဖိုးရှိသွားပေမှာပဲလေ။
(မဖြောင့်မတ်ခဲ့လို့ ဒုက္ခနဲ့ လှလှတွေ့နေကြရတာလေ။ ဆက်ပြီး သူတစ်ပါးကို အပြစ်ရှာ ရန်လုပ်၊ ဒုက္ခပေးနေသမျှ ပိုဆိုးနေမှာပဲ။) သိရုံ မျှမက ကျင့်ကြမှ လောကသာယာမယ်။
မေတ္တသုတ်ထဲမှာပါတာ သိမှတ်စရာရှိပါသေးတယ်။
“မှားတဲ့အယူဝါဒကို လက်မခံနှင့်။ ကိုယ်ကျင့်သီလရှိရာ၏။ မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံရာ၏။ ကိလေသာအာရုံတို့၌ တပ်မက် နှစ်သက်ခြင်းကို ပယ်ဖျောက်ရာ၏”တဲ့။ ကဲ,သိကြရပါပြီ။ လောကမှာ သီလရဲ့ ဂုဏ်ကျေးဇူးဟာ ထူးခြားမြင့်မားတယ်။ မှန်ကန်တဲ့ သစ္စာ တရားဟာ ကောင်းမြတ်လှတယ်။ မေတ္တာ(ပို့)ပွားများခြင်းဟာ မိမိနဲ့ တကွသော လောကကို ကောင်းကျိုးချမ်းသာဆောင်ခြင်း ဖြစ်ပါတယ်။ တစ်ခုစဉ်းစားမိလာတာက (ယခင်လုံးဝသတိမထားမိခဲ့ဖူးပါ) သီလ ကင်းမဲ့သူ၊ သစ္စာမရှိသူ အကြင်လူ အကြမ်းသမားပုဂ္ဂိုလ်အချို့ဟာ မေတ္တာသဘောထား (အဒေါသော)နဲ့ ဝေးကွာခဲ့ပြီး ဒေါသနဲ့နေ၊ ဒေါသနဲ့ သေကြရမှာပါတကား။ သနားစရာကရုဏာ သက်မိပါရဲ့။ ဘယ်သူမပြု မိမိမှု ပါလေ။
အပိတ်
ချစ်မိတ်ဆွေတို့၊ သီလဖြည့်ဆည်းကြပါ။ သစ္စာရှိကြ စောင့်သိကြပါ။ မေတ္တာပွားရာ စွမ်းအားထက်မြက်ပါလိမ့်မယ်။
မေတ္တာဖြန်းမှ လန်းဆန်းကြပေမယ်။ လောကကောင်းကျိုးကိုသယ်ပိုးရွက်ဆောင် အောင်မြင်ကြပါစေ။ ။
- Log in to post comments