ဒေသထွက်လက်ဖက်နှင့် သစ်သီးများ တန်ဖိုးမြှင့်ထုတ်လုပ်ပေးမည့် စက်ရုံ

 

လက်ဖက်သည်  မြန်မာ့ယဉ်ကျေးမှုနှင့်  နေ့စဉ်လူမှုဘဝတို့တွင် သာမန်စားသောက်ဖွယ်ရာ   တစ်ခုထက်ပို၍  အရေးပါသည်။ အရွက်မှာ   လက်ဖက်၊   နတ်သစ်ရွက်ဟူသော  ဆိုရိုးနှင့်အညီ လက်ဖက်ကို အစို၊ အခြောက်(အခါးခြောက်၊ အချိုခြောက်)အဖြစ် ထုတ်လုပ်၍ နှစ်သက်စွာ စားသောက်ခဲ့ကြရာ မြန်မာ့လက်ဖက် သည်  နှစ်ပေါင်းထောင်ချီသည့် သမိုင်းကြောင်းရှိသော စားသုံး ကုန်ဖြစ်သည်။ သို့ရာတွင် ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း လက်ဖက်ဈေးကွက် ကျဆင်းခဲ့ရာ အဓိကအကြောင်းများတွင် ပြည်တွင်းလက်ဖက်ထုတ်ကုန်များ၏ အရည်အသွေး အားနည်း ချက်နှင့် တရုတ်၊ ဗီယက်နမ် စသည့်ပြည်ပနိုင်ငံများမှ တင်သွင်း လာသည့် လက်ဖက်ထုတ်ကုန်များကို ဈေးကွက်တွင် မယှဉ်ပြိုင် နိုင်ခြင်း စသည့်အကြောင်းများလည်း ပါဝင်နေသည်။

 


မြန်မာနိုင်ငံတွင် လက်ဖက်ကို  ကျောက်မဲ၊  နမ့်ဆန်၊  မန်တုံ၊ ကိုးကန့်၊  မူဆယ်-နမ့်ခမ်း၊  တန့်ယန်း၊ ပင်လောင်း၊  ပင်းတယ၊ ရွာငံ စသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊  တောင်ပိုင်းဒေသများတွင် စိုက်ပျိုးကြရာ သမားရိုးကျ မိရိုးဖလာနည်းဖြင့်သာ စိုက်ပျိုးကြခြင်း ဖြစ်သည်။ ယင်းသို့  စိုက်ပျိုးကြသည့်အတွက်  ဓာတ်မြေဩဇာ ကဲ့သို့သော  ဓာတုဓာတ်ကြွင်းမတွေ့ရှိရဘဲ  အော်ဂဲနစ်အရည် အသွေးရှိသော အားသာချက်လည်း ရှိနေသည်။ ကမ္ဘာ့လက်ဖက် ဈေးကွက်တွင် တရုတ်နှင့် အိန္ဒိယတို့မှ ထုတ်လုပ်သည့် လက်ဖက် ခြောက်များက အများစုဖြစ်ရာ  မြန်မာနိုင်ငံတွင် လက်ရှိစိုက်ပျိုး ထုတ်လုပ်နေသည့် လက်ဖက်ခြံလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာတို့ မြှင့်တင်ပေးပြီး နိုင်ငံတကာတွင် မြန်မာ့လက်ဖက် ဈေးကွက်ဝေစုတစ်နေရာရရှိရေးအတွက်  နိုင်ငံတကာအဆင့်မီ လက်ဖက်ကုန်ချောများ     ထုတ်လုပ်တင်ပို့နိုင်ခြင်းအားဖြင့် လက်ဖက်ခြံလုပ်ငန်းများ   ပြန်လည်သက်ဝင်လှုပ်ရှားလာနိုင် မည် ဖြစ်သည်။

 


ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ပင်လောင်းမြို့ နယ် နောင်တရားမြို့တွင်  ပြီးခဲ့သည့် ဧပြီ ၈ ရက်နေ့က  လက်ဖက် အချိုခြောက်နှင့်   သစ်သီးအခြောက်ခံစက်ရုံ (နောင်တရား)ကို ဖွင့်လှစ်ခဲ့သည်။ ပင်လောင်း-နောင်တရားဒေသတွင် လက်ဖက်နှင့် သစ်သီးခြံလုပ်ငန်းများ ဧကအများအပြား စိုက်ပျိုးလုပ်ကိုင်လျက် ရှိသော်လည်း အကျိုးအမြတ်ရရှိမှုနည်းသဖြင့် လုပ်ငန်းများစွန့်ခွာ မည့်အခြေအနေများ  ဖြစ်ပေါ်လျက်ရှိခြင်းကြောင့်  ယခုစက်ရုံ တည်ဆောက်ဖွင့်လှစ်ခြင်းအားဖြင့်  ဒေသထွက်  လက်ဖက်နှင့် သစ်သီးကုန်ကြမ်းများကို အသုံးပြုပြီး လက်ဖက်အချိုခြောက်နှင့် သစ်သီးခြောက်စားသောက်ကုန်များ       ထုတ်လုပ်သွားနိုင်မည်ဖြစ် သည်။ ဒေသမှ စိုက်ပျိုးရေးထုတ်ကုန်များကို အဆင့်မြင့်စားသောက် ကုန်ချောများအဖြစ်  ထုတ်လုပ်ပြီး  ပြည်တွင်း၊ ပြည်ပ ဈေးကွက် များသို့ တင်ပို့ရောင်းချခြင်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ   တိုးတက်များပြားလာပြီး  ဝင်ငွေများလည်း တိုးတက်ရရှိလာနိုင်မည်ဖြစ်သည်။

 


လက်ဖက်အချိုခြောက်နှင့်     သစ်သီးအခြောက်ခံစက်ရုံ (နောင်တရား) သည်  စိုက်ပျိုးရေးထုတ်ကုန်များမှ  ကုန်ချော ထုတ်လုပ်၍ ပြည်တွင်း ပြည်ပ ဈေးကွက်များသို့ တင်ပို့ရောင်းချ ရာတွင် စံနမူနာကောင်းတစ်ခုဖြစ်လာမည်ဟု မျှော်လင့်ယုံကြည်မိ သည်။ ဈေးကွက်သုတေသနများ ပြုလုပ်ခြင်း၊ အရည်အသွေး ထိန်းသိမ်းမှုကို မျက်ခြည်မပြတ် ဆောင်ရွက်ခြင်း၊ ခေတ်မီလှပ သပ်ရပ်သည့် ထုပ်ပိုးမှုနှင့် ဈေးကွက်ရှာဖွေ ထိုးဖောက်မှု ပြုလုပ် ခြင်း နည်းလမ်းများဖြင့် မြန်မာ့လက်ဖက်အစို၊ လက်ဖက်အခါး ခြောက်၊   အချိုခြောက်များ၊  လက်ဖက်ထုတ်ကုန်များအတွက်  ဈေးကွက်ဝေစုများ   ဖြစ်ပေါ်ရရှိလာနိုင်မည်ဖြစ်ပြီး   အခြားမြန်မာ့ လယ်ယာစိုက်ပျိုးစားသောက်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်ရေး တွင်   စံပြုအတုယူဖွယ်အဖြစ်    အောင်မြင်စွာ   ရပ်တည်နိုင်ပါစေ ကြောင်း။      ။