ဒေသထုတ်ကုန်ဖြင့် လူမှုစီးပွားဘဝ တိုးတက်စေသည့် ပန်းတနော်မြို့နယ်မှ သင်ဖြူးဖျာလုပ်ငန်း

Type
5

သတင်းဆောင်းပါး - စိမ်းခက်၊ ဓာတ်ပုံ- ကိုနေ

မင်းသားများရန်မှထွက်ပြေးရင်း  ဥမ္မာဒန္တီမင်းသမီးလေး ဦးခေါင်းထက်ကပန်းများ ကျခဲ့ရာနေရာတွင် တည်ထားခဲ့သည့် စေတီရှိရာအရပ်ကို ပန်းကျနော်ဟု ခေါ်ဝေါ်သမုတ်ရာမှ ပန်းတနော် ဖြစ်လာသည်ဟု ရာဇဝင်တွင် ဆိုထားသည့် ဧရာဝတီတိုင်းဒေသကြီးမှ ပန်းတနော်မြို့နယ်လေး။ ထိုမြို့လေးသည် “သင်ဖြူးဖျာ ဆိုလျှင် ပန်းတနော်က”ဟု ဆိုရလောက်အောင်ပင် မိရိုးဖလာ လက်မှုလုပ်ငန်းဖြစ်သည့် သင်ဖျာလုပ်ငန်းဖြင့် အထူးထင်ရှားလှသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း   သင်ဖြူးဖျာ ထုတ်လုပ်သော မြို့များအနက် ပန်းတနော်မြို့နယ်မှာ လူဦးရေ၏ ၈ဝ ရာခိုင်နှုန်းခန့်က  သင်ဖျာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး  အသက်အရွယ်မရွေး သင်ဖျာ လုပ်ငန်းအကြောင်းကို အနည်းနှင့်အများဆိုသလို သိရှိတတ်ကျွမ်းကြသူများ ဖြစ်သည်။


“ပန်းတနော်မှာရှိတဲ့ ရွာတွေထဲက ကြိုက်တဲ့ရွာ ကိုသွား၊ အိမ်တိုင်းနီးပါး ဖျာလုပ်တယ်။ ကိုယ်ပိုင်လုပ် နိုင်တဲ့သူက ကိုယ်ပိုင်၊ ကိုယ်ပိုင် မထောင်နိုင်တော့ လည်း လက်ခစားပေါ့”ဟု  ပန်းဧရာ စက်မှုလက်မှု ကုန်ထုတ်သမဝါယမအသင်း လီမိတက်၏ သင်ဖျာ လုပ်ငန်းတွင်   လက်ခစားဖြင့်   လုပ်ကိုင်နေသည့် ဒေသခံ ကိုစိုးဟန်က လက်နှစ်ဖက်ဖြင့် ဖျာစနှစ်ဖက် ကို   အပေါ်အောက်ဟပ်ကာ  ချည်ဖြင့်ချုပ်တွဲရင်း စကားဆိုသည်။
လက်ဖြင့် သင် စိတ်သူကစိတ်၊ ပါးစပ်၊ လက်၊ ခြေထောက်များဖြင့် သင် ငင်သူကငင်(သင်ခွာသူ)၊ လက်ဖြင့် ဖျာကူးသူကကူး၊ ဖျာရက်သူကရက်၊ အနား ကွပ်သူကကွပ်၊ ချုပ်သူချုပ်ဖြင့် အဆင့်ဆင့် ပြုလုပ် ရသည့် သင်ဖျာလုပ်ငန်းတွင် လုပ်ငန်းအမျိုးအစား အလိုက် ရရှိသည့် လုပ်ခလစာများမှာ မတူညီပေ။ ဖျာချုပ်သူမှာ ချုပ်နိုင်သည့်အပေါ်မူတည်၍ တစ်ရက်  ကျပ် ၈၀၀၀/ ၁၀၀၀၀ ရသည်။ 


ပန်းဧရာ စက်မှုလက်မှု ကုန်ထုတ်သမအသင်း


ပန်းတနော်မြို့နယ်အတွင်းရှိ စိတ်ဆန္ဒတူသူများ စုစည်း၍ ဖွဲ့စည်းထားသည့် ပန်းဧရာ စက်မှုလက်မှု ကုန်ထုတ်သမအသင်း၌ အသင်းသား  ၄၀ ရှိသည့် အနက် အသင်းသားတစ်ဦးလျှင် အနည်းဆုံး အလုပ် သမားသုံး/လေးဦး ငှားရမ်းပြီး လက်ခစားစနစ်ဖြင့် ဖျာများထုတ်လုပ်လျက်ရှိရာ အသင်းသား ၄၀ က ခြောက်တောင်ညွန့်ရှယ်ဖျာ နှစ်ယောက်အိပ် အချပ် ၈၀၊ ခြောက်တောင် ရိုးရိုးဖျာ ငါးစိတ် အချပ် ၁၀၀၊ လေးတောင်ညွန့်ရှယ် တစ်ယောက်အိပ် အချပ် ၈၀၊ လေးတောင် ငါးစိတ်ဖျာ ကြမ်းချော အချပ် ၁၀၀ ခန့်ဖြင့်  စုစုပေါင်း တစ်လလျှင် ဖျာအချပ်ရေ ၃၆၀ ခန့်  ထုတ်လုပ်နိုင်ကြောင်း  သိရသည်။


“အလုပ်သမားတွေတိုင်းက    အသင်းဝင်တွေ  မဟုတ်ဘူး၊ လုပ်အားခနဲ့ လုပ်တဲ့သူတွေလည်းရှိ တယ်။ နေ့စားသဘောမျိုးပေါ့၊ မိသားစုလိုက် အိမ်မှာ ယူလုပ်ကြတဲ့သူတွေလည်း ရှိတယ်။ မိသားစုလိုက် ဝင်ငွေရကြတယ်။ ဖျာကြမ်းက လူတိုင်းကို ခိုင်းလို့ ရတယ်၊ ဖျာချောက အနုစိတ်တော့ လူတိုင်းမလုပ် တတ်လို့  အလုပ်သမား  နည်းနည်းရှားတယ်”ဟု ပန်းဧရာအသင်း အတွင်းရေးမှူး ဒေါ်တင်တင်ခိုင်က ပြောသည်။


ပန်းဧရာအသင်းမှ ထုတ်လုပ်သည့် ဖျာအမျိုးမျိုး မှာ သင်ဖျာဈေးကွက်၌ နေရာတစ်ခု အခိုင်အမာ ရရှိနေပြီဖြစ်သလို သင်ဖြင့်လုပ်သည့်  ဦးထုပ်၊ ဖိနပ်၊ ပိုက်ဆံအိတ်စသည့် အမှတ်တရ အသုံးအဆောင် ပစ္စည်းများကိုလည်း ပြည်တွင်း ပြည်ပ ခရီးသွားတို့ နှစ်သက်စွာ ဝယ်ယူလာကြသည်။ 
သင်ခြံစိုက်ပျိုးရေး
ပန်းတနော်မြို့နယ်သည်  သင်ဖျာလုပ်ငန်းသာ မက သင်ခြံစိုက်ပျိုးရေးတွင်လည်း အောင်မြင်သော မြို့နယ်ဖြစ်သည်။ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု  ၃၄  အုပ်စုတွင်  သင်ခြံစိုက်ပျိုးမှု  ၁၀၅၂၆ ဧကရှိပြီး ပန်းတနော်ဒေသမှထွက်သည့် သင်မှ ကုန်ကြမ်းများ ကို ဓနုဖြူ၊ မအူပင်၊ ညောင်တုန်း၊ ဝါးခယ်မ၊ အိမ်မဲ၊ ကျုံပျော်၊ ဟင်္သာတ၊  ကျောင်းကုန်း  အစရှိသည့် အနီးအနားရှိ  မြို့နယ်များနှင့်  စစ်ကိုင်း၊  မန္တလေး စသော ဒေသများကပါ ဝယ်ယူမှုများရှိသည့်အတွက် သင်ခြံစိုက်ပျိုးရေးသည်   ထိုမြို့နယ်၏   အောင်မြင် သော လုပ်ငန်းတစ်ခုဟု ဆိုနိုင်သည်။


“သင်စိုက်ဧကက သောင်းကျော်ရှိတယ်။ သင်က  သုံးနှစ် တစ်ကြိမ် ခုတ်ယူနိုင်တဲ့အတွက် ကုန်ကြမ်း သင်အစိုတွေ လိုသလောက်ဝယ်ယူနိုင်တယ်။ ကုန် ကြမ်းထွက်ချိန်မဟုတ်တဲ့ မိုးတွင်းကာလမှာတောင် ကုန်ကြမ်းကို  သင်ခြောက်လှောင်တဲ့သူတွေဆီက လိုသလောက်ဝယ်နိုင်လို့ ဒီဒေသမှာ ဖျာအတွက် ကုန်ကြမ်းပြတ်တာတော့   မရှိပါဘူး”ဟု   သင်ဖျာ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဝင်းမောင်က ဆိုသည်။


သင်ပင်စိုက်သည့်အချိန်မှ နောက်ဆုံး ကုန်ချော ဖြစ်သည့် သင်ဖျာ ရက်လုပ်ပြီးစီးချိန်အထိ အချိန်၊ ငွေကြေး အရင်းအနှီးသာမက လုပ်သားအင်အားကို လည်း အများဆုံး စိုက်ထုတ်လုပ်ကိုင်ရ၍ ဒေသခံ များအတွက် အလုပ်အကိုင်အခွင့်အလမ်းများသည့် လက်မှုလုပ်ငန်းတစ်ခုလည်း ဖြစ်သည်။
“သင်ဖျာလုပ်ငန်းမှာ    သင်ပင်စိုက်သူကစလို့ သင်ဖျာရက်တဲ့သူအထိ အဆင့်ဆင့် ထိုက်သင့်တဲ့ သူ့လုပ်အားခနဲ့သူဆိုတော့  အဆင်ပြေကြပါတယ်။ ဒီလုပ်ငန်းနဲ့ စားဝတ်နေရေးဖြေရှင်းသူတွေရှိသလို ကြီးပွားသွားတဲ့သူတွေလည်းရှိတယ်”ဟု ပန်းဧရာ အသင်း ဥက္ကဋ္ဌ ဦးလှိုင်ဝင်းက ပြောသည်။


သမဝါယမဦးစီးဌာန၏ အကူအညီ


ပန်းဧရာကဲ့သို့ သမဝါယမအသင်းအဖွဲ့များကို   လိုအပ်သည့်   ငွေကြေး အရင်းအနှီး၊   နည်းပညာ၊ ဈေးကွက်များကို တိုင်းဒေသကြီး သမဝါယမဦးစီး ဌာနကလည်း ကူညီပံ့ပိုးပေးလျက်ရှိသည်။


တိုင်းဒေသကြီး  သမအသင်းစုချုပ်မှ  ဦးစော အင်ဒရူးပန်းက “သူတို့ လိုအပ်တဲ့အခါ အကြံဉာဏ် ပေးတယ်၊ ငွေရေးကြေးရေး လိုအပ်တာတွေကိုလည်း ဖြည့်ဆည်းပေးတယ်၊ ချေးငွေထုတ်ပေးတဲ့အခါမှာ လည်း တင်ပြလာတဲ့ငွေကြေးအပိုင်းကို BOD အစည်း အဝေးခေါ်ပြီး ဆုံးဖြတ်ပေးတယ်။  စာချုပ်စည်းကမ်း နဲ့ မညီတဲ့သူတွေကို ဆက်မထုတ်ပေးဘဲနဲ့ ရပ်တံ့ ထားပြီး  ရအောင် တောင်းခံရတာတွေလည်း ရှိပါ တယ်။ ဧရာဝတီတစ်တိုင်းလုံးမှာ အသေးစားစက်မှု လက်မှုလုပ်ငန်းတွေအတွက် သမဝါယမက ချေးငွေ ထုတ်ပေးတာ ကျပ်သိန်းပေါင်း ၃၀၀၀ ကျော် လောက်ရှိပါတယ်”ဟု ပြောသည်။


ထို့ပြင် တိုင်းဒေသကြီးအတွင်းရှိ အသေးစား စက်မှုလက်မှုလုပ်ငန်း   ဦးစီးဌာနကလည်း    SME ချေးငွေများ၊ ပက်မြန်မာ၊ ပီဂျီအမ်အက်ဖ် စသည့် ပြင်ပအသေးစားချေးငွေဌာနများနှင့် ချိတ်ဆက်ကာ ချေးငွေရရှိရေး ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အပြင် ကျွမ်းကျင်လုပ်သားများ ဖြစ်လာရေးအတွက် သင်တန်းများလည်း ဖွင့်လှစ်ပေးလျက်ရှိကြောင်း   တိုင်းဒေသကြီး  အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှူး ဦးစိုးနိုင်ထူးထံမှ သိရသည်။


ကိုဗစ်ကာလ အခက်အခဲများ


ကမ္ဘာ့နိုင်ငံအသီးသီးရှိ  စက်မှုလက်မှုလုပ်ငန်း ကြီးများသည်ပင် ကိုဗစ်ကာလအတွင်း အခက်အခဲ အကျပ်အတည်းမျိုးစုံ  ရင်ဆိုင်ကြုံတွေ့နေရသည် ဖြစ်ရာ   ပုံမှန်ကာလမှာပင်   အရောင်းအဝယ်သွက် ကုန်စည် မဟုတ်သည့် မြန်မာ့လက်မှုလုပ်ငန်း ထုတ် ကုန်ဖြစ်သော သင်ဖျာလုပ်ငန်းမှာလည်း ရပ်တည် ရေးအတွက် ငွေကြေးအရင်းအနှီး၊ အလုပ်သမား၊ ရောင်းဝယ်ဖောက်ကားဖြန့်ချိနိုင်မှု စသည့် အခက် အခဲများကို ရင်ဆိုင်နေရသည်။ သင်ဖျာလုပ်ငန်းရှင် များသာမက အလုပ်သမား မိသားစုများသည်လည်း အခက်အခဲများ ရင်ဆိုင်ကြရသည်။


“ပြီးခဲ့တဲ့  ကိုဗစ်ကာလတုန်းက တော်တော်လေး ခံခဲ့ရတာ၊ အလုပ်သမားတွေက လာလို့မရတော့ မလာကြဘူး၊ လုံးဝ ရပ်ဆိုင်းလိုက်ရတဲ့အခြေအနေ၊ အလုပ်ကို မဖြစ်တော့တာ။ သမကိုပေးရမယ့်ငွေကို ခဏဆိုင်းငံ့ပေးထားတဲ့အတွက် အသက်ရှူချောင် သွားတာ၊ အခု ဈေးကွက်အခြေအနေက သုံးနေကြ လူတွေ  အော်ဒါပြန်မှာတာတော့ ရှိလာတယ်”ဟု ပန်းဧရာမှ ဥက္ကဋ္ဌ ဦးလှိုင်ဝင်းက ပြောသည်။


ထို့အတူ   သင်ငင်သည့်အလုပ်ကို  လုပ်ကိုင်သူ ဒေါ်ချိုချိုခိုင်ကလည်း “တစ်ရက်ကို ခြောက်ထောင် လောက် ရတယ်၊ ကိုယ်တွေက မရှိတဲ့သူ လက်လုပ် လက်စားဆိုတော့ ကိုဗစ်ကာလမှာလည်း အလုပ် မနားဘူး၊ ဒါပေမယ့် အလုပ်ပါးတယ်၊ အလုပ်ပြန်ဝင် တာ သုံးလလောက်ရှိပြီ”ဟု ပြောသည်။


ပန်းဧရာအသင်းအနေဖြင့်    တစ်နှစ်လျှင် သင်ဖြူးဖျာရောင်းချရသည့်  အမြတ်ငွေ ကျပ် ၈၄ သိန်းခန့်ရရှိပြီး   အသင်းသားများ၏   သာရေး၊ နာရေးကိစ္စများတွင် ကူညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်နိုင်ရန် ကျပ် ၁၅ သိန်းနှင့် သားသမီးများ ပညာသင်စရိတ် ထောက်ပံ့ခြင်းများ  ဆောင်ရွက် နိုင်ရန်  ကျပ်  ၁၀ သိန်း လျာထားသည်။   ထို့ပြင်  အသင်းသားများအတွက်     တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ  အသင်းက   ချေးယူ ထားသည့်  ချေးငွေ ကျပ်သိန်း ၂၀၀ ကို တစ်လလျှင် ငွေကြေးစရိတ် ၁ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့် ရယူ၍ လုပ်ငန်းများ   တိုးချဲ့ဆောင်ရွက်နေကြောင်းနှင့် နှစ်စဉ်    အသင်း၏   အသားတင်အမြတ်ငွေကို ဒါရိုက်တာအဖွဲ့၏   ဆုံးဖြတ်ချက်နှင့်   အသင်း သားများ၏  သဘောတူညီချက်တို့ဖြင့်  အစုအပေါ် အမြတ်ငွေခွဲဝေပေးခြင်း၊ အသင်း၏ ရန်ပုံငွေများ ခွဲဝေခြင်း၊ အခြားလျာထားငွေများ ခွဲဝေထားရှိခြင်း တို့အပြင် အသင်းမှထွက်ရှိသည့် သင်ဖျာ အရည် အသွေး    ကောင်းမွန်ရေးကိုလည်း    အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထို့ပြင် အသင်းသား  ၄၀ က   ထုတ်လုပ်သည့် သင်ဖြူးဖျာများကို အသင်းအမှုဆောင်အဖွဲ့၏ အစီ အစဉ်ဖြင့် သင်ဖျာအရောင်းဆိုင် ဖွင့်လှစ်ရောင်းချ ခြင်း၊ ဧရာဝတီတိုင်းဒေသကြီး သမဝါယမ အသင်းစု ချုပ်မှတစ်ဆင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်များသို့ ချိတ်ဆက်ရောင်း ချခြင်း၊ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်း အနားများတွင် အရောင်းဆိုင်ဖွင့်လှစ်ရောင်းချခြင်း၊ သင်ဖြူးဖျာထွက်ရှိခြင်းမရှိသည့်   ဒေသများသို့ တင်ပို့ရောင်းချခြင်း၊ အညာဒေသ ဘုရားပွဲများတွင် အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချခြင်း၊ အသင်း အနေဖြင့် သင်ဖြူးဖျာဝယ်ယူလိုသော သမဝါယမ အသင်း အချင်းချင်း ချိတ်ဆက်ရောင်းချခြင်းတို့ဖြင့် ဈေးကွက်ကျယ်ပြန့်လာစေရန် ဆောင်ရွက်လျက်ရှိ သည်။


ယခုအခါ  နိုင်ငံတော်က သမဝါယမနှင့် ကျေး လက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ဖွဲ့စည်းလိုက် ပြီဖြစ်ရာ   ကျေးလက်နေပြည်သူများနှင့်   အခြေခံ လူတန်းစားများအတွက်   သမဝါယမလုပ်ငန်းသည် ယခင်ကထက် အားကိုးအားထားပြုရာ   ဌာနတစ်ခု ဖြစ်လာတော့မည်မှာ မလွဲပင်။


ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ  ဦးစီးမှူး    ဦးဌေးမြင့်အောင်က   “သမဦးစီးဌာနကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး  ဦးစီးဌာနနဲ့ ပေါင်းပြီး ဝန်ကြီးဌာနတစ်ခုအဖြစ် သီးသန့်ဖွဲ့စည်း လိုက်တော့  ကျေးလက်ဒေသနဲ့ မြို့ပေါ်က အခြေခံ လူတန်းစားတွေရဲ့    လူမှုရေး၊   စီးပွားရေးလုပ်ငန်း တွေကို ပိုပြီး ထိရောက်အကျိုးရှိအောင် ဆောင်ရွက် နိုင်တော့မှာဖြစ်ပါတယ်” ဟု   သုံးသပ်ပြောကြား သည်။


ရှေ့ဆက် ပို၍အောင်မြင်အောင်


မြန်မာ့လက်မှုပညာစစ်စစ်၊   သေသပ်လှပစွာ အနုစိတ် ရက်လုပ်ထားသော၊ မြန်မာ့ရာသီဥတုနှင့် ကိုက်ညီပြီး ကျန်းမာရေးအတွက် အထူးသင့်လျော် ကာ ရှင်ပြု၊ ရဟန်းခံ၊ မင်္ဂလာဆောင်ခန်းဝင်ပစ္စည်း တို့တွင် မပါမဖြစ် ပစ္စည်းလည်းဖြစ်၊ ဒေသထုတ်ကုန် ဖြင့် အလုပ်အကိုင် အခွင့်အလမ်းများစွာကိုလည်း  ဖန်တီးပေးနိုင်သည့် သင်ဖြူးဖျာလုပ်ငန်းနှင့် ပတ် သက်၍ ပန်းတနော်ဒေသခံတစ်ဦးဖြစ်သူ ပန်းဧရာ စက်မှု    လက်မှု      ကုန်ထုတ်သမဝါယမအသင်း၏ အတွင်းရေးမှူး ဒေါ်တင်တင်ခိုင်က “သင်ဖြူးဖျာ ဆိုတာနဲ့ ပန်းတနော်လို့ တွဲသိလို့ ဂုဏ်ယူတယ်၊ မိရိုးဖလာလုပ်ငန်းဆိုတော့ အခက်အခဲတွေ ဘယ် လောက်ရှိရှိ ရှေ့ဆက် ဒီထက်ပိုပြီးအောင်မြင်အောင် လုပ်ချင်ပါသေးတယ်” ဟု ဆိုလေသည်။       ။