
“ကဲ… ကိုအောင်ရေ ငါတို့လယ်သမားတွေ အခက်တွေ့နေပြီကွ။ တကယ့် စိုက်တဲ့ပျိုးတဲ့ရာသီရောက်မှ မြေဆီဈေးတွေက မနှစ်ကထက်နှစ်ဆမက ကြီးနေတော့ ငါတို့လယ်သမားတွေ ဘယ်လိုလုပ် စိုက်လို့ပျိုးလို့ ရတော့မလဲ။ အရေးထဲ မင်းကလည်း ဒီအချိန်မှာ တို့လယ်သမားတွေနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ဝန်ကြီးဌာနမှာ အလုပ်လုပ်နေတော့ ရွာကကောင်တွေက ပြောကုန်ပြီ။ ဘကြီးထွန်း ခင်ဗျားညီတာဝန်ယူမှ မြေဆီတွေဈေးတက်ကုန်ပြီ ဘယ်လိုလုပ်မလဲ။ ဘကြီးထွန်း လယ်မစိုက်လို့ လယ်သမားတွေအတွက် လှည့်မကြည့်တာတော့ မဟုတ်လောက်ပါဘူးနော်တဲ့။ ကဲ- အဲဒီကိစ္စ ဘယ်လိုလုပ်ပေးမလဲ။ ပြောစမ်းပါဦးကွာ။”
တိုက်တိုက်ဆိုင်ဆိုင် မြေဩဇာကော်မတီ အစည်းအဝေးပြုလုပ်ပြီး ရုံးစာများဖတ်နေချိန်တွင် ကျွန်တော့်အစ်ကိုကြီးထံမှ တယ်လီဖုန်းဝင်လာ ခြင်းဖြစ်ပါသည်။ ပုံမှန်အားဖြင့် ရုံးချိန်တွင် ကျွန်တော်ဖုန်းကိုင်လေ့မရှိပါ။ ကျွန်တော့်တပည့်ကို ပေးထားပါသည်။ ကျွန်တော့်တပည့်ကလည်း ဝင်လာသည့်ဖုန်းများထဲမှ အရေးကြီးသည့် ဖုန်းများ ကိုသာ ကျွန်တော့်ကို ပေးပြောပါသည်။ ကျန်မသိ သည့် ဖုန်းများကိုတော့ ဖုန်းလက်ခံထားပြီး ကျွန်တော်အားနေသည့်အချိန်တွင်မှ လာရောက်ပြီး သတင်းပို့လေ့ရှိသည်။ ယခုတော့ အစည်းဝေးအပြီး ကျွန်တော်အခန်းထဲ ပြန်ရောက်ချိန်ဖြစ်သည့် အပြင် ကျွန်တော့်အစ်ကိုကြီး၏ ဖုန်းလည်းဖြစ်၍ ကျွန်တော့်ထံပေးလာခြင်း ဖြစ်သည်။
ကျွန်တော်က “ဟလို” တစ်ချက်သာထူးလိုက်ရ သော်လည်း အစ်ကိုကြီး၏ စကားက တရစပ် ပြောလာခြင်းဖြစ်သည်။ အစ်ကိုကြီးကား အသက် ရှစ်ဆယ်ပြည့်နေပြီ။ လယ်မလုပ်တော့ပါ။ အမေ့ရွာ ဖျာပုံမြို့နယ် သလိပ်ကြီးကျေးရွာတွင် နေထိုင်ခြင်း ဖြစ်သည်။ တစ်ဝမ်းကွဲအစ်ကို ဖြစ်သော်လည်း လေးတန်းအောင်ပြီးကတည်းက ကျွန်တော်တို့အိမ် တွင် အလယ်တန်းနှင့် အထက်တန်းပညာ ဆက်လက်သင်ယူခဲ့သည်။ သို့ဖြစ်၍ တစ်ဝမ်းကွဲ ညီအစ်ကိုဖြစ်သော်လည်း ညီအစ်ကိုအရင်းလိုပင် ချစ်ခင်ပါသည်။ (၁၀) တန်းအထိ ကျောင်းတက် ခဲ့သော်လည်း (၁၀) တန်း မအောင်ပါ။ အစ်ကိုကြီးတို့ မိသားစုတွင် အစ်ကိုကြီးက သားအကြီးဆုံးဖြစ်၍ (၁၀)တန်းစာမေးပွဲဖြေပြီးကတည်းက ရွာသို့ပြန်၍ သူ့မိဘနှင့်အတူ လယ်စိုက်သည်။ အားသည့်အချိန် စာဖတ်သည်။ အိမ်ထောင်မပြုခဲ့၍ ယခုထိ လူပျိုကြီး ဖြစ်နေပါသည်။
ကျွန်တော် အမေ့ရွာသို့ သွားလည်လျှင် အစ်ကို တို့အိမ်၌သာ ညအိပ်ညနေတည်းလေ့ရှိပါသည်။ အစ်ကိုကြီးတို့ မောင်နှမငါးယောက်ရှိသည့်အနက် အစ်ကိုလေးမြင့်တစ်ယောက်သာ အိမ်ထောင်ကျပြီး ကျန်သည့် အစ်ကိုကြီး၏ညီမနှင့် ညီနှစ်ယောက် လည်း အိမ်ထောင်မကျပါ။ အစ်ကိုကြီး၏ ညီအငယ် ဆုံးပင် အသက်(၆၀)ကျော်နေပြီ။ အစ်ကိုကြီးတို့ မောင်နှမငါးယောက်လုံး ကျိုက်လတ်မြို့ရှိ ကျွန်တော်တို့အိမ်တွင်ပင် ကျောင်းနေသွားကြသည်။ သို့ဖြစ်၍လည်း မောင်နှမအရင်းများလို ဖြစ်နေကြ သည်။
ပုလဲတစ်အိတ်ကို ငါးသောင်းကျော်
“ကိုအောင် ငါပြောနေတယ်လေကွာ ကြား တယ်မဟုတ်လား။ မြေဩဇာတွေ ဈေးတက်နေ တယ်။ ပုလဲတစ်အိတ်ကို ငါးသောင်းကျော် ခြောက် သောင်းနီးပါးဖြစ်နေတယ်။ ကြည့်ပြီးလုပ်ဦးလေ ကွာ။ မင်းတို့အစည်းအဝေးကရော ဘာတွေဆွေးနွေး ပြီး ဘာတွေဆုံးဖြတ်တာလဲ ပြောစမ်းပါဦးကွ”
အစ်ကိုကြီးအကြောင်း ပြန်ပြီးတွေးနေမိသည့် ကျွန်တော်။ အစ်ကိုကြီး၏ ထပ်ဆင့်ပြောလာသံ ကြောင့် ပြန်ပြီးသတိရလာသည်။
“ကျွန်တော်တို့ အစည်းအဝေးကလည်း အဲဒီ မြေဩဇာကိစ္စတွေပဲ ဆွေးနွေးတာပါ အစ်ကိုကြီး။ အထူးသဖြင့် ပြည်ပကတင်သွင်းလာတဲ့ မြေဩဇာ တွေ၊ သတ်မှတ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝဖို့၊ အရည်အသွေးမှန်ကန်ဖို့၊ ပြီးတော့ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ မြေဩဇာတွေကို မှတ်ပုံတင်ဖို့၊ အရည်အသွေးပြည့်ဝဖို့၊ ဒီကိစ္စတွေ ဆွေးနွေးတာပါ။ နောက်ပြီး ပြည်ပကနေ ပင်လယ်ကူးသင်္ဘော ဝမ်းဗိုက်ထဲမှာထည့်ပြီး တင်သွင်းလာတဲ့ မြေဩဇာ တွေ ပြန်ပြီးအိတ်သွတ်တဲ့အခါမှာ အရောအနှော ကင်းဖို့၊ အထဲမှာပါဝင်တဲ့ အာဟာရဓာတ်တွေ မှန်ကန်ဖို့၊ အဲဒီအာဟာရဓာတ်တွေနဲ့ ကုမ္ပဏီ နာမည်တွေ၊ သုံးစွဲတဲ့အညွှန်းတွေ မြန်မာလိုရေးဖို့၊ စည်းကမ်း မလိုက်နာတဲ့ ကုမ္ပဏီတွေ အရေးယူဖို့၊ လိုင်စင်ပိတ်သိမ်းဖို့ ဒီကိစ္စတွေ ဆွေးနွေးတာပါ”
“ဟင်း… မင်းတို့ အစည်းအဝေးကလည်း ငါတို့လယ်သမားတွေ တကယ်ခံစားနေရတဲ့ ဓာတ် မြေဩဇာဈေးကြီးတာ၊ ရှားပါးနေတာတွေအတွက် လည်း ဘာမှ မပါပါလားကွ။ မင်းသတိရဖို့က မင်းအမေအမျိုးတွေအားလုံး တောမှာနေကြတာ။ လယ်သမားအလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်း လုပ်နေကြတာ၊ လယ်သမားအကျိုးလည်း ကြည့် စမ်းပါဦးကွာ”
ကျွန်တော့်စကားကို အားမလိုအားမရဖြင့် အစ်ကိုကြီးက ပြောလာခြင်းဖြစ်သည်။ တကယ် တော့ ကျွန်တော့်အဖေရော အမေပါ တောက ဖြစ်ပါ သည်။ အဖေ့ဇာတိက ကျုံတာရွာ။ အမေ့ဇာတိက သလိပ်ကြီးရွာ ဖြစ်ပါသည်။ အဖေနှင့်အမေ အိမ်ထောင်ကျသည့်အခါ တစ်မျိုးလုံးတစ်ဆွေလုံး တောမှာနေပြီး လယ်သမားတွေ ဖြစ်နေသဖြင့် “ငါတို့တောမှာဆက်နေရင် ငါတို့သားသမီးတွေ လည်း တောမှာနေပြီး အိမ်ထောင်ကျ။ လယ်သမား ပဲ ဖြစ်နေမှာပဲ။ ဒီတော့ မြို့ပြောင်းပြီးနေမှဖြစ်မယ်” ဟု အဖေက ဆုံးဖြတ်ကာ ကျိုက်လတ်သို့ ပြောင်းရွှေ့ နေခဲ့ခြင်းဖြစ်သည်။ သည်သို့ဖြင့် ကျွန်တော်တို့ မောင်နှမလေးယောက် ကျိုက်လတ်တွင် မွေးဖွားခဲ့ ခြင်းဖြစ်သည်။ အဖေက သူ့သားသမီးတွေကို အစိုးရ ဝန်ထမ်း၊ ကျောင်းဆရာ၊ ဆရာမဖြစ်စေချင်သည်။ ကျောင်းထားပေးသည်။ သို့ဖြစ်၍လည်း ကျွန်တော့် အစ်မ အငယ်နှင့်ညီမှာ ကျောင်းဆရာ၊ ဆရာမ ဖြစ်ခဲ့ ကြသည်။
“လယ်သမားအကျိုးကြည့်ပါတယ် အစ်ကိုရာ။ ဓာတ်မြေဩဇာတွေ ဈေးကြီးနေတယ် ဆိုတာလည်း ကျွန်တော်တို့သိလို့ ဒီအစည်းအဝေးကို ချက်ချင်း လုပ်တာပါ”
“အဲဒီတော့ ဘယ်လိုအဖြေထွက်လဲ ပြောစမ်း ပါဦး”
ကျွန်တော့်စကားမဆုံးခင် အစ်ကိုကြီးက အားမရ၍ ဖြတ်ပြီးမေးလိုက်ခြင်းဖြစ်သည်။ အစ်ကို ကြီးကား တင်းမာနေချေပြီ။
“ပြီးခဲ့တဲ့ တစ်နှစ်ကစပြီး တစ်ကမ္ဘာလုံးမှာ ကိုဗစ်ဖြစ်တာ၊ အစ်ကိုကြီးမှတ်မိတယ် မဟုတ်လား”
“မှတ်မိတယ်လေကွာ။ ဘာဖြစ်လို့လဲ။ ကိုဗစ်ဖြစ်လို့ကို မလေးရှားက ပြန်လာတဲ့ ထွန်းအေးရဲ့တူတောင် ဖျာပုံမှာ ဆုံးသွားသေးတယ် လေ”
“ဟုတ်တယ်၊ အဲဒီကိုဗစ်ဖြစ်တော့ ပထမလှိုင်း၊ ဒုတိယလှိုင်းမှာတော့ ကျွန်တော်တို့နိုင်ငံမှာ အသေ အပျောက်တွေ သိပ်မများပေမယ့် ဒီတတိယလှိုင်း ဖြစ်တဲ့ ကိုဗစ်ပိုးကျတော့ ကူးစက်လည်း မြန်တယ်။ အသေအပျောက်လည်း များတယ်”
ကိုဗစ်နဲ့ ဓာတ်မြေဩဇာဈေး
“ဟုတ်တယ်လေကွာ။ မင်းကလည်း ဒီတတိယ လှိုင်းမှာ ဒယ်လ်တာဗိုင်းရပ်စ်ကြောင့် ကိုဗစ်ဖြစ်ကြ တယ်။ သေကြတယ်။ အဲဒီ ဒယ်လ်တာကိုဗစ်ဗိုင်းရပ်စ် နဲ့ ဓာတ်မြေဩဇာဈေးတက်တာ ဘာဆိုင်လဲကွ။ မင်းတို့က တစ်ခုခုဆို ကိုဗစ် ကိုဗစ်နဲ့ ကိုဗစ်ကို လွှဲချ နေကြတာ။ ကိုဗစ်ဖြစ်တာနဲ့ ဓာတ်မြေဩဇာ ဈေးတက်တာ တခြားစီပဲလေကွာ”
အစ်ကိုကြီးက လုံးဝမလျှော့။ သူလိုချင်ရာ အတင်းဆွဲပြီး ပြောသည်။
“ဟုတ်ပါတယ်။ အပေါ်ယံကြည့်ရင်တော့ ကိုဗစ် ဖြစ်တာနဲ့ ဓာတ်မြေဩဇာဈေးတက်တာ ဘာမှမဆိုင် ဘူးလို့ တွေးလို့ရပါတယ်။ အဲ…ဒါပေမယ့် အစ်ကိုကြီး သိတဲ့အတိုင်း ကိုဗစ်ကူးစက်တာ များတော့ လူတွေ အပြင်မထွက်ရဘူး။ အိမ်ထဲမှာနေရတယ်။ ရုံးတွေ ပိတ်ရတယ်၊ စက်ရုံအလုပ်ရုံတွေ ပိတ်ကြရတယ်”
“အေးလေ၊ မင်းပြောတာတွေ ငါသိတယ်။ လှိုင်သာယာစက်ရုံမှာ သွားပြီးအလုပ်လုပ်တဲ့ ကလေးတွေ ပထမတော့ အလုပ်ဆက်လုပ်ကြသေး တယ်။ နောက်တော့ အလုပ်မလုပ်ရဘဲ စက်ရုံတွေ ပိတ်တယ်။ အစပိုင်းတော့ စက်ရုံပိုင်ရှင်က လစာ တစ်ဝက်ပေးသေးတယ်။ အခုတော့ လစာမပေးတော့ ဘူးဆိုတော့ ဒုက္ခရောက်နေပြီ။ အခုမှ အစိုးရအလုပ် မလုပ်မိတာ နောင်တရနေကြတယ်။ မင်းတို့အစိုးရ ဝန်ထမ်းတွေကတော့ အလုပ်ပိတ်လည်း လစာ အပြည့်ရနေတော့ အိုကေတာပေါ့ကွာ။ အဲ-နောက် ပြီး နိုင်ငံရေးလည်း ငါသွားပြီး စဉ်းစားမိတယ်ကွ။ (၈၈)အရေးအခင်းဖြစ်တုန်းက ဝန်ထမ်းတွေဆန္ဒပြ ပြီး ရုံးတွေပိတ်ကြတော့ အစိုးရယန္တရား ရပ်ဆိုင်း သွားတော့၊ အဲဒီတုန်းက တာဝန်ယူထားရတဲ့ အစိုးရ ပြုတ်ကျသွားပြီး တပ်မတော်က နိုင်ငံတော်တာဝန် ကို ယူခဲ့ကြရတယ်”
“အခုကျတော့ လက်ရှိအစိုးရက ကိုဗစ်ကြောင့် လူတွေကူးစက်မှာစိုးလို့ ရုံးတွေကို တရားဝင် ပိတ် ပေးတယ်။ ငါတို့ထင်တာက ခဏပဲထင်တာ။ အခု တော့ နှစ်လလောက်ဖြစ်နေပြီ။ ရုံးက ပိတ်ထား တုန်း။ သူတို့ရုံးမတက်ရင် အစိုးရပြုတ်ကျမှာပဲ ထင်ပြီး CDM လုပ်တဲ့ဝန်ထမ်းတွေ အခု ကောင်း ကောင်း နောင်တရနေပြီ။ အစိုးရက ပြုတ်မကျရုံမက ကိုဗစ်ကူးမှာစိုးလို့ ရုံးတောင် ထပ်ပိတ်ပေးနေ သေးတယ်။ အစိုးရဝန်ထမ်းအလုပ်ကို သူများပြော လို့ နားယောင်ပြီး CDM လုပ်ခဲ့တဲ့ကောင်တွေ အခု ရွာပြန်လာပြီး အလုပ်ကလည်းထုတ်ခံရ၊ လစာလည်းမရ။ အကြီးအကျယ်နောင်တရနေကြ တယ်။ အဲ.. ငါ့စကားကလည်း ဓာတ်မြေဩဇာကနေ CDM ရောက်သွားတယ်။ အဲဒါနဲ့ မင်းပြောတဲ့ ကိုဗစ်နဲ့ ဓာတ်မြေဩဇာဈေးတက်တာ ဘာဆိုင် လို့လဲကွ”
အစ်ကိုကြီးက သူ့စကားကိုသူ အဆုံးသတ်လိုက် ရင်း သူသိလိုသည်ကို ပြန်ပြီးမေးခွန်းထုတ်လာ သည်။
“အစ်ကိုကြီးကလည်း အစ်ကိုကြီးစကားထဲမှာ အဖြေကပါပြီးသွားပြီလေ။ ကိုဗစ်ဖြစ်တော့ စက်ရုံ အလုပ်ရုံတွေပိတ်တယ်။ အဲဒီတော့ ထုတ်လုပ်မှု ကျဆင်းတယ်။ အဲဒါ ကျွန်တော်တို့ တစ်နိုင်ငံတည်း ဖြစ်တာမဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာဖြစ်တာ။ အဲဒီ တော့ ဓာတ်မြေဩဇာထုတ်တဲ့ နိုင်ငံတွေမှာလည်း စက်ရုံ၊ အလုပ်ရုံတွေပိတ်တော့ ဓာတ်မြေဩဇာ ထုတ်လုပ်မှု ကျဆင်းတာပေါ့။ ဒီကြားထဲ မြို့မှာ ကျပ်ကျပ်တည်းတည်းနေရတာထက် တောမှာ ကျယ်ကျယ်ဝန်းဝန်းနေရတာ ရောဂါကူးစက်မှုနည်း တာကြောင့် လူတွေက တောကို ပြန်လာကြတယ်။ ပထမတော့ ကိုယ့်ရွာကိုယ် ပြန်လာတော့ ပျော်တာ ပေါ့။ အဲ-ဒါပေမယ့် အလုပ်လုပ်ဖို့ကြတော့ တောရွာ မှာ စိုက်ရေးပျိုးရေးလုပ်တာက ကျန်းမာရေး အညီညွတ်ဆုံးလေ။ ဒီတော့ စိုက်ပျိုးဖို့ကြတော့ ဓာတ်မြေဩဇာလိုတယ်။ ဒီတော့ ဓာတ်မြေဩဇာက ထုတ်လုပ်တာကနည်းပြီး ဝယ်ချင်တဲ့သူများတော့ ဈေးတက်ပြီပေါ့”
“အေး ဒါကတော့ ဖြစ်တတ်တဲ့သဘောပဲလေ ကွာ။ ငါလက်ခံပါတယ်။ အဲ- ဒါပေမယ့် နိုင်ငံခြားက မှာမှ ဓာတ်မြေဩဇာကရမှာလား။ တို့နိုင်ငံက အရင်အစိုးရတွေလက်ထက်မှာ တည်ထားခဲ့တဲ့ စလေတို့၊ ကျွန်းချောင်းတို့၊ မြောင်းတကာတို့၊ ကန်ကြီးဒေါင့် တို့မှာလည်း ဓာတ်မြေဩဇာစက်ရုံတွေ ရှိတယ် မဟုတ်လား။ အဲဒီစက်ရုံတွေကရော မထုတ် လုပ်နိုင်ဘူးလား”
“အား..အစ်ကိုကြီးက တယ်ပြီးသိပါလား”
ကျွန်တော်က အစ်ကိုကြီး၏ လေ့လာမှုကို အသိအမှတ်ပြုလိုက်ပါသည်။
“မင်းအစ်ကိုပဲကွာ၊ ဒီလောက်တော့သိတာပေါ့။ အဲဒါနဲ့ ငါသိချင်တာပြောစမ်းပါဦး။ တို့ပြည်တွင်း စက်ရုံတွေက လောက်အောင် မထုတ်လုပ်နိုင်ဘူး လား”
“ဟုတ်တယ် အစ်ကိုကြီး၊ အစ်ကိုကြီးပြောတဲ့ စက်ရုံတွေမှာ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ စလေ တို့၊ ကျွန်းချောင်းတို့က စက်ရုံတွေမလည်ပတ်နိုင် တော့ဘူး။ အခု မှော်ဘီမြောင်းတကာနဲ့ ကန်ကြီး ဒေါင့်စက်ရုံနှစ်ရုံကပဲ ဓာတ်မြေဩဇာထုတ်နိုင် တော့တာ။ အဲဒီစက်ရုံနှစ်ရုံကလည်း တစ်နှစ်မှ ဓာတ်မြေဩဇာ ၁ ဒသမ ၂ သိန်းတန်လောက်ပဲ ထုတ်လုပ်နိုင်တာ။ ဓာတ်မြေဩဇာအိတ်ပေါင်း ၂၄၀၀၀၀ လောက်ပဲ ထုတ်နိုင်တာ။ တကယ်တော့ ကျွန်တော်တို့ တစ်နိုင်ငံလုံး ဓာတ်မြေဩဇာ လိုအပ်ချက်က တန် ၁၂ သိန်းကနေ ၁၅ သိန်းလောက် လိုအပ်တာ။ အဲဒါကြောင့် လက်ရှိအစိုးရက ရပ်ထား တဲ့နိုင်ငံပိုင်စက်ရုံတွေ လည်ပတ်နိုင်အောင် ကြိုးစား နေတာ”
ဘယ်လိုလုပ်ကြရမှာလဲ
“အေး ငါသဘောပေါက်တယ်။ စက်မှုဝန်ကြီး စပြီးလည်း ခန့်လိုက်ရော ရပ်နားထားတဲ့ စက်ရုံတွေ လည်ပတ်နိုင်ဖို့၊ တောက်လျှောက်လိုက်ပြီး သွားနေ တာ သတင်းစာမှာရော၊ တီဗွီမှာရော တွေ့နေရ တယ်။ အဲဒီတော့ တို့လယ်သမားတွေက မြေဩဇာလိုအပ်ချက် ဘယ်လိုလုပ်ကြရမှာလဲ။ ဒီလိုပဲ ငုတ်တုတ်ထိုင်နေကြရတော့မှာလား”
“ဒီလိုတော့ မဟုတ်ပါဘူး အစ်ကိုကြီးရာ။ အစ်ကိုကြီး မြန်မာစကားပုံ၊ ဟိုစကားပုံကြား ဖူးတယ်မလား”
“ဘယ် စကားပုံလဲ။ မင်းကလည်း ဖုန်းဖိုး တက်အောင် စကားကိုလှည့်ပတ်ပြီး ပြောနေပြန် ပြီ”
“ဟို စကားပုံလေ အစ်ကိုကြီးရ။ ‘အသစ် ဘယ်လိုကောင်းကောင်း အဟောင်းကိုတော့ တလည်လည်’ ဆိုတဲ့ စကားပုံလေ”
“မင်းစကားပုံနဲ့ ဓာတ်မြေဩဇာရှားတာနဲ့ ဘာဆိုင်လို့လဲကွ”
“သြော် အစ်ကိုကြီးကလည်း ဓာတ်မြေဩဇာ ဆိုတာ လွန်ခဲ့တဲ့ နှစ် ၄-၅၀။ ကျွန်တော်တို့ ငယ်ငယ်က ပေါ်တာတောင်မဟုတ်သေးဘူး။ အဲဒီ တုန်းက ကျွန်တော်တို့အဖေတွေ၊ အဘိုးတွေ ဓာတ်မြေဩဇာမသုံးဘဲ သဘာဝမြေဩဇာဖြစ်တဲ့ နွားချေးတို့၊ ဆိတ်ချေးတို့၊ သစ်ရွက်ဆွေးတို့၊ ဒါတွေ ပဲ သုံးခဲ့ကြတာပဲလေ။ အဲ.. လယ်ထဲဆိုလည်း အစ်ကိုကြီး သိတာပဲ၊ ကောက်ရိုး ရိုးပြတ် တွေကို ဒီအတိုင်းထားတာပဲ။ မိုးတစ်ပြိုက်နှစ်ပြိုက် ရွာပြီး လယ်ထဲရေတင်လာရင် ထယ်ထိုး၊ ထွန်မွှေပြီး အဲဒီရိုးပြတ်တွေကို ပုပ်အောင်ထား၊ ပြီးတော့ စက်တုံးနဲ့ခုတ်၊ ထွန်ပြန်ပြီးမွှေ။ လယ်တွေဆို ကောင်းမှကောင်း၊ စပါးတွေဆို သီးမှသီး၊ အဲဒီတုန်း က ပြောစကားတောင်ရှိသေးတယ်။ ‘ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ’ လေ”
“ငါ့ညီက ဘယ်ဆိုးလို့လဲ။ ငါတို့ငယ်ငယ်တုန်းက စက်တုံးလိုက်ပြီးစီးတာကို မမေ့သေးဘဲကိုး။ အေး ဒါနဲ့ နွားချေးလောက်နဲ့က မလောက်ဘူးကွ။ ကျန်တဲ့ဟာ ဘာတွေလုပ်ရင်ကောင်းမလဲ”
အစ်ကိုကြီး ဓာတ်မြေဩဇာဈေးကြီး၍ ဈေး သက်သာပြီး ပြည်တွင်းမှာရနိုင်မည့်ကိစ္စကို စိတ်ဝင် စားလာသည်။
“ဒါကတော့ အစ်ကိုကြီးရယ်။ မြေဩဇာမှာ ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာနဲ့ ဇီဝမြေဩဇာ ဆိုတာရှိတယ်။ ဓာတ်မြေဩဇာကတော့ အစ်ကိုကြီး သိပြီးသား။ သဘာဝမြေဩဇာဆိုတာလည်း အဆန်းတော့မဟုတ်ပါဘူး။ မြေဆွေးပေါ့။ မြေဆွေး လုပ်တာကလည်း အထူးမလိုပါဘူး။ စပါးခွံ၊ မြက်၊ ပေါင်းရွက်ခြောက်၊ ကောက်ရိုး၊ ပြောင်းရိုး၊ လွှစာမှုန့်၊ အသီးအရွက်အခွံ၊ ကော်ဖီကြိတ်ဖတ်အစို၊ ကြက်ဥ ဘဲဥခွံ၊ အသားစားပြီး စွန့်ပစ်တဲ့ အရိုး၊ ငါးအကြေးခွံ၊ အရိုးခြောက်နဲ့ စားလို့မရတဲ့ တိရစ္ဆာန်အသေကောင် တွေ။ ဒါတွေကိုရောပြီး စုပုံထားတာနဲ့ ဒါမှမဟုတ် ကျင်းကြီးထဲ ထည့်ပြီးထားရင်၊ သုံးလလောက်ကြာ ရင် မြေဆွေးဖြစ်သွားတာပဲ။ အဲဒီ မြေဆွေးကို ထည့်ရင်လည်း သဘာဝမြေဩဇာပဲလေ။ ဓာတ် မြေဩဇာထက်ပိုကောင်းတယ်။ မြေကျစ်သွားတာ ပျက်သွားတာ မဖြစ်ဘူး။ အသေးစိတ်ကိုတော့ ကျွန်တော်နောက်မှ ထပ်ပြီး ပြောပါမယ်”
“အစ်ကိုလည်းသိတာပဲ။ သစ်ရွက်ခြောက် တွေကို အမှိုက်လှဲ၊ စုပုံပြီး ခြောက်လက်မ တစ်ထပ် လောက်ခင်း၊ အီးအမ်ရည်လောင်း၊ နောက်တစ်ထပ် ထပ်ပြီးပုံ၊ အီးအမ်လောင်း၊ အမြင့် နှစ်ပေ၊ သုံးပေ လောက်ရရင် မိုးကာ ဒါမှမဟုတ် တာရပတ်နဲ့ လုံအောင်ဖုံးထား။ ၃-၄ လ နေရင် သဘာဝမြေဩဇာ ဖြစ်ပြီးသုံးနိုင်ပြီ”
ဓာတ်မြေဩဇာရဲ့ အဘ
“အဲ..နောက်ပြီးအစ်ကိုလည်းသိပါတယ်။ ပဲတီ စိမ်းတို့၊ ပိုက်ဆံလျှော်တို့ကို စပါးမစိုက်ခင် လယ်ထဲ ကြဲလိုက်။ ပေါက်လာလို့ တစ်ထွာ၊ တစ်တောင် လောက်ဖြစ်လာရင် ထယ်ထိုးထွန်မွှေပြီးရင် တစ်ခါ ထပ်ကြဲ၊ တစ်ခါ- တစ်ထွာတစ်တောင်လောက် ဖြစ် လာရင် ထယ်ထိုးထွန်မွှေ၊ နှစ်ခါလောက် လုပ်ပြီးရင် စပါးစိုက်ပေတော့။ ဓာတ်မြေဩဇာကတောင် အဘ ခေါ်ရမယ့် သဘာဝဓာတ်မြေဩဇာပဲလေ။”
“ကဲ.. ကိုအောင်ရေ ငါသဘောပေါက်ပါပြီ။ ဒါတွေက တို့လယ်သမားတွေ သိပြီးသားပါကွာ။ အလွယ်လိုက်နေကြလို့ပါ။ ငါပြောလိုက်မယ် “ဓာတ်မြေဩဇာရဲ့ အဘ” လာပြီလို့။ အေး ဒါပေမယ့် အခုတော့ ဖုန်းနဲ့နားကပ်ထားရလို့ နားပူလှပြီ။ အဲဒီသဘာဝမြေဩဇာလုပ်နည်း အသေးစိတ်တော့ မင်းအားတဲ့အချိန် ထပ်ပြီးဆက်ပေးပါဦးကွာ။”
ပြောပြောဆိုဆိုဖြင့် အစ်ကိုကြီး ကျေနပ်စွာ ဖုန်းချသွားပါသည်။ ။
- Log in to post comments