Type

သစ်ပင်ချစ် (Env Eng)
ရွာငံလို့ပြောလိုက်လျှင် လူတိုင်းမျက်လုံးထဲတွင် ချစ်စရာ စကားဝဲဝဲလေးပြောသည့် ဓနုတိုင်းရင်းသားများ၊ ရေပြာ အိုင်ရှိသည့် နေရာ၊ မိန်းမရဲတောင်ရှိသည့်နေရာ၊ ပြဒါးလင်း ဂူရှိသည့်နေရာဟု မြင်ယောင်လာကြပါသည်။
ရွာငံမြို့လေးမှာ တောင်အထပ်ထပ်ကို ကျော်ဖြတ် လာပြီးသည့်အခါ ပထမဆုံးရောက်ရှိသော မြေပြန့် တောင်ပေါ်ဒေသတစ်ခုဆိုလျှင်လည်းမမှားပေ။
ရွာငံမြို့ရှိ ရွာငယ်များသည် ရှမ်းပြည်နယ်ရှိ အခြားဒေသနာမည်များနှင့်မတူဘဲ တစ်မူကွဲပြားနေ သည်ကို သတိပြုမိသည်။ ရွာငံမြို့ကို ပထမဆုံးရောက်ရှိ သည့် ရွာငယ်လေးမှာ ဆင်နက်ချောင် ဖြစ်သည်။ အယုဒ္ဓယကိုသိမ်းပိုက်ဖို့ သွားသည့်လမ်းကြောင်းတွင် တောအထပ်ထပ် တောင်အထပ်ထပ်ကို ကျော်ဖြတ်လာ သည့် ဆင်၊ မြင်းများကို နားနေစေရန်အတွက်ထားသည့် နေရာတစ်ခုဖြစ်သည့်အတွက် ဆင်နက်များထားရှိသည့် ချောင်ဖြစ်၍ ဆင်နက်ချောင်ဟုခေါ်ဆိုသလားဟု ထင်မြင်မိ သည်။ ထို့အတူ ဆင်နက်ချောင်ကို ကျော်လာပြီး ရေဦးဆို သည့် ရွာကိုသွားသည့်လမ်းနှင့် ရွာငံအတွင်းပိုင်းကို သွားသည့် လမ်းခွဲနှစ်ခုရှိသည်။
ရေဦးရွာလေးသည် ရွာငံမြို့၏ အရှေ့ဘက်အပိုင်း တွင်ရှိပြီး ရေဦး၏မြောက်ဘက်ကို ဆက်သွားမည်ဆို ပါက အင်းကြီးရွာ၊ ဒလပင်၊ ကျောက်ပိစပ်၊ လင်းဝေး၊ တဘင်ပျော် ရွာငယ်များရှိသည်။ ရွာအမည်များနှင့် ပတ်သက်၍ ဒေသခံများ၏ ပြောစကားအရ ရှေးအရင်က အလွန်လှပသည့် ထန်းပင်ကြီးရှိ၍ ထန်းလှပင်ရွာဟု ခေါ်ဆိုရာမှ ခေတ်ကာလပြောင်းလဲလာသည့်အခါ ဒလပင် ရွာဟု ခေါ်ဆိုလာခြင်းဟုဆိုသည်။ ထို့အတူ စစ်သည်တော် များ ပင်ပန်းနွမ်းနယ်မှုများကို ပြေပျောက်စေရန် ဖျော်ဖြေ တင်ဆက်ရသည့် သဘင်ပညာရှင်များ နေထိုင်သည့် ရွာကို သဘင်ပျော်ဟုဆိုရာမှ တပင်ပျော်ဟု ပြောင်းလဲ ခေါ်ဆိုလာခြင်းဟုလည်း ဆိုပါသည်။ ထိုကျေးရွာတွင် လှပသည့် ရေတံခွန်များနှင့် ထုံးကျောက်ဂူများရှိသည်။ အထူးသဖြင့် လင်းဝေးကျေးရွာတွင် လင်းဝေးဂူရှိ လှပသည့်ပန်းဆွဲများသည် အလွန်လှပတင့်တယ်သလို တောင်များဝန်းရံထားသည့်အတွက် လှပသည့်ရင်သပ် ရှုမောဖွယ်ရှုခင်းများကိုလည်း မြင်တွေ့နိုင်သည်။
ရေဦး၏ မြောက်ဘက်ပိုင်းတွင် ကဆက်၊ ကပြင်၊ အုတ်တွင်း၊ ကျောက်ငှက်၊ ထမင်းပေါင်း၊ ဆင်ဆာပြားရွာ များရှိသည်။ ကပြင်ရွာတွင် မင်းအဆက်ဆက်တည်ထားကိုးကွယ်ခဲ့သည့် မင်းစုံလေးမျက်နှာ ဘုရားစေတီတစ်ဆူ ရှိသည်။ ရှေးဟောင်းလက်ရာများဖြစ်သည့် ခြင်္သေ့ရုပ်တု၊ ဘီလူးပန်းကိုက်၊ ဘုရားဆင်းတုတော်များကို တွေ့မြင်နိုင် သည်။ ရှေးမင်းများသည် မကောင်းသည့်ကံများကို ပြုပြင် လိုသည့်အတွက် တည်ထားကိုးကွယ်ဟန်ရှိသည်။ စေတီ တည်ရန် လိုအပ်သည့်အုတ်များကို ဖုတ်ပေးရသည့်ရွာကို အုတ်တွင်းဟုခေါ်ဆိုကာ ကောင်းမွန်သည့်ကံများ ထပ်ထပ်ခါခါ ဆက်ဆက်ဖြစ်ပေါ်စေရန် ကံဆက်ဟု ခေါ်ဆိုရာမှ ယခု ကဇက်ဟု ပြောင်းလဲခေါ်ဆိုခြင်းဖြစ်နိုင် ပါသည်။ ထို့အတူ စစ်သည်တော်များအတွက် ထမင်း ဟင်းများ ချက်ပြုတ်ပေးသည့်နေရာကို ထမင်းပေါင်းရွာဟု ခေါ်ဆိုလာခြင်းဖြစ်နိုင်သည်။ ထိုကျေးရွာများသည် ရွာငံမြို့၏ အရှေ့ဘက်အပိုင်းတွင်တည်ရှိပြီး ဇော်ဂျီမြစ် အတွင်းသို့ တသွင်သွင်စီးဆင်းနေသည့် ကရဏီချောင်း တစ်ခုလည်းရှိကာ ပအိုဝ်း၊ ပလောင်တိုင်းရင်းသားများလည်း နေထိုင်ကြသည်။ ၎င်းကျေးရွာများတွင် သက်ရှည်အဘိုး အဘွား များစွာရှိသည်။ အသက် ၉၉ နှစ်အရွယ်ရှိ အဘိုးအို သည် ကိုယ်တိုင် တောင်ယာလုပ်၊ ခြင်းရက်လုပ်နိုင်သည် အထိ ကျန်းမာနေကြောင်း မြင်တွေ့ခဲ့ရသည်။
ဆင်နက်ချောင်ရွာမှ ရွာငံလမ်းမကြီးအတိုင်း လိုက် သွားပြီး မြောက်ဘက်စူးစူးကိုသွားပါက ရေပြာအိုင်၊ မိန်းမရဲတောင်တို့ ရှိသည်။ ရေပြာအိုင်သွားရာလမ်းတွင် ရှေးတပ်သားများ တပ်စွဲထားသည့်အတွက် ခေါ်ဆိုသည့် တပ်ကုန်းကျေးရွာ၊ ထိုရွာအနီး ရေဖြူထွက်ရှိသည့် ရေထွက်တစ်ခုသည်လည်း ရွာငံ၏ လည်ပတ်စရာတစ်ခု ဖြစ်ပေသည်။
ရွာငံလမ်းမကြီး၏ အနောက်ဘက်ပိုင်းတွင် အလွန်သာယာလှပသည့် မြေပြန့်ဒေသတစ်ခုတွင် အိမ်ခြံ ဝင်းအတွင်း စနစ်တကျ စိုက်ပျိုးထားသည့် ကော်ဖီပင် များကို မြင်တွေ့နိုင်သလို လယ်ယာများအတွင်းမှ မြင်တွေ့ ရသည့် တောင်တန်းကြီးများသည် အလွန်သာယာ လှသည်။ မြန်မာနိုင်ငံ၏ ဆွစ်ဇာလန်ဟု ခေါ်နိုင်လောက် အောင်အထိ သာယာပေသည်။ နွားဘန်းကြီးရွာ၊ မြို့ကုန်း ရွာ၊ စျေးတန်းရွာ၊ မျှားကလေးရွာ၊ အင်တောရွာ၊ လယ်ကိုင်းရွာ စသည့်ကျေးရွာများရှိသည်။ ထိုရွာတန်း တစ်လျှောက်တွင် လှပသည့် တောတန်း၊ တောင်တန်းများ နှင့် အလွန်သာယာဖွယ် နေရာတစ်ခု ဖြစ်သည်။
မျှားကလေးရွာနှင့် အင်တောရွာကြားလမ်းမှတစ်ဆင့် သမိုင်းအတွက် အလွန်အရေးပါသည့် ကျောက်ခေတ် လူသားများ၏ နံရံဆေးရေးပန်းချီများရှိသည့် ပြဒါးလင်းဂူကို သွားနိုင်သည်။ ပြဒါးလင်းဂူတွင် နံရံဆေးရေးပန်းချီ သက်သေအထောက်အထားများကို တွေ့မြင်နိုင်သည်။ ထုံးကျောက်ဂူအတွင်းရှိ လှပသည့် ကျောက်ခက်ပန်းဆွဲ များသည် လူသားများထွင်းထုထားသည့်အလား ထင်ရ လောက်သည်။ သို့သော် ပြဒါးလင်းဂူတွင် နံရံဆေးရေးပန်းချီ များကို တွေ့ရှိနိုင်သော်လည်း မကြာသေးမီက လယ်ကိုင်း ကျေးရွာ ကျောက်ခေါင်းကျောင်းဂူမျက်နှာကြက်တွင် တွေ့ရှိသည့် အရိုးကျောက်ဖြစ်ရုပ်ကြွင်းများ(ပရိုင်းမိတ်)သည် သမိုင်းသက်သေကို ပို၍လေးနက်စေပါသည်။
လယ်ကိုင်းရွာသည် မျှားကလေးရွာအကျော်တွင် တည်ရှိကာ ပတ်ဝန်းကျင်ရှိတောင်တန်းများသည် ရှေးကျောက်ခေတ်လူသားများ နေထိုင်နိုင်လောက်သည့် ဂူများရှိသည်။ ၂၀၁၉ ခုနှစ်တွင် လယ်ကိုင်းကျေးရွာ ကျောက်ခေါင်းကျောင်း တောရကျောင်းဆရာတော်က ဂူမျက်နှာကြက်ပေါ်တွင် တွေ့ရှိသည့် ပေါင်ရိုး၊ လက်ဖျံရိုး၊ အံသွားများ၊ အရိုးစုများကို ဂူမျက်နှာကြက်တွင်တွေ့ရှိကာ သက်ဆိုင်ရာတာဝန်ရှိသူများကို အသိပေးအကြောင်း ကြားခဲ့သည်။ ပုံမှန်အားဖြင့် အရိုးစုကျောက်ဖြစ်ရုပ်ကြွင်း များသည် မြေအောက်ကြမ်းပြင်တွင်သာ တွေ့ရလေ့ရှိ သော်လည်း ယခုတွေ့ရှိရသည့် ပေါင်ရိုး၊ လက်ဖျံရိုး၊ အံသွားများ၊ အရိုးစုများသည် ဂူမျက်နှာပြင်တွင်တွေ့ရှိရ သည့်အတွက် ထုံးကျောက်များရေတိုက်စားပြီး ဂူဖြစ်လာ ပုံရပါသည်။ ထို့ကြောင့် ဂူမျက်နှာကြက်တွင် အရိုးစုများ ကျန်ရှိနေခြင်း ဖြစ်နိုင်သည်။
ထို့အတူ ယင်းဂူအနီးရှိ ရှေးဟောင်းဗုဒ္ဓဆင်းတုတော် များရှိသလို ကျောက်ခေတ်လူသားများ နေထိုင်နိုင်လောက် သည့် ဂူများလည်းရှိသည်။ ဂူအနီးနားတွင် ပြိုကျပျက်စီး နေသည့် အုတ်ပုံအတွင်းမှတွေ့ရှိသည့် ရှေးဟောင်းသမိုင်း ဝင် အိုးခြမ်းပဲ့၊ ယွန်းအစ်ပေါ်တွင် ရေးထိုးသမိုင်းဝင် အက္ခရာများပါရှိသည့် အစိတ်အပိုင်းများ၊ ဗုဒ္ဓဆင်းတု တော်လေးများကို တောရကျောင်းဆရာတော်များ ဖြစ်သည့် ဆရာတော်ဉူးဥတ္တမနှင့် ဉူးဓမ္မဒူတတို့က
ထိန်းသိမ်းစောင့်ရှောက်ထားသည်။ ပညာရှင်များ၏ ခန့်မှန်းချက်အရ နှစ်သန်းပေါင်း နှစ်သောင်းကျော် လောက်ရှိသည်ဟု သိရသည်။
ဆရာတော်များအနေဖြင့် သာသနာ့တာဝန်ကို ထမ်းဆောင်နေရသလို ၎င်းရှေးဟောင်းသမိုင်းဝင် အမွေအနှစ်များကိုလည်း ထိန်းသိမ်းစောင့်ရှောက်နေရ သည့်အတွက် လစ်ဟင်းမှုများရှိနေသည်ဟု မိန့်ကြား သည်။ သို့ဖြစ်ပါ၍ တာဝန်ရှိသူများက အချိန်မီ ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် တတ်အားသမျှ ကူညီဆောင်ရွက်ပေးနိုင်ပါရန် ရေးသား တင်ပြလိုက်ရပါသည်။ ။
- Log in to post comments