မြန်မာ့အလင်းအယ်ဒီတာအာဘော်
ဒီမိုကရေစီ ပိန်းပိတ်မှောင်ကျ ခေတ်ကာလကို ဆန့်ကျင်တော်လှန် ကြရင်း၊ တရွေ့ရွေ့ပြောင်းလဲ လင်းလက်ပျို့အာလာကာ ခေတ်သစ် ကို စတင် ချင်းနင်းလာပြီဖြစ်သော်လည်း ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီ နိုင်ငံတော်ဟူ၍ ဂုဏ်ဖော် ကြွေးကြော်လို့မရသေးသည့် အခြေအနေ ဖြစ်ပါသည်။
ရွေးကောက်ပွဲများပြုလုပ်ပြီး ပြည်သူ့ကိုယ်စားလှယ်များကို မဲပေးရွေးချယ်နိုင်ခဲ့ပြီဆိုသော်လည်း လွှတ်တော်များ၊ အစိုးရအဖွဲ့များ ကို ပြည်သူ့ကိုယ်စားလှယ်များ၏ အင်အားသက်သက်ဖြင့် ဖွဲ့စည်း ထူထောင်လို့ မရသေး။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည် ဟု အခြေခံဥပဒေက ဆိုထားသော်လည်း လက်တွေ့ဘ၀တွင် အချုပ် အခြာအာဏာသည် နိုင်ငံသားတို့ထံက ညီညီမျှမျှ ဆင်းသက်လာတာ မဟုတ်သေး။ ထိုထိုဤဤသော ထင်ရှားမြင်သာလှသော အကြောင်း ကြောင်းကို ထောက်ရှု၍ ယနေ့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် လေးနက်မှု၊ အခြေအမြစ်ခိုင်မာမှုတို့ကို ချင့်ချိန် တွေးဆနိုင်ပါမည်။
လက်ငင်းကာလတွင် အာဏာရှင်စနစ်ဟောင်း၏ အရိပ်အငွေ့ တို့က လွှမ်းမိုးထားဆဲ။ စနစ်ဟောင်းကို ဦးဆောင်လည်ပတ်ခဲ့သော ယန္တရားကြီး၏ အစိတ်အပိုင်းအသီးသီးက စနစ်သစ်ယန္တရားတွင် လည်း ဆက်လက် ပါဝင်လည်ပတ်နေဆဲဟုဆိုလျှင် မမှားနိုင်ပါ။ တစ်နည်းအားဖြင့် ဆိုရလျှင်၊ ယနေ့ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ် ပြည့်ပြည့်၀၀ အားကောင်းကောင်း အခြေကျကျ ခိုင်ခိုင်မာမာ မဖြစ် သေးသည်ကား အမှန်ပင် ဖြစ်ပါသည်။
ထို့ကြောင့်ပင် ပြည်သူ့ကိုယ်စားလှယ်များသည်လည်းကောင်း၊ ဒီမိုကရေစီအင်အားစုများသည် လည်းကောင်း၊ ဒီမိုကရေစီလိုလား သော ပြည်သူလူထုအစိတ်အပိုင်းအသီးသီးသည် လည်းကောင်း စနစ်သစ်ထူထောင်ရေး ခါးတောင်းကျိုက်ကို ဖြုတ်လို့မရသေးဟု ဆိုချင်ပါသည်။
အာဏာရှင်စနစ်ဟောင်း၏ အကြွင်းအကျန်များ ကင်းစင်ရေး၊ ဒီမိုကရေစီ စနစ်သစ် အုတ်မြစ်ခိုင်မာတောင့်တင်းရေးဟူသည် နတ် ရေကန်တွင်း ပစ်ချလိုက်သလို ချက်ချင်းပြောင်းလဲ လှပသစ်လွင်သွား လိမ့်မည်ဟု မျှော်မှန်းလို့ မရနိုင်ပါ။
ဆက်ရမည့်ခရီးကား ခံတပ်ကြီးများ၊ ကတုတ်ကျင်းကြီးများကို ကျော်ခဲ့ပြီဟု ဆိုနိုင်ကောင်းသော်လည်း မြေမြှုပ်မိုင်းများ၊ ဆူးငြောင့် ခလုတ်များတို့က ရှိနေမြဲ။ အဆိုပါ မြေမြှုပ်မိုင်းများ၊ ဆူးငြောင့်ခလုတ် များကို ရှင်းလင်းရင်း ပန်းတိုင်သို့ ဆက်လက်လျှောက်လှမ်းကြရဦး မည်။ ထိုပန်းတိုင်သို့ လျှောက်လှမ်းရမည့်လမ်းက အခက်အခဲများ ရှိနေသလို ရှည်လျားနေမည်လည်း ဖြစ်သည်။ တစ်နည်းဆိုရသော် ယင်းခရီးက မာရသွန်ခရီးဖြစ်၏။ တာဝေး ပြေးလမ်းဖြစ်၏။
အင်ကုန်အားကုန်ထုတ် ပြေးရင်း အမောဆို့သွားကာ ရပ်တန့် သွားလို့မရ။ အားသွန်ခွန်စိုက်လုပ်ရင်း ရေရှည်ပြေးနိုင်ရန်ကိုပါ ဂရုပြု ပြင်ဆင်ကြရပါမည်။ တာဝေးခရီးကို ရေရှည်လျှောက်လှမ်းနိုင်ဖို့က လူအား ဉာဏ်ပညာအား ကြီးမားရုံမက၊ ရင့်ကျက်အမြော်အမြင်ကြီး သည့် စိတ်နေသဘောထားလည်း လိုအပ်ပါမည်။ ထို စွမ်းရည်များ၊ အရည်အသွေးများသာမက ရေရှည်ခရီးကို အင်ပြည့်အားပြည့် ပြေး နိုင်မည့် သက်လုံကောင်းကြဖို့လည်း လိုအပ်ပါမည်။
သက်လုံကောင်းကြဖို့ဆိုရာတွင် နိုင်ငံရေးအရ ရင့်ကျက်ခြင်း၊ အဂတိကင်း၊ ခြစားမှုကင်း၊ မတော်မတရားကိုယ်ကျိုးရှာမှုကင်း အစ ရှိသည့် ကိုယ်ကျင့်သိက္ခာမြင့်မားခြင်းကို ဆိုလိုပါသည်။ သက်လုံ မကောင်းသူတို့သည် လမ်းခုလတ်တွင် အဂတိနွံတွင် နစ်ကျန်ခဲ့တတ် ၏။ အချို့က အညစ်အတွန်းများ၊ အတိုက်အခိုက်များ၊ ရန်ရှာဆဲရေး ရုန့်ရင်းမှုများစသည့် ဆူးငြောင့်ခလုတ်များ၊ မြေမြုပ်မိုင်းများကြောင့် လက်ပန်းကျကာ ရှေ့ခရီးဆုံးထိ အားမထုတ်လိုတော့ခြင်း စသည်ဖြင့် လမ်းတစ်ဝက်တွင် ချန်ရစ်ခဲ့တတ်ကြသည်။
ဒီမိုကရေစီပန်းတိုင်သို့သွားရာလမ်းသည်ကား ကြမ်းတမ်းနေဦး မည်၊ ရှည်လျားနေဦးမည်ဖြစ်၏။ ဤခရီးကား တာဝေးခရီးဖြစ်၏။ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ အသိဉာဏ်ပညာပိုင်း အားရှိရေးအတွက် ဖြည့် ဆည်းထားရင်း မတော်မတရားမှုကင်း၊ အဂတိကင်းမှုတို့ဖြင့် ကိုယ် ကျင့်သိက္ခာ သက်လုံကောင်းအောင် လေ့ကျင့်ဖြည့်ဆည်းထားကြ ပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသတည်း။ ။