
စာချစ်သူ
====
တစ်ပါတီ ဗဟိုဦးစီးစနစ်အောက် တွင် လူလားမြောက် ကြီးပြင်းလာခဲ့ရ သော်လည်း ဒီမိုကရေစီစနစ်ကို ကျွန်တော် စိတ်ဝင်စားပါသည်။ ထိုစဉ် ကာလ ကမ္ဘာ့စင်မြင့်ထက်တွင် အမြဲတစေ တွေ့မြင်ကြားသိနေရသော ရီဂင်၊ မာဂရက်သက်ချာစသည့် ကမ္ဘာ့ ထိပ်တန်း ခေါင်းဆောင်ကြီးများကို ကြည့်ရင်း သူတို့နိုင်ငံ၏ ဒီမိုကရေစီ စနစ်နှင့် သမ္မတရွေးကောက်ပွဲများ၊ ပါလီမန်ရွေးကောက်ပွဲများကို သဘော ကျခဲ့ဖူးသည်။
ပြီးတော့ စာအုပ်တစ်အုပ်တွင် ဖတ်ခဲ့ဖူးသည့် လန်ဒန်မြို့က သမိုင်းဝင် ဟိုက်ပတ်ခ်ပန်းခြံ။ ဟိုက်ပတ်ခ် ကော်နာဟုခေါ်သည့် ပန်းခြံထောင့်တွင် ဖိုးဟောချင်၊ ပြောချင် တရားဟော ဆရာတို့သည် ထင်ရှူးသေတ္တာကလေး များ၊ ခေါက်လှေကားကလေးများကို သယ်ယူလာပြီး တစ်နေရာတွင် ခင်းကြသည်။ ပြီးတော့ နားထောင်မည့် သူရှိရှိ၊ မရှိရှိ ထိုစင်မြင့်ကလေးများ ထက်တွင်ရပ်ပြီး လက်သီးလက်မောင်း တန်းကာ ဟောကြ၊ ပြောကြလေတော့ သည်။
အချို့က ကိုယ့်မကျေနပ်ချက်များ ကို ဟစ်တိုင်ပမာ ရင်ဖွင့်ပြောရင်း တစ်ခါတစ်ရံ ဟောပြောသူတို့သည် လွန်လွန်ကျွံကျွံ ပြောမှားဆိုမှားတွေ ဖြစ်ခဲ့ကြသည်။ သို့တစေ မနီးမဝေးရှိ လန်ဒန်ရဲသားကြီးသည် အရေးယူဖို့ ဝေးစွ ပြုံး၍ပင်နေသည်ဟု ဆိုသည်။ စင်မြင့်ပေါ်ကလူသည် သူ၏ လွတ်လပ် စွာ ပြောဆိုခွင့်ကို အပြည့်အဝ အသုံး ချနေခြင်း ဟူ၍သာ။
ဟိုက်ပတ်ခ်ပန်းခြံက ဟစ်တိုင် အကြောင်းဖတ်ရင်း ဒီမိုကရေစီစနစ် နှင့် ဒီမိုကရေစီယဉ်ကျေးမှု၏ သဘော သဘာဝကို ကျွန်တော် အတော် သဘောကျသွားသည်။ သို့ရာတွင် ထိုလွတ်လပ်စွာ ပြောဆိုခွင့်၊ ဟောပြော ခွင့်များသည် သတ်မှတ်ထားသည့် နေရာ၊ ဧရိယာတွင်မဟုတ်ဘဲ အများ ပြည်သူများနှင့်သက်ဆိုင်သည့် နေရာ၊ ဧရိယာ၌ဆိုလျှင်မူ ထိုသူ အရေးယူခံရ မည့် စည်းကမ်းဥပဒေများလည်း ရှိသည်ကိုမူ ထိုစဉ်က ကျွန်တော် မသိခဲ့ရိုး အမှန်ပင်။
“ဒီမိုကရေစီရရှိရေး - ဒို့အရေး၊ ဒို့အရေး”။
၁၉၈၈ ခုနှစ် မတ်လနှင့် ဇွန်လတို့ တွင်ဖြစ်ပွားခဲ့သော အရေးအခင်းများ အပြီး ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်၌ ကျင်းပသော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ အရေးပေါ်ညီလာခံ အတွင်း ထိုစဉ်က ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်း၏ “တစ်ပါတီစနစ်ကို ကြိုက်သလား၊ ပါတီစုံစနစ်ကို ကြိုက် သလား” ဟူသည့် သူ၏နောက်ဆုံး နှုတ်ခွန်းဆက်မိန့်ခွန်းအဖြစ် ထည့်သွင်း ပြောကြားအပြီးတွင် ဆိုခဲ့ပါ ဒီမိုကရေစီ အရေး တောင်းဆိုကြွေးကြော်သံများ သည် တစ်နိုင်ငံလုံး တုန်ဟည်းသွားခဲ့လေ သည်။
သို့ရာတွင် လွတ်လပ်ရေးရပြီး ဆယ်စုနှစ် တစ်စုစာမျှသာ ပါလီမန် ဒီမိုကရေစီစနစ်နှင့် ရင်းနှီးကျွမ်းဝင်ခဲ့ပြီး ထို့နောက်ပိုင်း ဆယ်စုနှစ် သုံးစုမျှ တစ်ပါတီဗဟိုဦးစီး စနစ်အောက်တွင် နေသားကျခဲ့ရသော ကျွန်တော်တို့ မျိုးဆက်များအဖို့ ဒီမိုကရေစီစနစ်၏ သဘောသဘာဝနှင့် ဒီမိုကရေစီ ယဉ်ကျေးမှုအကြောင်းကို ဂဃနဏ အမှန်တကယ် မသိခဲ့ကြပါ။
နောင်သောအခါ ထိုစဉ်က နိုင်ငံတော် သမ္မတ ဒေါက်တာမောင်မောင်က မြန်မာ နိုင်ငံ၏ ၁၉၈၈ ခုနှစ် အရေးအခင်းစာအုပ် တွင် -
“ ‘မောင်မောင်၊ ငါတို့ကို ဒီမိုကရေစီ ချက်ချင်းပေး’ဟူ၍ ကလေးများမှ ချီတက် လမ်းလျှောက်ကာ သံပြိုင်အော်ကြသည်။ သူတို့တောင်းဆိုသော ဒီမိုကရေစီဟူသော အရာသည် ကျွန်တော်၏ အင်္ကျီအိတ်ကပ် ထဲမှ ထုတ်ယူပြီး သူတို့တောင်းဆိုသလို ချက်ချင်းလက်ငင်းပေးနိုင်ခဲ့ရင် ဘယ် လောက်များ ကောင်းလိမ့်မတုန်း။ ဒါဆိုရင်လည်း ပြဿနာအားလုံး တစ်ခါ တည်း ပြီးပြတ်သွားလိမ့်မည်ဟူ၍ ကျွန်တော်တွေးတောမိသည်” စသဖြင့် ပြန်ပြောင်းရေးသားခဲ့ပါသည်။
အမှန်တကယ်တော့ ထိုခေတ်ကာလ က မြန်မာပြည်သူအများစုသည် ၁၉၈၈ ခုနှစ် စက်တင်ဘာလအတွင်း ကျင်းပခဲ့ သည့် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေးဆုံးဖြတ်ချက် အရ တရားမျှတသော အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ သည့် ကြေညာချက်နှင့် နိုင်ငံတော်သမ္မတ ဒေါက်တာမောင်မောင်၏ “ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီး သုံးလ အတွင်း ကျင်းပပေးမည်” ဟူသည့် ကတိကို ဒီမိုကရေစီ၏လမ်းစအစဟု မသိနားမလည်ဘဲ အုပ်ချုပ်ရေးရုံးများကို ဝင်ရောက်စီးနင်း အဓမ္မသိမ်းပိုက်ခြင်း၊ ပါတီ၊ ကောင်စီပုဂ္ဂိုလ်များကို ခြိမ်းခြောက် ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို လုယက် ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူအချို့ကို ခေါင်းဖြတ်သတ်ဖြတ်ခြင်းတို့ဖြင့် ဒီမို ကရေစီကို ဆက်လက်ရှာပုံတော် ဖွင့်ခဲ့ ကြလေသည်။
တကယ်တော့ ဒီမိုကရေစီဆိုသည်မှာ နိုင်ငံရေးစနစ်တစ်ခုသာ ဖြစ်သည်။ နိုင်ငံရေးအာဏာကို ပြည်သူအားလုံး အညီအမျှ ခွဲဝေရယူပိုင်ခွင့်ရှိခြင်းဆိုသည့် သဘောသက်ရောက်သည်။ ဒီမိုကရေစီ အစ ဂရိနိုင်ငံကဟု ဆိုသည့်အတိုင်း ဒီမိုကရေစီစကားရပ်သည် ရှေးဟောင်း ဂရိစကားလုံး Demos (ပြည်သူလူထု) နှင့် Kratos (အာဏာ)မှ ဆင်းသက် လာခြင်းဖြစ်သည်။ ပြည်သူအများ အာဏာပိုင်စိုးသောစနစ်ဟု ခေါ်ဆိုနိုင် သည်။ ဒေမိုး (လုပ်သားပြည်သူ/တိုင်းသူ ပြည်သား)နှင့် ကရေးစီးယား(အာဏာ/အာဏာပိုင်စိုးမှု)တို့ ပေါင်းစပ်၍ ပြည်သူ အများစု စုပေါင်းပါဝင်အာဏာပိုင်စိုးသော စနစ်ဟု ဆိုနိုင်ကြောင်းလည်း ဖွင့်ဆိုချက် ရှိသည်။
ဒီမိုကရေစီဆိုသည်မှာ ၎င်းဝေါဟာရ နှင့် တွဲဖက်ပြီး ဝိသေသနပြုသည့် စကားလုံး၊ စကားရပ်တို့နှင့် ပူးတွဲမှသာ ပို၍အသုံးဝင်သော အဓိပ္ပာယ်ထွက်သည်။ ဥပမာအားဖြင့် လစ်ဘရယ်ဒီမိုကရေစီ (Liberal Democracy)၊ ကိုယ်စားပြု ဒီမို ကရေစီ (Representative Democracy)၊ ပူးပေါင်းပါဝင်လုပ်ဆောင်မှု ဒီမိုကရေစီ (Participatory Democracy) သို့မဟုတ် တိုက်ရိုက်ဒီမိုကရေစီ (Direct Democracy) စသည်တို့ဖြစ်ကြသည်။
၂၀၂၁ ခုနှစ် စာရင်းအရ ကမ္ဘာပေါ် တွင် နိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိသည့် အနက် ဒီမိုကရေစီနိုင်ငံပေါင်း ၈၁ နိုင်ငံ ရှိပြီး အပြည့်အဝဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံပေါင်းက ၂၂ နိုင်ငံ ရှိသည်။ လက်ရှိကာလအထိတော့ ဒီမိုကရေစီထက် ကောင်းသည်ဆိုသည့် စနစ် မရှိသေးသော်လည်း နိုင်ငံရေး ပညာရှင်များ၊ ဝေဖန်ရေးဆရာများစွာ တို့က ဒီမိုကရေစီ၏ ချွတ်ယွင်းချက်၊ အားနည်းချက်၊ အပြစ်အနာအဆာများ ကို ထောက်ပြဝေဖန်ပြောဆိုမှုများစွာ ရှိလာခဲ့သည်။
အချို့က ဒီမိုကရေစီသည် တစ်ခါ တစ်ရံ လူအုပ်စုနှင့် အနိုင်ကျင့်သည့် ဝါဒ (mobocracy or the tyranny of the majority) ဆီသို့ ဦးတည်သွားနိုင် သည်ဟု ဆိုသည်။ အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား စာရေးဆရာ၊ ဆောင်းပါးရှင်တစ်ဦးဖြစ်သူ ဖာရိဒ် ဇကားရီးယားကမူ “ဒီမိုကရေစီဆိုတာ မရင့်မှည့်သေးဘဲ ခူးရင် မကောင်းတဲ့ သစ်သီးလိုပဲ”ဟု ကောက်ချက်ချခဲ့ သည်။ ထိုအယူအဆသည် မြန်မာနိုင်ငံ သား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဟောင်း ဦးသန့်၏ သဘောထားအမြင်၊ အယူအဆနှင့် သဘောချင်း ထပ်တူမျှ တူညီသည်ဟု ဆိုရမည်။
ဦးသန့်က “တိုင်းပြည်သူအုပ်ချုပ် ရေးစနစ်များအနက် ဒီမိုကရေစီသည် အခက်အခဲဆုံးဖြစ်လေသည်။ ဒီမို ကရေစီစနစ် အောင်မြင်ရန် ပြည်သူ ပြည်သားတို့သည် အသိဉာဏ်ပညာ နှင့်ဆင်ခြင်တုံတရား လုံလောက် အောင်ရှိကြရမည်။ အသိဉာဏ်ပညာ ကင်းမဲ့သောနိုင်ငံတွင် ဒီမိုကရေစီစနစ် သည် ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့် မည်”ဟု ဆိုခဲ့ပါသည်။
ဇကားရီးယားက သူ့အမြင်အယူ အဆနှင့်ပတ်သက်၍ ယူဂိုဆလားဗီးယား တွင် မဲဆန္ဒရှင်တွေက မီလိုဆီဗစ်ကို ရွေးကောက်တင်မြှောက်ခဲ့မှု၊ ဟစ်တလာ ကို ဂျာမန်ပြည်သူများက တစ်ခဲနက် ထောက်ခံခဲ့မှုများကို ထောက်ပြခဲ့သည်။ တစ်ဆက်တည်းမှာပင် “အီရတ်မှာ ဒီမိုကရေစီဖော်ဆောင်ရေးကို အလျင် စလိုလုပ်ဖို့ မရင့်မှည့်သေးကြောင်း၊ နောက်ဆုံးမှာ ကြောက်မက်ဖွယ် အန္တရာယ်ဖြစ်နိုင်ကြောင်း” သတိပေး ရေးသားခဲ့ပြီး “ဒီမိုကရေစီကို ဓားမိုးပြီး တိုးချဲ့ခြင်းဟာ အရှေ့အလယ်ပိုင်း ဒေသမှာ အမေရိကန်နိုင်ငံခြားရေး ပေါ်လစီရဲ့ ပင်မလက္ခဏာ ဖြစ်လာ နေပြီ” ဟုလည်း ၂၀၀၃ ခုနှစ်က ဝေဖန်ရေးသားခဲ့သည်။
ထို့အပြင် ဇကားရီးယားက “အီရတ်မှာ ဒီမိုကရေစီမတိုင်ခင် လစ်ဘရယ်လဇ္ဇင်း (Liberalism) ကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊
r စာမျက်နှာ ၈ မှ
လစ်ဘရယ်လဇ္ဇင်းဟူသော ယဉ်ကျေး ရည်မွန်သည့် လူ့အဖွဲ့အစည်း (Civil Society)ကို ဖန်တီးခြင်း၊ လူနည်းစုနှင့် ပုဂ္ဂလိက တစ်ဦးချင်း၏ အခွင့်အရေး များကို အာမခံချက်ပေးပြီး ပုဂ္ဂလိက ပိုင်ဆိုင်မှုကို အကာအကွယ်ပေးသည့် တရားရေးစနစ်ကို ဖော်ထုတ်ပေးရမည် ဖြစ်ကြောင်း အကြံပြုခဲ့ပြန်ပါသည်။ တစ်ဖန် ဇကားရီးယားက အမေရိကန် ပြည်ထောင်စုသည်ပင် လစ်ဘရယ် မကျသည့် ဒီမိုကရေစီ ဖြစ်သွားနိုင်သည် ဟု သတိပေးခဲ့သည်။
ဇကားရီးယား၏ ဖော်ပြပါသတိပေး ချက်သည် သွေးထွက်အောင်ပင် မှန်ခဲ့ သည်ဟု ဆိုရပေမည်။ အမေရိကန် သမ္မတ ရွေးကောက်ပွဲသမိုင်း တစ်လျှောက်တွင် လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲနှင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲတို့သည် သမိုင်းတွင် အောင် အငြင်းပွားဖွယ်ရာ ရွေးကောက် ပွဲများ ဖြစ်ခဲ့လေသည်။
၂၀၀၀ ပြည့်နှစ် သမ္မတ ရွေးကောက် ပွဲ၌ ရီပတ်ဘလစ်ကင်ပါတီ သမ္မတ လောင်း ဂျော့ဂျ်ဘုရှ်နှင့် ဒီမိုကရက်တစ် ပါတီ သမ္မတလောင်း အယ်လ်ဂိုးတို့၏ ရွေးကောက်ပွဲရလဒ် အငြင်းပွားမှု ကြောင့် အမေရိကန်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် တရားရုံးချုပ် အဆုံးအဖြတ်ဖြင့် သမ္မတရွေးကောက်ပွဲ ရလဒ်ကို ဆုံးဖြတ်ခဲ့ရသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲကမူ ဒီမိုကရေစီစနစ်ကို အလွန်အမင်း အမွှမ်းတင်ကာ ပြည်ပ နိုင်ငံများသို့ ထုတ်ကုန်တစ်ခုသဖွယ် ဖြန့်ချိနေသော၊ ဒီမိုကရေစီကို ဓားမိုးပြီး တိုးချဲ့နေသော အမေရိကန်နိုင်ငံအဖို့ သမိုင်းတွင် အရှက်ရစရာ အရုပ်ဆိုး အကျည်းတန်ဖြစ်စေခဲ့သည်။ ထိုစဉ်က သမ္မတထရန့်နှင့် ပြိုင်ဘက်သမ္မတ လောင်း ဂျိုးဘိုင်ဒင်(လက်ရှိသမ္မတ)တို့၏ ရွေးကောက်ပွဲရလဒ် အငြင်းပွားမှုတို့ ကြောင့် ထရန့်ကို ထောက်ခံဆန္ဒပြသူ များသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက် တွင် အမေရိကန်လွှတ်တော် အဆောက် အအုံခန်းမကို ဝင်ရောက်စီးနင်းခဲ့ကြ သည်။ ထရန့်ကို ထောက်ခံသူ ထောင် ပေါင်းများစွာသည် ရဲများကို တက်နင်း၍ လွှတ်တော်ခန်းမအတွင်း ကျူးကျော် စီးနင်းဝင်ရောက်ခဲ့ကြရာ လွှတ်တော် အမတ်များ အသက်လုပြေးခဲ့ကြရ သည်။
ကွန်ဂရက်အစည်းအဝေး ကျင်းပရာ Capitol အဆောက်အအုံကို ထရန့် ထောက်ခံသူများ ဝင်ရောက်စီးနင်းခဲ့မှု တစ်နှစ်ပြည့်မြောက်သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့တွင် သမ္မတ ဂျိုးဘိုင်ဒင်က “Capitol အဆောက် အအုံကို စီးနင်းခဲ့သဖြင့် အမေရိကန် ဒီမိုကရေစီစနစ်ပြိုကွဲလုဆဲ အနေအထား ဖြစ်ခဲ့ကြောင်း” ဝေဖန်ခဲ့သည်။ တစ်ဆက် တည်းမှာပင် “ကျွန်တော်ကတော့ ဒီမို ကရေစီလည်ပင်းကို ဘယ်သူ့ကိုမှ ဓားနဲ့ ထိုးဖို့ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကျွန်တော် တို့ဟာ နိုင်ငံရေးအကြမ်းဖက်မှုကို စံနှုန်း အဖြစ် လက်ခံတဲ့နိုင်ငံဖြစ်လာတော့ မှာလား”ဟု ဘိုင်ဒင်က မေးခွန်းထုတ် ခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံ တွင်လည်း ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အာဏာရ ပါတီ NLD အစိုးရ၏ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲ ရလဒ်များကြောင့် တပ်မတော်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ အာဏာကို ခေတ္တထိန်းသိမ်းတာဝန်ယူ ခဲ့ရသည်။
တပ်မတော်သည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရ ဖွဲ့စည်း၍ “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမို ကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော် တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်”ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် ထည့်သွင်းဖော်ပြ၍ ကြေညာ ခဲ့သည်။
သို့ရာတွင် ပြည်တွင်း ပြည်ပ သွေးထိုး လှုံ့ဆော်မှုများကြောင့် မသိနားမလည်သူ အချို့နှင့် လူငယ်လူရွယ် အချို့တို့သည် ယခင်က လက်ဝဲအိုင်ဒီယိုလော်ဂျီတစ်ခု ဖြစ်သည့် “ရန်၊ ငါ” စည်းခြား၍ တည်ဆဲ အစိုးရအပေါ် နွေဦးတော်လှန်ရေးဟု ဆိုကာ လက်နက်ကိုင်အကြမ်းဖက် လမ်းစဉ်ကို ကိုင်စွဲ၍ ဒီမိုကရေစီရှာပုံတော် ဖွင့်ခဲ့ကြပြန်ပါသည်။
တကယ်တော့ ဒီမိုကရေစီစနစ် ဆိုသည်မှာ ၁၉၈၈ အရေးအခင်းကာလ က သမ္မတ ဒေါက်တာမောင်မောင်ကို ကလေးလူငယ်များက လူကြီးများ သင်ပေးထားသည့်အတိုင်း “မောင်မောင်၊ ငါတို့ကို ဒီမိုကရေစီချက်ချင်းပေး”ဟူ၍ အင်္ကျီအိတ်ကပ်ထဲက မုန့်ဖိုးတောင်း သလို တောင်းယူရမည့် အရာဝတ္ထု တစ်ခုမဟုတ်ပါ။ ထို့အတူ ၁၉၈၈ အရေးအခင်းကာလနှင့် လက်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရ ခေတ်တို့တွင် လက်နက်ကိုင် တိုက်ယူ၍ ရသည့်အရာ လည်း မဟုတ်ပါ။ ဆူပူအကြမ်းဖက် သတ်ဖြတ်ယူ၍လည်း မရစကောင်းပါ။ ပြည်သူတစ်ရပ်လုံး စုစုစည်းစည်း၊ ညီညီညွတ်ညွတ်ဖြင့် အကောင်အထည် ဖော်တည်ဆောက်ရမည့် စနစ်တစ်ခု သာဖြစ်ပေသည်။
ထိုသို့ ဒီမိုကရေစီတစ်ရပ်ကို အကောင်အထည်ဖော် တည်ဆောက်ရာ တွင် အတိတ်သမိုင်းသင်ခန်းစာများအရ ပြည်ပနိုင်ငံကြီးများ၏ ဒီမိုကရေစီကို တိုက်ရိုက်ပုံတူ ကူးချခြင်းများထက် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ သမိုင်း အစဉ်အလာ စံနှုန်းများဖြစ်သော အမျိုးဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းအစဉ်အလာများနှင့် အံဝင် ခွင်ကျ၊ လိုက်လျောညီထွေကိုက်ညီမှု ရှိသည့် မြန်မာ့ဒီမိုကရေစီစနစ်နှင့် မြန်မာ့ဒီမိုကရေစီယဉ်ကျေးမှု လူ့ဘောင် ကို ထည့်သွင်းစဉ်းစားသင့်ပေသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးဗိသုကာ တိန့်ရှောင်ဖိန်က ၁၉၈၂ ခုနှစ် စက်တင်ဘာလက ကျင်းပ ခဲ့သော တရုတ်ပြည်ကွန်မြူနစ်ပါတီ (၁၂)ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကွန်ဂရက်ဖွင့်ပွဲ အခမ်းအနားတွင် “ကျွန်တော်တို့ရဲ့ ခေတ်မီတည်ဆောက် ရေးဟာ တရုတ်ပြည်ရဲ့ တကယ့် လက်တွေ့က အစချီရမယ်။ တော်လှန် ရေးပဲဖြစ်ဖြစ်၊ တည်ဆောက်ရေးပဲ ဖြစ်ဖြစ် တိုင်းတစ်ပါးရဲ့အတွေ့အကြုံကို လေ့လာရာနဲ့ မှီငြမ်းကိုးကားရာမှာ သတိ ထားဖို့ လိုပါတယ်။ ဒါပေမယ့် တခြား နိုင်ငံရဲ့ အတွေ့အကြုံဖြစ်ဖြစ်၊ ပုံစံကို ဖြစ်ဖြစ်၊ ပုံတူကူးချတာဖြစ်ဖြစ် အတုံး လိုက်၊ အတစ်လိုက် ပုံတူကူးချခြင်းဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး။ ဒီဘက်မှာ မနည်းလှတဲ့ သင်ခန်းစာတွေ ကျွန်တော်တို့မှာရှိခဲ့ပြီးပါပြီ”ဟု ပြောကြား ခဲ့သည်။
တိန့်ရှောင်ဖိန်၏ အိုင်ဒီယိုလော်ဂျီ အတိုင်း တရုတ်ပြည်သည် ပြုပြင် ပြောင်းလဲရေး နည်းနာများကို ဖော်ဆောင်ရာတွင် စီးပွားနယ်ပယ်မှ ဦးစွာစတင်ခဲ့သည်။ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို တစ်စတစ်စ တွန်းတင်ပေးနိုင်သည်နှင့်အမျှ နောက်ထပ် တစ်လှမ်းပြီးတစ်လှမ်း နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေးအရေးကိစ္စ ဆွေးနွေး ရေးအစီအစဉ်ကို မျှော်မှန်းခဲ့သည်။
တစ်ချိန်က အင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့သည့် ဆိုဗီယက် ပြည်ထောင်စုကမူ တရုတ်ပြည်နှင့် ပြောင်းပြန် ပြုပြင်ပြောင်းလဲမှုကို စတင်ခဲ့သည်။ ၁၉၈၅ ခုနှစ် ဂေါ်ဗာ ချော့ဗ် အာဏာရလာပြီးနောက်တွင် အတွေးအခေါ်သစ် ပွင့်လင်းမှု၊ မတူ ကွဲပြားမှု စသည့် ကြွေးကြော်သံများဖြင့် ဘာမျှပြည့်ပြည့်စုံစုံ ပြင်ဆင်ထားမှု မရှိသည့် အခြေအနေအောက်တွင် နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေးကို အလျင်စလို ကမန်းကတမ်း ဆောင်ရွက် ခဲ့သည်။
နောက်ဆက်တွဲရလဒ်အဖြစ် ၁၉၉၀ ပြည့်နှစ် ဆောင်းကူးရာသီရောက်ချိန် တွင် ကုန်စုံဆိုင်များ၌ ကုန်ပစ္စည်းမရှိ ရှားပါးပြတ်လပ်မှုများဖြင့်ပင် ကြုံတွေ့ ခဲ့ရပြီး လူထုအုံကြွမှုများ ပေါ်ပေါက် လာကာ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလတွင် ကမ္ဘာ့အကြီးဆုံး ဆိုရှယ်လစ်နိုင်ငံတော် ဖြစ်ခဲ့သည့် ဆိုဗီယက်ပြည်ထောင်စု နိုင်ငံတော်ကြီး ဖရိုဖရဲပြိုကွဲသွားခဲ့ရ သည်။
ဆိုဗီယက်ပြည်ထောင်စုကြီး ထိုသို့ ပြိုကွဲပျက်စီးသွားခဲ့ရခြင်းနှင့် ပတ်သက် ၍ တရုတ်ကွန်မြူနစ်ပါတီက“ဆိုဗီယက် နှင့် အရှေ့ဥရောပနိုင်ငံတွေဟာ ဒုံးပျံ နည်းနေတာ မဟုတ်ပါဘူး။ ပေါင်မုန့်နဲ့ ထောပတ် မလုံမလောက်ဖြစ်နေတာ ပါ”ဟု သုံးသပ်ခဲ့လေသည်။
တိန့်ရှောင်ဖိန်ကမူ “ကမ္ဘာပေါ်က နိုင်ငံတချို့ ပြဿနာပေါ်တယ်ဆိုတာ အရင်းခံအားဖြင့် စီးပွားရေးတိုးတက်မှု မရှိတာကြောင့် စားစရာမရှိ၊ ဝတ်စရာ မရှိ၊ လုပ်ခတိုးပေမယ့် ကုန်ဈေးနှုန်းက တက်နေတော့ ဒုံရင်းဒုံရင်းဖြစ်နေခြင်း၊ နေထိုင်စားသောက်မှု အဆင့်အတန်း နိမ့်ကျသွားခြင်း၊ ဘဝကို ရေရှည် ကျပ်ကျပ်တည်းတည်း ဖြတ်ကျော် နေထိုင်ရခြင်းတို့ကြောင့်ပါပဲ” ဟု ဆိုသည်။
ဤသို့ဆိုလျှင် ဒီမိုကရေစီစနစ်သည် ခြောက်ပစ်ကင်းသဲလဲစင်သည့် စနစ် တစ်ခုတော့မဟုတ်။ ကျွန်တော်တို့ ငယ်ငယ်က ထင်မှတ်ခဲ့သလို ဒီမိုကရေစီ ရရင်ပဲ ပဒေသာပင်ကြီး မြေကထပေါက် သကဲ့သို့ နေချင်သလိုနေ၊ စားချင်သလိုစား ဘာမျှမလုပ်ရဘဲ ချမ်းသာကြွယ်ဝသွား သည့် စနစ်ကြီးတစ်ခုလည်း မဟုတ်။ ဒီမိုကရေစီစနစ်သည် အားသာချက်များ ရှိသလို အားနည်းချက်များကလည်း ဗရပွပင်။ သို့တစေ ဒီမိုကရေစီစနစ်ကို ကျွန်တော်အပါအဝင် မြန်မာပြည်သူ အများစုသည် နှစ်သက်သဘောကျပါ သည်။
သို့ဆိုလျှင် လစ်ဘရယ်ဒီမိုကရေစီ၊ ကိုယ်စားပြုဒီမိုကရေစီ၊ ပူးပေါင်းပါဝင် လုပ်ဆောင်မှုဒီမိုကရေစီ၊ တိုက်ရိုက် ဒီမိုကရေစီ စသဖြင့် အရောင်အသွေး စုံလင်လှသည့် ဒီမိုကရေစီ ပန်းဥယျာဉ် ကြီးအတွင်းက ဘယ်ဒီမိုကရေစီပန်းကို ဆွတ်ခူးရယူကြမလဲဆိုသည်က စဉ်းစား စရာတစ်ခုဖြစ်သည်။ ကျွန်တော်ကမူ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ဘာသာသာသနာ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ဂုဏ်ယူဖွယ် သမိုင်းကြောင်းအစဉ်အလာများနှင့် ဖီလာ ဆန့်ကျင်သွေဖည်မှုမရှိဘဲ လိုက်လျော ညီထွေစွာ လိုက်နာကျင့်သုံး၍ ရနိုင်မည့် ဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီကျင့်စဉ် ကို ပို၍ အလေးထားမျှော်မှန်းမိပါ ၏ ။ ။
ကိုးကား -
ဒေါက်တာမောင်မောင်၏ “မြန်မာ နိုင်ငံ၏ ၁၉၈၈ ခုနှစ် အရေးအခင်း”၊
ရဲဘော်မိုးဦး၏ “တရုတ်ပြည် ကွန်မြူနစ်ပါတီ ဘာကြောင့် စွမ်းဆောင် နိုင်ခဲ့တာလဲ (သမိုင်းကို ခြေရာ ကောက်ကြည့်ခြင်း)”၊
မောင်ဝံသ၏ “နိုင်ငံတကာအတွေး နိုင်ငံတကာအမြင်”။
- Log in to post comments