
မောင်သမ္မာဒိဋ္ဌိ
ဒီမိုကရေစီစနစ်သည် ၉၆ ပါးရောဂါစလုံး ပျောက်ကင်းနိုင်သော ဣစ္ဆာသယဆေး လုံးဝ မဟုတ်သကဲ့သို့ နိုင်ငံရေးအားဖြင့် “နိုင်ငံရေးမူဝါဒ” မဟုတ်ဘဲ “နိုင်ငံရေးကျင့်စဉ်” တစ်ရပ်မျှသာ ဖြစ်ပါသည်။ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျှင် ပါလီမန်ဒီမိုကရေစီ ကျင့်စဉ်၊ ဆိုရှယ်လစ် ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျှင် ဆိုရှယ်လစ်ဒီမိုကရေစီကျင့်စဉ် ဖြစ်သွားသည်။ အလားတူ “ငါနှင့်ငါသာ နှိုင်းစရာတည်း” ဟုခံယူကာ “တစ်ပါတီ အာဏာရှင်စနစ်” ကို ကျင့်သုံးလျှင် “ဒီမိုကရေစီအာဏာရှင်စနစ်” ဧကန်ဖြစ်သွားမည်။
သို့ဖြစ်၍ ဒီမိုကရေစီသည် ရေနှင့်တူသည်ဟု ခိုင်းနှိုင်းနိုင်ပါသည်။ ရေသည် ထည့်သည့်ပစ္စည်းများပေါ်တွင် မူတည်၍ ပုံဏ္ဌာန်အနေအထား ပြောင်းလဲသွားသကဲ့သို့ ဒီမိုကရေစီကျင့်စဉ်သည်လည်း နိုင်ငံရေး မူဝါဒပေါ်တွင် မူတည်၍ပြောင်းလဲသွားတတ်ပါသည်။
“ဒီမိုကရေစီ၏ အနက်အဓိပ္ပာယ်ကို နိုင်ငံရေးသိပ္ပံပညာရှင်များ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ အတွေးအခေါ်ပညာရှင်များနှင့် သမိုင်း ပညာရှင်များက အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြစေကာမူ ရှေးဟောင်းဂရိ ခေတ်ကကဲ့သို့ “တိုက်ရိုက်ဒီမိုကရေစီကျင့်စဉ်” ကို ကျင့်သုံးရန်လည်း လုံးဝမဖြစ်နိုင်ပါ။ ပြောသာပြောရသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၇၀၀ ကျော်က ရှေးဟောင်းဂရိခေတ်၌ ကျင့်သုံးခဲ့သော ဒီမိုကရေစီကျင့်စဉ်ကို “တိုက်ရိုက်ဒီမိုကရေစီ” ဟု ပြောဆိုသတ်မှတ်ခဲ့ကြသော်လည်း လက်တွေ့စင်စစ်မှာ “တိုက်ရိုက် ဒီမိုကရေစီအစစ်အမှန်” မဟုတ်သည် ကို လေ့လာတွေ့ရှိရသည်။
ထိုစဉ်က အေသင်၊ စပါတန် စသည့်မြို့ပြနိုင်ငံများသည် ဒီမိုကရေစီ ကို တိုက်ရိုက်ကျင့်သုံးခဲ့သည်ဟု ဆိုခဲ့ကြသည်။ ထိုစဉ်က လူဦးရေ သုံးသိန်းရှိခဲ့သော ဂရိမြို့ပြနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ကိုယ်စား လှယ် ရွေးချယ်တင်မြှောက်ပွဲများ၌ ဆန္ဒမဲပေးရွေးချယ်ခွင့်ရှိသူဦးရေမှာ လူဦးရေ သုံးသိန်း မဟုတ်ခဲ့ပါ။ ထိုဦးရေထဲ၌ ကျန်တစ်သိန်းမှာ ရွေးချယ်တင်မြှောက်ပွဲသို့ လုံးဝတက်ရောက်ခွင့် မရရှိခဲ့ပါ။ နိုင်ငံခြား သား (အခြား မြို့ပြနိုင်ငံသား) တစ်သိန်းမှာလည်း လုံးဝတက်ရောက်ခွင့် မရရှိခဲ့ပါ။ အမျိုးသမီး တစ်သိန်းကျော်မှာလည်း လုံးဝတက်ရောက်ခွင့် မရရှိသကဲ့သို့ အသက် ၂၁ နှစ် မပြည့်သူများမှာလည်း တက်ရောက်ခွင့် မရရှိခဲ့ကြပါ။
ထိုစဉ်က တိုက်ရိုက်ကျင့်သုံးသည့် ဒီမိုကရေစီရွေးချယ်တင်မြှောက် ပွဲသို့ အမှန်တကယ်တက်ရောက်ခွင့်ရရှိခဲ့ကြသည့် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၆၀၀၀ မျှသာ တက်ရောက်ခွင့်ရရှိခဲ့ကြသည်။ ထိုဦးရေ ၆၀၀၀ အနက်ထက်ဝက်ကျော်ဖြစ်သော ကိုယ်စားလှယ်ဦးရေ ၃၀၀၀ ကျော်ကသာ လုပ်ပိုင်ခွင့်အာဏာများ ရယူလိုက်ကြပြီး အရာရာကို ဆုံးဖြတ်ကြရာ ရာထူးများခန့်ထားခြင်း၊ ဖြုတ်ချခြင်း၊ သေဒဏ်ပေးခြင်း၊ စစ်ကြေညာခြင်း၊ စစ်တိုက်သိမ်းခြင်း စသည့်အခွင့်အာဏာအမျိုးမျိုး သည် ထိုအာဏာပိုင်ကိုယ်စားလှယ် ၃၀၀၀ ကျော် လက်ထဲသို့ ရောက်ရှိ သွားခဲ့သည်ကိုသာ တွေ့ရှိရသည်။
အမှန်တကယ် ဆန်းစစ်ကြည့်ပါက လုပ်ပိုင်ခွင့်အာဏာရ လူ ၃၀၀၀ မှာ လူဦးရေ သုံးသိန်း၏ ၁ ရာခိုင်နှုန်းမျှသာ ဖြစ်နေသည်ကို တွေ့ရှိကြရမည်ဖြစ်သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် တိုက်ရိုက် ဒီမိုကရေစီကျင့်သုံးရာမှာပင် အကန့်အသတ်များ၊ အားနည်းချက်များ၊ ချို့ယွင်းချက်များစွာရှိနေသည်ကို မျက်ဝါးထင်ထင်တွေ့မြင်ကြရမည် ဖြစ်သည်။ ထို့ကြောင့် လူ့အဖွဲ့အစည်းတစ်ရပ်တွင် ရာနှုန်းပြည့် ဒီမို ကရေစီဆိုသည်မှာ လုံးဝမဖြစ်နိုင်ကြောင်း ထင်ရှားနေပါသည်။
သွယ်ဝိုက်ဒီမိုကရေစီနှင့် ရွေးကောက်ပွဲနိုင်သူအကုန်ယူ ဆန္ဒမဲပေးစနစ်
ဒီမိုကရေစီကျင့်စဉ်သည် မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိနိုင်ငံသမိုင်း၊ ရေခံမြေခံ ပထဝီဝင်နောက်ခံအနေအထား၊ ယဉ်ကျေးမှုဓလေ့ထုံးစံအခြေအနေများပေါ်တွင် မူတည်၍ တည်ဆောက်ကြရစမြဲဖြစ်ရာ ဒီမိုကရေစီကို “ပုံတူကူးချ ဒီမိုကရေစီ” ပြုလုပ်၍မရပါ။ ဒီမိုကရေစီ သည် ပို့ကုန် / သွင်းကုန်ပစ္စည်း လုံးဝမဟုတ်သောကြောင့်ပင် ဖြစ်သည်။
နိုင်ငံတကာ လစ်ဘရယ်ဒီမိုကရေစီအမည်ခံပုဂ္ဂိုလ်များက ဒီမို ကရေစီကျင့်စဉ်ကို နိုင်ငံတကာဒီမိုကရေစီစံနှုန်းများဖြင့် တိုင်းတာ လျက်ရှိကြရာ ထိုသို့တိုင်းတာနေကြသော ဒီမိုကရေစီဘိုးအေ နိုင်ငံကြီး များကရော မည်မျှလောက် ဒီမိုကရေစီစံနှုန်းများဖြင့် ပြည့်ဝနေကြပါ သနည်း။ ထိုသူတို့၏ လုပ်ရပ်များမှာ လိုလျှင်လိုသလို၊ မလိုလျှင် မလို သလို၊ မီးစ တစ်ဖက်၊ ရေမှုတ်တစ်ဖက် ပြည်တွင်းရေးကို ဝင်ရောက်စွက် ဖက် ခြယ်လှယ်နေကြသည့် လုပ်ရပ်မျိုးပင်ဖြစ်နေသည်။ သူတို့၏ လစ်ဘရယ်ဒီမိုကရေစီသည် “နိုင်ငံရေးကြော်ငြာ” အသံကောင်းဟစ်မှု တစ်ခုမျှသာရှိသည်ကို သူတို့၏ လက်တွေ့ လုပ်ရပ်များက ပြယုဂ်အဖြစ် အထင်အရှား သက်သေခံနေပြီဖြစ်သည်။ နားလှည့်ပါးရိုက်မည့် လုပ်ရပ် ဖြစ်သည်ကို မြင်အောင်ကြည့်တတ်ဖို့ လိုပါသည်။ ထိုသို့ မြင်အောင် ကြည့်တတ်ရန်မှာ အမျိုးသားရေးကြံ့ခိုင်မှု စွမ်းအားရှိကြဖို့ အဓိက လိုအပ်လှပါသည်။
ဗြိတိန်နိုင်ငံ၏ ပါလီမန်ဒီမိုကရေစီစနစ်
ဒီမိုကရေစီ ဗဟိုဦးစီးစနစ်ကို ဗြောင်ကျကျ လက်တွေ့ကျင့်သုံးနေ ကြသည့် ဝါရင့်ဒီမိုကရေစီနိုင်ငံများ လက်ညှိုးထိုး၍ မလွဲနိုင်အောင်ရှိနေ သည်။ ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးတစ်နိုင်ငံဟု သူတို့ဘာသာ သူတို့ သတ်မှတ်ကြွေးကြော် လက်မထောင်နေသော နိုင်ငံတစ်နိုင်ငံမှာ ဗြိတိန်(UK)နိုင်ငံဖြစ်သည်။ ဗြိတိန်နိုင်ငံ၏ ပါလီမန်ဒီမိုကရေစီစနစ်အရ အထက်လွှတ်တော်ကြီးတွင် အမတ်ဦးရေ စုစုပေါင်း ၆၅၉ ဦးကို ရွေးချယ်တင်မြှောက်ခြင်း လုံးဝမပြုဘဲ ဗြိတိန်ဘုရင်မကြီးကိုယ်တိုင် ဗဟိုဦးစီးစနစ်ဖြင့် တိုက်ရိုက်ခန့်ထားပေးထားသည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၄၀၀ ကျော်လာခဲ့ပြီကို ကြည့်ရုံနှင့်ပင် ထင်ထင်ရှားရှား သိသာနိုင်ပါပြီ။ အလားတူပင် ကနေဒါနိုင်ငံတွင်လည်း အထက် လွှတ်တော်အမတ်အားလုံးကို ဆန္ဒမဲဖြင့် ရွေးချယ်တင်မြောက်ခြင်း လုံးဝမပြုဘဲ တိုက်ရိုက်ခန့်တာဝန်ပေးလျက်ရှိသည်။ အာဆီယံနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဘရူနိုင်းနိုင်ငံတွင် အထက်လွှတ်တော်အမတ် အားလုံးကို ရွေးချယ်တင်မြှောက်ခြင်းလုံးဝမပြုဘဲ ဘုရင်ကတိုက်ရိုက် ခန့်ထားပြီး ဝန်ကြီးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးလျက်ရှိသည်။
ဤသည်ကို ဆီလိုအပေါက်ရှာနေသော လစ်ဘရယ်ဝါဒီ တစ်ပါတီ အာဏာရှင်ဖြစ်အောင် နိုင်ငံရေးအာဏာကို လှည့်ဖြားရယူလိုသူများက အမိမြန်မာပြည်၏ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံရေးကျင့်စဉ် ကို “အမျိုးသားရေးလိုအပ်ချက်များနှင့် သမိုင်းရေးလိုအပ်ချက်များ” အရ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဦးရေ ၂၅ ရာခိုင်နှုန်း မှာ မလွှဲမရှောင်သာသည့် အခြေအနေများကြောင့် ပါဝင်ဆောင်ရွက်နေ ကြရသည်ကို မသိကျိုးကျွန်ပြုကာ အမြဲဝင်ရောက်စွက်ဖက်ပြီး မည်သည့် ဒီမိုကရေစီပေတံဖြင့်တိုင်းတာနေကြပါသနည်း။ ကိုယ့်ဝမ်းနာ ကိုယ်သာသိသည်ဆိုသကဲ့သို့ လစ်ဘရယ်ဒီမိုကရေစီ အမည်ခံပြီး ပြည်သူကို “အပေါစားစည်းရုံးရေး” ဖြင့် လှည့်ဖြားသိမ်းသွင်းကာ နားလှည့် ပါးရိုက်မည့် တစ်ပါတီအာဏာရှင် သက်ဆိုးရှည်ရေးကို ကျင့်သုံးလိုသူ များကသာ သမိုင်း၏ တရားခံများအဖြစ် အသုံးတော်ခံနေကြမည် ဖြစ်သည်။
သွယ်ဝိုက်ဒီမိုကရေစီကျင့်စဉ်တွင်လည်း ရာနှုန်းပြည့် ဒီမိုကရေစီကို လုံးဝမကျင့်သုံးနိုင်ကြသည်ကို အထောက်အထား သာဓကတချို့ဖြင့် တင်ပြလိုပါသည်။ ဥပမာ ဆိုကြပါစို့၊ ဆန္ဒမဲပေးသူဦးရေ တစ်သိန်းရှိ သော မဲဆန္ဒနယ်တစ်နယ်၌ပင် ပါဝင်ယှဉ်ပြိုင်ကြသော ကိုယ်စားလှယ် လောင်း ၁၀ ဦးမှာ မဲဆန္ဒနယ်မြေ၌ ဆန္ဒမဲတစ်သောင်းဝန်းကျင် ရရှိ ကြသည် ဆိုပါစို့။ ထိုသို့ကိုယ်စားလှယ်လောင်း ၁၀ ဦးထဲမှ မဆိုစလောက် သော ဆန္ဒမဲရရှိသွားသူတစ်ဦးက အနိုင်ရရှိသွားပြီး ကျန်ကိုးဦးမှာ အလိုအလျောက် ရှုံးနိမ့်သွားကြရသည်။ ထိုအခါ မဲဆန္ဒရှင်ပေါင်း ကိုးသောင်းနီးပါးက အရှုံးပေါ်ရသည့်အဖြစ်သို့ ရောက်ရှိသွားရလေတော့ သည်။ ထိုရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ကိုယ်စားလှယ်ကပင် မိမိ အား မဲဆန္ဒရှင်ဦးရေ တစ်သောင်းကျော်ကမဲပေးပြီး ကျန် ကိုးသောင်း ကျော်နီးပါးက ဆန္ဒမဲမပေးဘဲ ကန့်ကွက်ထားသည်ကို မသိဟန်ဆောင် ကာ မဲဆန္ဒရှင်ပြည်သူအများစု၏ ကိုယ်စားလှယ်တော်ကြီးအဖြစ် လက်မထောင်ဟစ်ကြွေးအောင်ပွဲခံနေသည်မှာ မျှတသင့်လျော်လှသည် တော့ မဟုတ်ပါ။
ဒီမိုကရေစီကျင့်စဉ်တွင် “ဆန္ဒမဲအများဆုံးက အနိုင်ယူသည့် ရွေး ကောက်ပွဲစနစ်” (FPTP = First Past the Post)သို့မဟုတ် “နိုင်သူ အကုန်ယူ မဲပေးစနစ်”(Winner take All)၏ ဆိုးရွားလှသော မသင့် လျော်သည့် ရွေးကောက်ပွဲစနစ်ဖြစ်လာခဲ့သည်။
ထို့ကြောင့် ဒီမိုကရေစီနိုင်ငံပေါင်းများစွာက ဆန္ဒမဲအများဆုံးက အနိုင်ယူသည့် စနစ်ကို လက်မခံကြတော့ဘဲ နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲ အရေအတွက်အရ ဥပဒေပြုလွှတ်တော် တွင် “အချိုးကျခွဲဝေရယူရသည့်စနစ်” (PR=Proportional Repres-entation System) ကို ပြောင်းလဲကျင့်သုံးလာခဲ့ကြသည်ကို တွေ့ရ သည်။
ဤ “အချိုးကျကိုယ်စားပြုရွေးချယ်တင်မြှောက်မှုစနစ်” (PR) ကို အင်္ဂလိပ်နိုင်ငံရေး ဘောဂဗေဒပညာရှင် “ ဂျွန်စတုရပ်မေးလ်” (John Stuart Mill) က စတင်ဖော်ထုတ်ခဲ့သည်။ အကြောင်းရင်းမှာ မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒမဲများ လေလွင့်ဆုံးရှုံးနေရခြင်းကို ကာကွယ်ပေးလို ခြင်းကြောင့်ပင် ဖြစ်သည်။ ဆန္ဒမဲအများဆုံးရရှိသူက အနိုင်ယူသည့် ရွေးကောက်ပွဲစနစ်မှာ အင်အားကြီးပါတီမှ “ဗိုလ်ကျသည့် ပုံစံမျိုး” ဖြစ်လာရခြင်း၊ အနိုင်မရသည့် ကိုယ်စားလှယ်ကို ဆန္ဒမဲပေးကြသည့် ပြည်သူအများမှာ ကိုယ်စားပြုမှု ဆုံးရှုံးရခြင်း၊ လူမျိုးစုကဲ့သို့သော နိုင်ငံရေးပါတီငယ်များ၊ အခြားနိုင်ငံရေးပါတီငယ်များမှာ နိုင်ငံရေး စည်းဝိုင်းအပြင်ဘက်သို့ အလိုအလျောက်ရောက်ရှိသွားရခြင်း၊ နိုင်ငံရေး ပါတီကြီးများ အချင်းချင်း အားပြိုင်သည့်အခါ “ရွေးကောက်ခံအာဏာရှင် စနစ်” ပေါ်ပေါက်လာခြင်းတို့ကြောင့် “အချိုးကျ ကိုယ်စားပြု ရွေးချယ် တင်မြှောက်မှုစနစ်” ကို တွင်ကျယ်စွာ ကျင့်သုံးလာကြခြင်းဖြစ်ပါသည်။
တိုင်းရင်းသားပြည်သူများထံမှ အကြံပြုချက်များ တောင်းခံ
လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအတွက် ရွေးကောက်ဝင်ရောက်ကြမည့် နိုင်ငံရေးပါတီအများစုသည်“အချိုးကျ ကိုယ်စားပြုရွေးချယ်တင်မြှောက်မှုစနစ်” ကို ကျင့်သုံးနိုင်ရန် ရွေးချယ် တင်မြှောက်ပွဲကော်မရှင်သို့ ဆန္ဒပြု အကြံပြုလျက်ရှိကြသည်ကို အားရဖွယ်သိရသည်။ ကော်မရှင်ကပင် “အချိုးကျ ကိုယ်စားပြုစနစ်” (PR) နှင့်ပတ်သက်၍ တိုင်းရင်းသားပြည်သူများထံမှ အကြံပြုချက်များ တောင်းခံလျက်ရှိသည်ကိုလည်း တွေ့ရသည်။
စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်နှင့်အတူ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအတွက် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် အဓွန့်ရှည်ခိုင်မာတည်တံ့စွာ တည်ဆောက် ရပ်တည်နေနိုင် ရေးအတွက် နိုင်ငံရေးပါတီအားလုံးသည် နိုင်ငံတော်၏ ဦးသျှောင်၊ ပြည်သူတို့၏ အမာခံရှေ့ဆောင်၊ အကျိုးတော်ဆောင်ကောင်းများ ဖြစ်ကြပါသည်။
နိုင်ငံတော်၏ ဦးသျှောင်များဖြစ်သောကြောင့် တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်၊ ဝံသာနုရက္ခိတတရားကို လက်ကိုင်ထားလျက် ကိုယ်ကျိုး မဖက် တိုင်းပြည်နှင့် လူမျိုးကောင်းကျိုးများကိုသာ ရှေးရှုဆောင်ရွက်ကြ မည်ဟု ယုံကြည်ပါသည်။ နိုင်ငံတော်ကို ဦးဆောင်ဦးရွက်တာဝန်ယူ ဆောင်ရွက်ကြမည့် နိုင်ငံရေးဗိသုကာများအနေဖြင့် နိုင်ငံတော်တွင် (၁) နိုင်ငံရေးအင်အား (Political Might)၊ (၂) စီးပွားရေးအင်အား (Economic Might)၊ (၃) ကာကွယ်ရေးအင်အား (Military Might) ဟူသော မရှိမဖြစ်လိုအပ်သည့် အင်အားသုံးရပ်စလုံး ပြည့်စုံအောင် ဦးဆောင် ဆောင်ရွက်နိုင်ကြမှသာ “ အင်အား တောင့်တင်း၍ သန့်ရှင်း သော အစိုးရနှင့် အုပ်ချုပ်မှုကောင်းမွန်ခြင်း” တို့ မလွဲမသွေပေါ်ပေါက် လာမည်ဖြစ်ပြီး “တစ်မျိုးသားလုံး၏ အကျိုးစီးပွား” တစ်ခုလုံး ဖွံ့ဖြိုး တိုးတက်ကာ နိုင်ငံတော်နှင့် ပြည်သူတို့သည် ရေဇလာမြင့်သည်နှင့်အမျှ ရွှေကြာပွင့်တင့်သကဲ့သို့ ရှိနေမည်မှာ ဧကန်ဧကဒိဋ္ဌ ဓမ္မတရားပင်တည်း။
သို့ဖြစ်၍ တိုင်းပြည်နှင့် လူမျိုးကောင်းကျိုးကိုသာ ရှေးရှုလျက် “မူ စေတနာမှန် လူနေရာမှန်” ဖြစ်နေအောင် မျှတမှန်ကန် အသင့် လျော်ဆုံးသော ရွေးချယ်တင်မြှောက်ပွဲ စနစ်ကိုသာ မဖြစ်မနေကျင့်သုံး ဖော်ဆောင်ကြရန် အဓိကကျနေပါသည်။ အချုပ်ဆိုရပါလျှင် “ဒီမို ကရေစီခေတ်မှာ လူဖြစ်လာသောအခါ လူတိုင်း လူတိုင်း တရားမျှတစွာ လူဖြစ်ရကျိုးနပ်ကြပါစေ” ဟုသာ အရေးထားလေးစားစွာဖြင့် ရေးသား ဆန္ဒပြု တင်ပြအပ်ပါသတည်း။ ။
- Log in to post comments