ဒီမိုကရေစီရှေ့ခရီးအတွက် တည်ငြိမ်အေးချမ်းမှုကို မဖြစ်မနေတည်ဆောက်

 

(၁) စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ ရေးနှင့် (၂) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့သည် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ စတင်ဖွဲ့စည်းစဉ်ကပင် ချမှတ်ဆောင်ရွက်ခဲ့သည့် နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်ဖြစ်သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့သည်  တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒဖြစ်သည်နှင့် အညီ နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်ကို အကောင်အထည်ဖော်ရာ တွင်    နိုင်ငံသားတိုင်း   ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့်   ပိုမို လျင်မြန်စွာ ပြီးမြောက်အောင်မြင်နိုင်မည်ဖြစ်သည်။


ပြည်သူတစ်ရပ်လုံးလိုလားသည့် ဒီမိုကရေစီစနစ်ကို ခိုင်မာစွာ လျှောက်လှမ်းရာတွင် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုး မှုတို့ မဖြစ်မနေ လိုအပ်သော်လည်း လက်ရှိအခြေအနေတွင် ရှမ်း ပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသအချို့၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လျက် ရှိပြီး NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများကလည်း နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ပြည်သူလူထုအတွင်း ကြောက်ရွံ့ထိတ်လန့်မှုနှင့် လူမှုစီးပွားဘဝ များ ဆုံးရှုံးမှုတို့ ဖြစ်ပေါ်လျက်ရှိသည်။ နိုင်ငံတစ်ဝန်း အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ သုံးနှစ်တာကာလအတွင်း ရဟန်း/သံဃာ ၇၇ ပါး၊ သီလရှင်နှစ်ပါး၊   အပြစ်မဲ့ပြည်သူ ၅၆၇၇ ဦး၊ နိုင်ငံ့ဝန်ထမ်း ၁၁၂၄ ဦး စုစုပေါင်း ၆၈၈၀    သေဆုံးခဲ့ရပြီး     ဆက်သွယ်ရေး/လျှပ်စစ်တာဝါတိုင် ၅၅၉ ခု၊  ကျန်းမာရေးအဆောက်အဦ  ၅၃  လုံး၊ ဘာသာရေး အဆောက်အဦ  ၆၆ လုံး၊ လမ်းတံတား/တိုးဂိတ်အဆောက်အဦ ၁၄၈၇ ခု၊   စာသင်ကျောင်း/ ပညာရေးအဆောက်အဦ  ၆၇၀၊ လူနေအိမ်များ၊ အခြားအဆောက်အဦများစွာ ပျက်စီးခဲ့ရသည်။ ရထားလမ်းများနှင့် ဘူတာနယ်မြေများ မိုင်းခွဲဖျက်ဆီးခံရမှု အကြိမ်ပေါင်း ၁၃၀၊ ရထားတံတားများ မိုင်းခွဲဖျက်ဆီးမှု ၄၆ ကြိမ်၊ ဘူတာနှင့် ဝန်ထမ်းနေအိမ်များ ဖျက်ဆီးမှု ၁၂ ခုတို့လည်း အကြမ်း ဖက်တိုက်ခိုက်မှုများပင်ဖြစ်ပြီး ရောင်းဝယ်ဖောက်ကား ခရီးသွား နေကြသည့် ပြည်သူလူထုအပေါ် များစွာထိခိုက်စေခဲ့သည်။


လွတ်လပ်ရေးရပြီးချိန်မှစ၍ နိုင်ငံအတွင်း နှစ်ပေါင်းများစွာ ဖြစ်ပေါ်လာခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးသည် တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒဖြစ်သော်လည်း နိုင်ငံရေး မကျေလည်မှုကို အခြေခံ၍ ဖြစ်ပေါ်လျက်ရှိသည့် အကြမ်းဖက် တိုက်ခိုက်မှုများက ပြည်သူတို့၏ ဆန္ဒနှင့် ဆန့်ကျင်လျက်ရှိသည့် အပြင် အပြစ်မဲ့ပြည်သူတို့ အသက်ဆုံးရှုံးမှု၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများ ဆုံးရှုံးမှု၊ ပညာရေး၊ ကျန်းမာရေး စသည့်အကျိုးစီးပွားများ ဆုံးရှုံး မှုတို့ကြောင့် အကြမ်းဖက်လုပ်ရပ်များကို မလိုလားသည့် ပြည်သူ များ၏ သတင်းပေးမှုများက အကြမ်းဖက်မှုများအား ဟန့်တား နှိမ်နင်းမှုကို ပိုမိုထိရောက်အောင်မြင်စေသည်။ ဖေဖော်ဝါရီ ၂ ရက်က ပဲခူးမြို့နယ်အတွင်း ၁၀၇ မမ ရှော့တိုက်ဒုံးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် အကြမ်းဖက်အဖွဲ့ဆိုလျှင် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပမည့်ညတွင် ပဲခူးမြို့ပေါ်ရှိ လူစည်ကားသည့်  စားသောက်ဆိုင်နှင့် လက်ဖက် ရည်ဆိုင်နေရာများကို ပစ်မှတ်ထားပစ်ခတ်ဖောက်ခွဲရန် စီစဉ်ထား သူများဖြစ်ရာ အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး အကယ်၍သာ ၎င်းတို့၏ အကြံအစည်အောင်မြင်ခဲ့ပါက မတွေးရဲစရာပင်ဖြစ် သည်။ ထို့အပြင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG လက်အောက်ခံ  မန္တလေး PDF နှင့် No-More Dictatorship  အကြမ်းဖက်အဖွဲ့တို့ ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်မှတစ်ဆင့်  လက်နက်/ခဲယမ်းများကို  ကားဂီယာဘောက်အတွင်း ထည့်သွင်း၍ မန္တလေးသို့ သယ်ဆောင်နေခြင်းကိုလည်း အကြမ်း ဖက်မှုကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။


ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး  ရှေ့ဆက်သွားရမည့်ခရီး လျင်မြန်စွာ  ဆောင်ရွက်နိုင်ရန်အတွက်  နိုင်ငံတစ်ဝန်း တည်ငြိမ် အေးချမ်းမှုကို  မဖြစ်မနေတည်ဆောက်ရမည်ဖြစ်ရာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့်   နိုင်ငံတော်ကြီးကို   ဖွံ့ဖြိုးတိုးတက်လိုစိတ်ရှိသူ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရပါ မည့်အကြောင်း။          ။