ဒီမိုကရေစီရှင်သန်ရေးကို မျက်ခြည်မပြတ်

မြန်မာနိုင်ငံ၌  ၂၀၂၀  ပြည့်နှစ်  အထွေထွေ ရွေးကောက်ပွဲကို  နိုဝင်ဘာလ  ၈  ရက်နေ့တွင်  ကျင်းပတော့မည်ဖြစ်သည်။     ရွေးကောက်ပွဲကျင်းပရန်    အချိန်တစ်လကျော်ကျော်သာ ကျန်တော့သဖြင့် ပါတီအသီးသီးနှင့် ကိုယ်စား လှယ်အသီးသီးတို့က မဲဆွယ်စည်းရုံးကြရာတွင်  ကိုဗစ်-၁၉  ရောဂါဖြစ်ပွား နေမှုကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက   အသိပေးထုတ်ပြန် ထားသော    လူစုလူဝေးခြင်း ဆိုင်ရာ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ အချို့ဒေသများ၌ လှုပ်ရှားနေကြသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံသည်    ဒီမိုကရေစီ   အခြေခံခိုင်မာအားကောင်းလာရေးအတွက်  ဒီမိုကရေစီရေသောက်မြစ်    ပင်မပင်စည်အားကောင်းရှင်သန်လာစေ ရန် ကြိုးပမ်းဆောင်ရွက်သည့်နေရာတွင် ငါးနှစ်လျှင် တစ်ကြိမ် ပြည်သူများ ၏ ဆန္ဒနှင့်အညီ ရွေးကောက်တင်မြှောက်သော ပြည်သူ့ကိုယ်စားလှယ်များဖြင့် လွှတ်တော်အသီးသီးကို ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက်လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊  ပြည်ထောင်စုအဆင့်   အဖွဲ့အစည်းများကို ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် လည်းကောင်း ကျင်းပမည့်ရွေးကောက်ပွဲဖြစ်၍  နိုင်ငံအတွက် အရေးကြီး သော လုပ်ငန်းဖြစ်သည်ကို လူတိုင်းနားလည်ကြသလို စိတ်ဝင်စားမှုလည်း ရှိကြပါသည်။ ယခု ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံအတွက်  တတိယ အကြိမ်မြောက် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲကြီးသည်  ယခင် ကျင်းပပြီးခဲ့သည့် ရွေးကောက်ပွဲ နှစ်ကြိမ်နှင့်မတူ တစ်မူထူးခြားနေပါသည်။
အရေးကြီးသော ရွေးကောက်ပွဲကြီးကို အရေးကြီးသော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်တွင် ကျင်းပရသည်ဖြစ်၍   ယခင်နှင့်မတူ   ထူးခြားသော လက္ခဏာအသွင်သဏ္ဌာန်များဖြင့် ကျင်းပရမည့် ရွေးကောက်ပွဲကြီး ဖြစ်နေပါ သည်။ ၂၀၂၀  ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါ  ဖြစ်စဉ်ကြီးသည်  မြန်မာပြည်သူ ပြည်သားများအားလုံးအတွက် ကျန်းမာရေးအရ အထူးအရေးအကြီးဆုံး ဖြစ်သလို   ၂၀၂၀   ပြည့်နှစ်    အထွေထွေရွေးကောက်ပွဲကြီးသည်လည်း မြန်မာနိုင်ငံ၏အနာဂတ်၊ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာရေး ဖြစ်သည့်အတွက် အထူးအရေးကြီးပါသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရေး လုပ်ငန်းများသည် နိုင်ငံ၏အရေး၊ ပြည်သူ ပြည်သားအားလုံးတို့၏အရေး ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံသူ နိုင်ငံသားအားလုံးတို့သည်  ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍လည်းကောင်း၊ အထွေထွေရွေးကောက်ပွဲကြီးနှင့် ပတ်သက် ၍လည်းကောင်း  ကိုယ်စီကိုယ်စီ  တာဝန်ရှိကြပါသည်။ နိုင်ငံသားတစ်ဦး ချင်းစီ၏ တာဝန်ကို ကိုယ်စီယူကြရမည်ဖြစ်ပါသည်။
ကိုဗစ်-၁၉ ရောဂါ၏   လက္ခဏာ၊  အသွင်သဏ္ဌာန်နှင့် ဖြစ်နိုင်ခြေ  အလားအလာတို့ကို  ခန့်မှန်းမရနိုင်ပါ။   ခန့်မှန်းတွက်ချက်နိုင်ခြင်းလည်း မပြုနိုင်ပါ။ ထို့ကြောင့် မိမိတို့၏ မဖြစ်မနေပြုဖွယ်ကိစ္စတို့နှင့် နိုင်ငံအတွက်  အရေးကြီးသည့် ရွေးကောက်ပွဲကိစ္စတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက အသိပေးထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ  လိုက်နာ ဆောင်ရွက်ကြရမည်သာဖြစ်သည်။ ယခု ၂၀၂၀ ပြည့်နှစ်၌ တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ ရောဂါနှင့် ရင်ဆိုင်ကြုံတွေ့နေရစဉ်တွင် ကိုဗစ်-၁၉ ကို အန်တု ကျော်လွှားကာ ရွေးကောက်ပွဲများကို  အောင်မြင်စွာကျင်းပခဲ့သော နိုင်ငံများ ကို တွေ့ရမည်ဖြစ်သည်။ ကိုဗစ်-၁၉  သည် အရေးကြီးသလို    ရွေးကောက် ပွဲသည်လည်း  အရေးကြီးသည်ကို လက်တွေ့လုပ်ဆောင်ပြနိုင်ခဲ့ကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုဝင်ဘာလ ၈ ရက်နေ့   ရွေးကောက်ပွဲကျင်းပသည့်အခါ   ပြည်သူများ ဘေးကင်း၊ လုံခြုံ၊ ယုံကြည်မှု ရှိစွာဖြင့် ဆန္ဒမဲပေးနိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး  အစီအမံ များကို စီစဉ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာတွင် ကိုဗစ်ကာလပြုလုပ် ခဲ့သည့် ရွေးကောက်ပွဲပုံစံများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏    ကျန်းမာရေးဆိုင်ရာ  လုပ်ငန်းလမ်းညွှန်များနှင့်အညီ   ပြင်ဆင် ဆောင်ရွက် နေသဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် ကိုဗစ်-၁၉ ကို  ရင်ဆိုင်ကျော်လွှားကာ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါသည်။
သို့ဖြစ်ရာ မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို ညီညွတ်ခြင်းဖြင့် ကျော်လွှား ကြပါစို့။ ညီညွတ်ခြင်းဖြင့် အရာရာကို အောင်မြင်အောင် ဆောင်ရွက်ကြပါစို့  ဟု တိုက်တွန်းလိုပါသည်။ နိုင်ငံတော်အကြီးအကဲများ၊ ပြည်သူ ပြည်သား များ၊ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ် ပညာရှင်များ၊ စေတနာ့ဝန်ထမ်းများ စသည့် နိုင်ငံသူ နိုင်ငံသားများ အားလုံး တို့သည် တာဝန်ကိုယ်စီ၊ အသိကိုယ်စီဖြင့် အရေးကြီးပြီ သွေးစည်းကြမည် ဆိုသည့်ခံယူချက်ဖြင့် တညီတညွတ်တည်း လက်တွဲပူးပေါင်း ဆောင်ရွက် ကြမည်ဆိုပါက ကိုဗစ်-၁၉ ရောဂါကိုလည်းကောင်း၊ အထွေထွေရွေးကောက် ပွဲကိုလည်းကောင်း အောင်မြင်စွာဖြတ်ကျော်ကာ ဒီမိုကရေစီရှင်သန်မှုနှင့် ကိုဗစ်-၁၉ ရောဂါကင်းဝေးရေးကို မျက်ခြည်မပြတ် ဆက်စပ်ရှေးရှုဆောင်ရွက် နိုင်မည်ဟု ယုံကြည်ပါကြောင်း။    ။