ဒို့ကမ္ဘာမြေကို ထိန်းသိမ်းဖို့ ၊ တွဲလက်ခိုင်မာပူးပေါင်းစို့

Type


 

မောင်လူမွန် (သုတေသန)

 

သဘာဝဘေးအန္တရာယ်များသည် အဖျက်စွမ်းအားကြီးမားလှသကဲ့သို့ ကျွန်ုပ်တို့နေထိုင်ရာ မြေကမ္ဘာကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်လျက်ရှိပါသည်။  ပြင်းထန် ဆိုးရွားသည့် သဘာဝဘေးအန္တရာယ်တစ်မျိုးမျိုးဖြစ်ပွားပါက လူသားတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကိုသာမက အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသည့်နယ်ပယ်အသီးသီးတွင် ကြီးမားသောဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။
၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ၁၀  နှစ်တာ ကာလအတွင်း   ကမ္ဘာတစ်ဝန်းတွင်    သဘာဝ ဘေးအန္တရာယ်အကြိမ် ၃၀၀ ကျော်   ဖြစ်ပွားခဲ့ပြီး တစ်နှစ်လျှင်   ပျမ်းမျှလူဦးရေ  ၁၆၄ သန်းကျော် သဘာဝဘေးသင့်ခဲ့ရကာ လူဦးရေ ၁၅၀၀၀ ခန့် သေဆုံးခဲ့ကြောင်း၊    ပျက်စီးဆုံးရှုံးမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၇၀ ဘီလီယံ   ကျော်ဖြစ် ကြောင်း မှတ်တမ်းများအရ လေ့လာသိရှိရပါသည်။ Regional Consultative Group (RCG) on Humanitarian Civil-Military Coordination for Asia and the Pacific ၏အဆိုအရ မြန်မာနိုင်ငံသည် (ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ နီပေါ၊ ဖိလစ်ပိုင်) တို့ နှင့်အတူ  အာရှတိုက်၏   သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုအမြင့်မားဆုံး   ထိပ်တန်းငါးနိုင်ငံတွင်    ပါဝင်နေကြောင်း   သိရှိရသဖြင့်          သဘာဝဘေး လျော့ပါးရေးလုပ်ငန်းများကို   အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်       လွန်စွာအရေးကြီးကြောင်း  သတိချပ်သင့်ပါသည်။ 
သတိပြုကာကွယ် သဘာဝဘေးအန္တရာယ်
မြန်မာနိုင်ငံသည်  ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပွားသည့် သဘာဝဘေးအန္တရာယ်   အမျိုးမျိုး ကြောင့် ထိခိုက်ဆုံးရှုံးမှုများ သိသာထင်ရှားစွာ ခံစား ရသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ အညွှန်းကိန်း ၂၀၂၁ (Global Climate Risk Index 2021) ၏ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အထိ လေ့လာတွေ့ရှိမှု အရ   ရာသီဥတုပြောင်းလဲမှုကြောင့်   ထိခိုက်ဆုံးရှုံး နိုင်ခြေတွင်   ပွာတိုရီကိုနိုင်ငံသည်    အဆင့်(၁)၌ လည်းကောင်း၊   မြန်မာနိုင်ငံသည်   အဆင့်(၂)နှင့်  ဟေတီနိုင်ငံသည်  အဆင့်(၃)တွင်  လည်းကောင်း ရပ်တည်လျက်ရှိကြပါသည်။ ထို့အပြင် Risk index for natural disasters Myanmar 2020 by type ၏၂၀၂၀ ပြည့်နှစ်   စစ်တမ်း၌    မြန်မာနိုင်ငံသည် အမှတ်(၁၀)မှတ်အနက်    ရေဘေးဖြစ်ပွားမှုတွင်  ၉ ဒသမ ၉ မှတ်အထိ  မြင့်မားခဲ့ပြီး   မိုးခေါင်ရေရှား ဘေးမှာမူ   (၁)မှတ်သာ  ရရှိသည်အထိ   ဖြစ်ပွားမှု နည်းပါးခဲ့ကြောင်း  သိရှိရပါသည်။   ၂၀၁၈ ခုနှစ်၊ Inform Global Risk Index အရ မြန်မာနိုင်ငံသည် သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေအမှတ်  ၁၀ မှတ်အနက်  ၆ ဒသမ ၄ မှတ်အထိ  မြင့်မားခဲ့ ကြောင်း ဖော်ပြထားပါသည်။  ဘေးဖြစ်ပွားနိုင်မှုနှင့် ဘေးအန္တရာယ်နှင့် ထိတွေ့နိုင်မှုတို့မှာ ၁၀ မှတ် အနက်  ၇ ဒသမ ၅ မှတ်ဖြင့်လည်းကောင်း၊ ဘေး ကြောင့် ထိခိုက်လွယ်မှုမှာ ၁၀ မှတ်အနက်  ၅ ဒသမ ၄၅ မှတ်ဖြင့်   လည်းကောင်း၊    ဘေးအန္တရာယ်ကို ထိရောက်စွာ တုံ့ပြန်နိုင်စွမ်းနည်းပါးမှုမှာ ၁၀ မှတ် အနက် ၆ ဒသမ ၄ မှတ်အထိလည်းကောင်း ရရှိ ထားခဲ့သဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေ  လျော့နည်းစေရန်   ပိုမိုကြိုးစားဆောင်ရွက် ကြရမည် ဖြစ်ပါသည်။
ဆိုခဲ့သကဲ့သို့  မြန်မာနိုင်ငံသည်   ရေမြေအနေ အထားအရ မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ လေ ပြင်းဘေး၊ မုန်တိုင်းဘေး၊   ဆူနာမီဘေး၊  မိုးခေါင် ရေရှားဘေး၊    မြေပြိုဘေးနှင့်  လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း အစရှိသည့်  သဘာဝဘေးအန္တရာယ် အမျိုးမျိုး    ကြုံတွေ့ရနိုင်သည့်       နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။   ထို့အပြင်  ကမ္ဘာတွင်   ဖြစ်ပွားလျက် ရှိသည့် SARS, FLU, Covid-19 ကဲ့သို့ ကူးစက်မြန် ရောဂါမျိုးကိုလည်း    အခြားနိုင်ငံများနည်းတူ  ခံစားရသည့်  နိုင်ငံဖြစ်ပါသည်။ ၂၄၀၀  ကီလိုမီတာ  ကျော်ရှည်လျားသည့်  မြန်မာနိုင်ငံ၏      ကမ်းရိုးတန်း ဒေသများသည် လေပြင်းဘေး၊   ဆိုင်ကလုန်းမုန်တိုင်း ဘေး၊ မုန်တိုင်းဒီရေဘေး၊   ဆူနာမီဘေး၊    ရေကြီး ရေလျှံဘေးတို့ကို    ရင်ဆိုင်ခံစားရသကဲ့သို့   နိုင်ငံ၏   နေရာဒေသအနှံ့အပြားတွင် မီးဘေးနှင့် အချို့ဒေသ များတွင် မြေငလျင်၊  မိုးခေါင်ရေရှားနှင့်  မြေပြိုဘေး အန္တရာယ်တို့     ကြုံတွေ့ရနိုင်ပါသည်။     မြစ်ချောင်း များနှင့် နီးသည့် အချို့နေရာဒေသများတွင်မူ ရေကြီး ရေလျှံဘေးနှင့်   ကမ်းပြို၊  မြေပြိုဘေးအန္တရာယ်တို့ ကြုံတွေ့ရလေ့ရှိပါသည်။
 ၁၉၉၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ  ၁၀ နှစ်တာ ကာလအတွင်း ဖြစ်ပွားခဲ့သည့်  သဘာဝဘေးများ အနက်  ၇၁ ရာခိုင်နှုန်းသည် မီးဘေး၊ ၁၀ ရာခိုင် နှုန်းသည် ရေကြီးရေလျှံဘေး၊ ၁၁ ရာခိုင်နှုန်းသည် လေပြင်းမုန်တိုင်းဘေးနှင့် အခြား ၈ ရာခိုင်နှုန်းသည် မြေငလျင်၊  ဆူနာမီနှင့်  မြေပြိုခြင်းတို့ ဖြစ်ပွားခဲ့ ကြောင်း  သိရှိရပါသည်။ ၂၀၀၈ ခုနှစ် မေလအတွင်း တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာ့သမိုင်းတစ်လျှောက်ဖြစ်ပွားခဲ့သည့်  သဘာဝ ဘေးအန္တရာယ်များအနက်   အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ်   ဖြစ်ပါသည်။  အဆိုပါ မုန်တိုင်းကြောင့် လူဦးရေ  ၈၀၀၀၀၀  ခန့် အတိဒုက္ခ ရောက်ခဲ့၍   လူ့အသက်ပေါင်း    ၁၄၀၀၀၀ ခန့် သေကျေခဲ့ရသကဲ့သို့ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံခန့်အထိ ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့ပါသည်။ ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များကြောင့်    လူဦးရေ ငါးသန်းကျော်၏  ဘဝများနှင့်   အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ထိခိုက်ဆုံးရှုံးခဲ့ရကာ လူဦးရေ ၁၄၀၀၀၀ ခန့်       သေကျေပျက်စီးခဲ့ရပါသည်။ တိုက်ရိုက်ဆုံးရှုံးမှုပမာဏမှာ ခန့်မှန်းခြေအမေရိကန် ဒေါ်လာ  ငါးဘီလီယံခန့်ဖြစ်၍  ပုံစံပြုစိစစ်လေ့လာ ချက်များအရ   မြန်မာနိုင်ငံသည်   သဘာဝဘေး အန္တရာယ်အမျိုးမျိုးကြောင့် ရေရှည်တွင် နှစ်စဉ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ ဆုံးရှုံးရနိုင် ကြောင်း  ပညာရှင်များက   သုံးသပ်တင်ပြကြပါ သည်။  
ဆုံးရှုံးနိုင်ခြေ လျော့နည်းဖို့၊ စနစ်တကျဆောင်ရွက်စို့
မြန်မာနိုင်ငံသည် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း နှင့်   မုန်တိုင်းဒီရေများကြောင့်    ထိခိုက်ပျက်စီးမှု များပြားသည့် နိုင်ငံဖြစ်ပါသည်။ အထူးသဖြင့် ဧပြီ နှင့် မေလအတွင်း ဖြစ်ပွားတတ်သည့် မုန်တိုင်းများ နှင့်  အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း ဖြစ်ပေါ် တတ်သည့်   မုန်တိုင်းများကြောင့်    ထိခိုက်ဆုံးရှုံးမှု ကြီးမားသည့်အခြေအနေကို ကြုံတွေ့ရပါသည်။ ယနေ့ခေတ်အချိန်အခါသည် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု၏    သက်ရောက်မှုကြောင့်    သဘာဝ ဘေးအန္တရာယ်များ   တစ်နေ့တခြား   တိုးပွားလျက် ရှိရုံ သာမက ၂၀၁၉ ခုနှစ်မှ  စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ    Coronavirus    Disease (COVID-19)သည် ကမ္ဘာ့ကပ်ရောဂါ(Pandemic)အဖြစ်  တစ်ကမ္ဘာလုံး  ကူးစက်ခံစားနေကြရပြီဖြစ်ပါ သည်။ သို့ဖြစ်၍ ကမ္ဘာ့နိုင်ငံအသီးသီးက ကိုဗစ်- ၁၉ ကူးစက်ရောဂါကာကွယ်ဆေးနှင့် ကုသပျောက်ကင်း နိုင်မည့်ဆေးများ ရှာဖွေ၊ ဖော်ထုတ်နေပြီဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း     ကိုဗစ်- ၁၉   ရောဂါ ကာကွယ်၊ ထိန်းချုပ်၊   ကုသရေးနှင့်   တုံ့ပြန်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်   ဆောင်ရွက်လျက် ရှိရာ    ရောဂါကူးစက်နှုန်း သိသာစွာကျဆင်းလျက်   ရှိသကဲ့သို့    ရောဂါကို   ထိရောက်စွာ   ထိန်းချုပ်နိုင် သည်အထိ    အောင်မြင်မှုများ    ရရှိနေကြောင်း    ဝမ်းမြောက်ဖွယ် သိရှိရပါသည်။
သဘာဝဘေးအန္တရာယ်သည် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများနှင့် လူမှုစီးပွားဘဝကို  ဆိုးရွား စွာ   ထိခိုက်စေပါသည်။   သဘာဝဘေးဟူသည် တားဆီး၍မရနိုင်ပါ။    သို့ရာတွင်     ဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများ        စဉ်ဆက်မပြတ် အားကောင်းအောင် ဆောင်ရွက်ခြင်းဖြင့်   သဘာဝ ဘေးကြောင့် ထိခိုက်ခံစားရမှုကို လျှော့ချနိုင်ပါသည်။ အဆိုပါသဘာဝဘေးများကို ရင်ဆိုင် တုံ့ပြန်ရာတွင် ကြိုတင်ပြင်ဆင်ခြင်း   (Preparedness)၊   ကြိုတင် ကာကွယ်ခြင်း(Prevention)နှင့်  အမြဲအဆင်သင့် ဖြစ်နေစေခြင်း(Readiness)တို့သည်   များစွာအရေး ပါသော   လုပ်ငန်းစဉ်များ    ဖြစ်ပါသည်။     ကြိုတင် ပြင်ဆင်မှုနှင့် အဆင်သင့်ဖြစ်မှု အားကောင်းမှသာ သဘာဝဘေးကို မကြောက်မရွံ့ဘဲ ကြံ့ကြံ့ခံ ရင်ဆိုင် တုံ့ပြန်နိုင်မည် ဖြစ်ပါသည်။  သဘာဝဘေးအန္တရာယ် လျော့ပါးရေးအတွက်       ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ တွင် လူအား၊ ငွေအား၊ ပစ္စည်း အား၊ အချိန်အားစသည့် အရင်းအမြစ်များစွာ သုံးစွဲကြရပါသည်။ ထို့ကြောင့် အနာဂတ်ကာလတွင် ဖြစ်ပွားနိုင်ခြေရှိသည့် သဘာဝ ဘေး၊ ကျရောက်နိုင်ခြေရှိသည့်ဒေသ၊ ကျရောက်နိုင် သည့်   သဘာဝဘေးပမာဏ  စသည်တို့ကို ကြိုတင် တွက်ဆ၍ (Prospective Risk Management)အဖြစ်  မိမိတို့၏စွမ်းအားစုများကို  စနစ်တကျအသုံး ချပါက   သဘာဝဘေးကြောင့်  ထိခိုက်ဆုံးရှုံးမှုကို ထိရောက်စွာ လျှော့ချနိုင်မည် ဖြစ်ပါသည်။ 
ယခုအခါ  အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ဦးဆောင်လမ်းညွှန် မှုဖြင့်    လုပ်ငန်းကော်မတီများ၊    တိုင်းဒေသကြီး၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များကို အဆင့်ဆင့် ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်။ သက်ဆိုင်ရာ  လုပ်ငန်းကော်မတီများ၊  စီမံခန့်ခွဲမှုအဖွဲ့ များနှင့်  ဘေးဖြစ်ပွားရာ  ခရိုင်နှင့်   မြို့နယ်ဘေးစီမံ ခန့်ခွဲမှုအဖွဲ့များအနေဖြင့် သဘာဝဘေးအန္တရာယ်လျော့ပါးသက်သာရေး၊  ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်ပြင်ဆင်ရေး၊    ဘေးကျရောက်လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ရေး၊   ဘေးဖြစ်ပွား ပြီး ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများကို ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ နှင့် နည်းဥပဒေပါ သတ်မှတ်လုပ်ငန်းစဉ်များနှင့်အညီ စနစ်တကျ၊    ကြိုတင်စီမံ     ဆောင်ရွက်ပါက ဘေးအန္တရာယ်ကြောင့်  ထိခိုက်ဆုံးရှုံးမှု  လျော့နည်း ကျဆင်းမည်မှာ မြေကြီးလက်ခတ်မလွဲပင်   ဖြစ်ပါ သည်။
သဘာဝဘေးတွေ လျော့ပါးဖို့၊ ဒို့အတူ 
လက်တွဲဆောင်ရွက်စို့
ကုလသမဂ္ဂဘေးအန္တရာယ်ကြောင့်  ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးရုံး (United Nations Disaster Risk Reduction) က နှစ်စဉ်အောက်တိုဘာလ ၁၃ ရက်နေ့ကို    အပြည်ပြည်ဆိုင်ရာ   သဘာဝဘေး လျော့ပါးရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၁၉ ခုနှစ် မှစ၍ “International Day for Disaster Risk Reduction” “အပြည်ပြည်ဆိုင်ရာ  သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့” ဟု အမည်ပြောင်းလဲသတ်မှတ်ကာ   အဆိုပါနေ့တွင် ကမ္ဘာ့နိုင်ငံအသီးသီးက သဘာဝဘေးလျော့ပါးရေး အထိမ်းအမှတ်အခမ်းအနားကို  နှစ်စဉ်ကျင်းပခဲ့ကြ ပါသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ    ၁၃ ရက်နေ့မှ     စတင်ကာ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားကို   နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိပါသည်။
အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်   ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနား များ   ကျင်းပရာတွင်      ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ သဘောတူညီထားသည့်  ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ   ဆန်ဒိုင်း မူဘောင်  ၂၀၁၅-၂၀၃၀ ပါ ပန်းတိုင်များနှင့်အညီ ဦးစားပေးနယ်ပယ်များနှင့်     ဦးတည်အုပ်စုများ အလိုက် နှစ်စဉ်ဆောင်ပုဒ်များ   သတ်မှတ်ခဲ့ကြပါ သည်။     ၂၀၁၆ ခုနှစ်မှ     ၂၀၂၀ ပြည့်နှစ်အထိ ဆန်ဒိုင်းမူဘောင် Target (A,B,C,D,E) ကို အက္ခရာ စဉ်အတိုင်း    ဆောင်ပုဒ်များ    ရွေးချယ်သတ်မှတ် ဆောင်ရွက်ခဲ့ပါသည်။ အလျဉ်းသင့်၍ တင်ပြရပါက ၂၀၁၆ ခုနှစ်တွင် “ Live to tell”   “ဘဝရှင်သန် နေထိုင်ဖို့၊ ဘေးအန္တရာယ်အသိမျှဝေစို့”  ၂၀၁၇ ခုနှစ် တွင်  “Home Safe Home” “ထိတွေ့ဘေးဒဏ် လျှော့ချမှ၊ လုံခြုံစိတ်ချတို့ဘဝ”၊  ၂၀၁၈ ခုနှစ်တွင် 
“Reducing Economic Losses from Disaster has the Power to Transform Lives”  ပြည်သူ့ ဘဝ တိုးတက်ပြောင်းလဲဖို့၊ ဘေးဒဏ်ကြောင့် စီးပွား ဆုံးရှုံးမှုကို လျှော့ချစို့” ၊ ၂၀၁၉ ခုနှစ်တွင် “Build to Last”   “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့၊   အခိုင်ခံ့ဆုံး တည်ဆောက်စို့”၊ ၂၀၂၀ ပြည့်နှစ်တွင် It’s All About Governance” “ပေါင်းစည်းညီညွတ်သော    စီမံ ဆောင်ရွက်မှုမှသည်၊    သဘာဝဘေးလျော့ပါးရေး ဆီသို့” ဟူသည့်  ဆောင်ပုဒ်များဖြင့် ကျင်းပပြုလုပ်ခဲ့ ပြီးဖြစ်ပါသည်။ ယခုနှစ်အတွက်  ဆန်ဒိုင်းမူဘောင် Target(F)ဖြစ်သည့် နိုင်ငံတော်အဆင့်နှင့်   တိုင်း ဒေသကြီး/ ပြည်နယ်အဆင့်များက ဘေးအန္တရာယ် များကြောင့်    ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ပြီး လုံလောက်သော   အထောက်အပံ့များ  ပေးနိုင်ရေး နိုင်ငံတကာ    ပူးပေါင်းဆောင်ရွက်မှုများကို     ပိုမို တိုးမြှင့်ရန်ရည်မှန်းကာ  “Only Together, Can We Save the Planet!” “ဒို့ကမ္ဘာမြေကို ထိန်းသိမ်းဖို့၊ တွဲလက်ခိုင်မာ ပူးပေါင်းစို့” ဟူ၍     ဆောင်ပုဒ် သတ်မှတ်ထားကြောင်း သိရပါသည်။
၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ    သဘာဝ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ  လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို      သဘာဝဘေး အန္တရာယ်ကြောင့် ဘေးသင့်သူဦးရေလျှော့ချရေးကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူလူထုမှအလေးထားဆောင်ရွက်နိုင်စေရန်၊ သဘာဝဘေး ကြောင့်   ထိခိုက်ဒဏ်ရာရသူများ၊    နာမကျန်းဖြစ်သူ များ အပါအဝင်   နေအိမ်နှင့်    အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုများ လျှော့ချ နိုင်ရန်၊ ဆန်ဒိုင်းမူဘောင်ပါ  ဦးစားပေးလုပ်ငန်းစဉ် ဖြစ်သည့်   ဘေးအန္တရာယ်ကြောင့်    ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးလုပ်ငန်း     ဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့်    တိုးမြှင့်ပူးပေါင်းဆောင်ရွက်ရန်၊ ကူးစက်ရောဂါအပါအဝင်         ဇီဝဗေဒဆိုင်ရာ ဘေးအန္တရာယ်များအတွက်   ကြိုတင်ပြင်ဆင်ရေးနှင့် ကာကွယ်ဆေးမျှတစွာ ဖြန့်ဝေရေးတွင် နိုင်ငံတကာ ၏ ပူးပေါင်းဆောင်ရွက်မှုရရှိစေရန် ရည်ရွယ်ကာ အောက်တိုဘာ ၁၃  ရက်နေ့တွင်   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်     ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းခန်းမတွင်   ကျင်းပပြုလုပ်သွား မည် ဖြစ်ပါသည်။
ဒို့နေထိုင်ရာ မြေကမ္ဘာ၊ သာယာစေဖို့ ထိန်းသိမ်းစို့
ပညာရှင်များ၏  သုံးသပ်ချက်အရ   အနာဂတ် ကာလများတွင် (Extreme weather events) ခေါ် ပြင်းထန်သည့်  ရာသီဥတုကြောင့်   ဖြစ်ပွားလာမည့် သဘာဝဘေးအန္တရာယ်များအတွက်      ကြိုတင် ပြင်ဆင်မှု၊    ကြိုတင်ကာကွယ်မှုများ    ဦးစားပေး ဆောင်ရွက်ထားကြရန်လိုကြောင်း   သိရှိရပါသည်။ ရာသီဥတုပြောင်းလဲမှုကြောင့်     ဖြစ်ပွားလာမည့် သဘာဝဘေးကြောင့်   ထိခိုက်ဆုံးရှုံးမှုလျော့နည်း သက်သာစေရေးနှင့် ဆန်ဒိုင်းမူဘောင် Target (F) ပါ ရည်မှန်းချက်များ    အောင်မြင်စေရေး    လူမှု ဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့်    စီမံချက်များ   ချမှတ်ဆောင် ရွက်နေသကဲ့သို့ မြန်မာနိုင်ငံ သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်း စီမံချက်ပါ လုပ်ငန်းများကို ဆက်စပ်ဝန်ကြီးဌာနများမှ ဦးစီး ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင် အထည်ဖော်လျက်ရှိပါသည်။   တစ်ချိန်တည်းမှာပင် အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ပူးပေါင်းကာ သဘာဝဘေးလျော့ပါးရေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့် လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။  ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ တက်ကြွစွာပူးပေါင်းပါဝင်မှု (Community’s Active Participation) သည် အရေးကြီးသောအခန်းကဏ္ဍမှ ပါ၀င်လျက်ရှိသကဲ့သို့   အသိပညာပေးလုပ်ငန်းများ သည်   မဖြစ်မနေ   ဆောင်ရွက်ရမည့်လုပ်ငန်းများ ဖြစ်ပါသည်။ သဘာဝဘေးဖြစ်ပွားပါက  ဘေးဖြစ်ပွား ရာဒေသရှိ   ပြည်သူလူထုမှာ   ဦးစွာခံစားကြရမည် ဖြစ်သဖြင့်  ပြည်သူလူထုအနေဖြင့်     မှန်ကန်သည့် သဘာဝဘေး အသိပညာ ရရှိထားပါက ဘေးဒဏ်ကို စနစ်တကျ  ရင်ဆိုင်တုံ့ပြန်နိုင်မည် ဖြစ်ပါသည်။ 
ယခုအခါ       ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့်    ဆက်စပ်ဖြစ်ပွားသည့် ဘေးအန္တရာယ်များကြောင့်  ကဏ္ဍစုံတွင်     ထိခိုက် ဆုံးရှုံးနိုင်ခြေများကို ပိုမိုသိမြင်သဘောပေါက်လာ ပြီး မိမိတို့နေထိုင်ရာ    ကမ္ဘာမြေထိန်းသိမ်းစောင့် ရှောက်ရေးလုပ်ငန်းများကို    ဦးစားပေးဆောင်ရွက် လာကြပြီဖြစ်ပါသည်။ လုပ်ငန်းများ  ဆောင်ရွက်ရာ တွင်လည်း   ဘေးဒဏ်ကြောင့်   ထိခိုက်ဆုံးရှုံးမှု လျှော့ချရေးကို     ထည့်သွင်းစဉ်းစားကာ     ရေရှည် မျှော်တွေး၍ စီမံဆောင်ရွက်နိုင်သည့် အလေ့အထ ကောင်းများ    ရရှိလာကြပြီဖြစ်ပါသည်။   အလားတူ မိမိတို့နိုင်ငံ    ပြည်သူလူထုသည်လည်း   သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာ၊  ဗဟုသုတများ ယခင်ကထက်     ကုံလုံကြွယ်ဝလာကြပြီဖြစ်၍ သဘာဝဘေးဖြစ်ပွားလာပါက ပြည်သူများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ဘေးဒဏ် ကြံ့ကြံ့ ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသည့်  လူ့အဖွဲ့အစည်းနှင့် စဉ်ဆက်မပြတ်   ဖွံ့ဖြိုးတိုးတက်သော   လူ့အသိုက် အဝန်းကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပါကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို    ဂုဏ်ပြုကြိုဆို  ရေးသားတင်ပြလိုက်ရပါသည်။
 

ကိုးကား
၁။     မြန်မာနိုင်ငံသဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက် ၂၀၁၇ ၊ 
၂။    မြန်မာနိုင်ငံ     ပြည်သူလူထုသဘာဝဘေး  ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း         မြင့်မားစေရေး အမျိုးသားအဆင့်မူဘောင်
၃။    ၁၄-၇-၂၀၂၁ ၊ မြန်မာ့အလင်းသတင်းစာပါ တာရာ၏ဆောင်းပါး 
၄။    Global Climate Risk Index 2021