
မောင်စာဂ
သွေးချင်းတို့၏ ပြည်ထောင်စု
" မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းအထူးဝိသေသတိုင်းစသော ပြည်နယ်များ၊ အထူးတိုင်းများနှင့် ကျန်ရှိသော တစ်နိုင်ငံလုံးကို စုပေါင်း သောအခါ ပြည်ထောင်စုဟူ၍ ဖြစ်ပေါ်လာသည်။
အင်္ဂလိပ်တို့ အုပ်စိုးစဉ်အခါက ယခုပြည်နယ်များ နှင့် ချင်းတောင်တန်းများကို နယ်ခြားဒေသများဟူ၍ သတ်မှတ်ခဲ့ပြီးလျှင် အင်္ဂလိပ်ဘုရင်ခံက တိုက်ရိုက် အုပ်ချုပ်သော ဌာနတစ်ခု၏လက်အောက်တွင် ထားရှိ ခဲ့ကြသည်။ မြန်မာတို့နှင့် တောင်ပေါ်သားညီအစ်ကိုများ ကူးလူးဆက်ဆံခြင်းမရှိခဲ့ကြ။ ယခုအခါ ကယားပြည်နယ် ဟု သီးခြားတည်နေသော ကရင်နီပြည်နယ်မှာလည်း အင်္ဂလိပ်တို့က လွတ်လပ်သောပြည်နယ်များဟု စာပေါ် တွင် အသိအမှတ်ပြုခဲ့ကြသော်လည်း ၎င်းပြည်နယ်များမှ "စောဖျာ"များကို အင်္ဂလိပ်မင်းတို့က ခန့်အပ်ခဲ့ကြ၍ ၎င်းပြည်နယ်ရှင် စောဖျာများသည် အင်္ဂလိပ်တို့၏ "အကြံဉာဏ်ပေးခြင်း"ကို လက်ခံခဲ့ကြရသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်းနှင့် စစ်ပြီး ဗိုလ်ချုပ် အောင်ဆန်းခေတ်တွင် တောင်ပေါ်သားများ၊ ကရင်နီ ကရင်များနှင့် မြန်မာတို့ ပိုမိုရင်းနှီး၍လာကြသည်။ ဗိုလ်ချုပ်ကို ယုံကြည်ကြသဖြင့် လူမျိုးတစ်မျိုးနှင့်တစ်မျိုး လည်း ပို၍အချင်းချင်း ယုံကြည်၍လာကြလေသည်။ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို အတူတကွ တည်ထောင်လိုသောစိတ် ပို၍ပြင်းထန် လာကြသည်။ ပြည်ထောင်စုစိတ်ကို တညီတညာတည်း၊ တစ်သံတည်း၊ တစ်သဘောတည်းဖြင့် စာပေါ်တွင်တင်၍ ရှမ်းပြည် ပင်လုံမြို့တွင် စာချုပ်ချုပ်ဆိုကြသည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (၁၉၄၇ ခုနှစ်) ကို ပြည်ထောင်စု နေ့ဟူ၍ နှစ်စဉ်နှစ်တိုင်း အောင်ပွဲဆင်နွှဲကြသည်။"
ဤသည်မှာ ၁၉၅၉ ခုနှစ်က ဒေါက်တာမောင်မောင် ရေးသားပြုစုခဲ့သည့် "ဒို့ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံ" စာအုပ်၏ စာမျက်နှာ ၇၄ ပါ ရေးသားချက် များမှ ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်သည်။ ဤစာပိုဒ်၊ ဤစာစုများကို ဖတ်ရှုရခြင်းဖြင့်ပင် ဒို့တိုင်းရင်းသား သွေးချင်းညီအစ်ကိုမောင်နှမများသည် ဗိုလ်ချုပ် အောင်ဆန်း၏ခေါင်းဆောင်မှုဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ လ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး အင်္ဂလိပ်နယ်ချဲ့တို့၏လက်အောက်မှ လွတ်လပ်ရေးကို အရယူနိုင်ခဲ့ကြကြောင်း သိမြင်ကြရ သည်။
ထိုသို့ ဒို့မိဘဘိုးဘွား တိုင်းရင်းသားခေါင်းဆောင် ကြီးများ ညီရင်းအစ်ကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပြည်ထောင်စုပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့သည့် ဖေဖော် ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့ဟူ၍ သတ်မှတ် ကာ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။
ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်စေဖို့
"ကျွန်မတို့ရဲ့ တိုင်းရင်းသားများအားလုံးဟာ ကိုယ့်ကိုယ်ကိုယ် ပြည်ထောင်စုသားချင်းတွေလို စိတ်ထဲ မှာ မှတ်ထားစေချင်တယ်။ ပြည်ထောင်စုသားချင်းဆိုတဲ့ ဝေါဟာရလေးက မှတ်လို့လည်းလွယ်တယ်။ မခက်ခဲ ပါဘူး။ ကျွန်မတို့ဟာ အားလုံးသားချင်းတွေပါ။ ဒီပြည်ထောင်စုရဲ့ သားချင်းတွေပါ။ ဒီပြည်ထောင်စုကို ချစ်စေချင်တယ်။ ဒီမြေကို ချစ်စေချင်တယ်။ ဒီပြည်ထောင်စု လို့ သတ်မှတ်ထားနိုင်တဲ့အခြေအနေကို မြတ်နိုးစေချင် တယ်။ တန်ဖိုးထားစေချင်တယ်။ ကျွန်မတို့နိုင်ငံရဲ့ လွတ်လပ်ရေးဟာ လွယ်လွယ်ကူကူနဲ့ရခဲ့တာ မဟုတ် ပါဘူး။ ဒီလွတ်လပ်ရေးရဖို့ လုပ်တဲ့အထဲမှာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ ပါခဲ့တာပါ။"
"ကျွန်မတို့အားလုံးက စစချင်း ကိုယ့်ကိုယ်ကိုယ် ဒီပြည်ထောင်စုရဲ့ သားသမီးတွေဆိုပြီးတော့ သတ်မှတ် ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့အားလုံးက ပြည်ထောင်စုသားချင်းတွေပါ။ ကိုယ့်ကိုယ်ကိုယ် ငါတို့ တစ်တွေက အားလုံးပြည်ထောင်စုသားချင်းတွေဆိုတဲ့ စိတ်ဓာတ်ထားရင် ဒီနိုင်ငံမှာ စည်းလုံးညီညွတ်မှုမရှိစရာ အကြောင်းမရှိပါဘူး။ အစကတည်းက ငါကဗမာ၊ ငါကရှမ်း၊ ငါက ကချင်ဆိုရင် ပြည်ထောင်စုကဘယ်ရောက်သွားပြီလဲ။ ပြည်ထောင်စုက ဒုတိယဘယ်တော့မှ ဖြစ်လို့မဖြစ်ပါဘူး။ ပြည်ထောင်စုဆိုတာ ပထမပဲဖြစ်ရမယ်။ ပထမလည်း ပြည်ထောင်စု၊ ဒုတိယလည်းပြည်ထောင်စု၊ တတိယလည်း ပြည်ထောင်စု။ ဒီပြည်ထောင်စုအတွင်းမှာမှ ကျွန်မတို့ရဲ့ မတူညီတဲ့ လူမျိုးများ၊ မတူညီတဲ့ ဘာသာစကားပြောသူများ၊ မတူညီတဲ့ ကိုးကွယ်တဲ့ဘာသာမတူသူများ ရှိနိုင်မှာဖြစ်ပါ တယ်"
"ပြည်ထောင်စုဆိုတဲ့ အနှစ်သာရအဓိပ္ပာယ်ကို ယုံကြည်စေချင်ပါတယ်။ မတူညီတဲ့ တိုင်းရင်းသားများ၊ မတူညီတဲ့ သဘောထားများနဲ့ စုပေါင်းပြီးတော့ ထူထောင် ထားတဲ့ ပြည်ထောင်စုဆိုတာကို ဂုဏ်ယူစေချင်တယ်။ ပြည်ထောင်စုကြီးခိုင်မြဲအောင်၊ တိုးတက်အောင်၊ ဖွံ့ဖြိုး အောင် ဝိုင်းဝန်းပြီးလုပ်ပေးနိုင်တဲ့ ကိုယ့်ရဲ့ကဏ္ဍကို တန်ဖိုး ထားစေချင်တယ်။"
ဤသည်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၉-၁-၂၀၂၀ ရက်နေ့က ကချင် ပြည်နယ်မှ ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် ပြောကြား ခဲ့သောမိန့်ခွန်းမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်သည်။ ပြည်ထောင်စုကြီးကိုချစ်မြတ်နိုးဖို့၊ ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်ခိုင်မာစေဖို့၊ ပြည်ထောင်စုကြီး တိုးတက်ဖွံ့ဖြိုးဖို့ တိုက်တွန်းနှိုးဆော်ချက်များကို အလေးထားကြရပါမည်။
ဘိုးဘွားတို့၏အမွေ
ဒို့နိုင်ငံ၏ သမိုင်းကြောင်းဖြစ်စဉ်ကို အနှစ်ချုပ်၍ ပြောရ ပါလျှင် ဒို့ပြည်ထောင်စုကြီးသည် ဘိုးဘွားများက ပေးသွား ခဲ့သော သမိုင်းပေးအမွေကြီးဖြစ်သည်။ ဒို့နိုင်ငံကို နယ်ချဲ့ အင်္ဂလိပ်တွေက နှစ်ပေါင်းတစ်ရာတိုင် ကိုလိုနီအဖြစ် အုပ်စိုး ခဲ့သည်။ သူ့ကျွန်မခံလိုသောစိတ်ဖြင့် ဒို့ရဲ့ဘိုးဘွားတွေ အသက်များစွာစတေးကာ နယ်ချဲ့ကိုတွန်းလှန်တိုက်ခိုက် ရင်း နောက်ဆုံးတွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင် ကာ တိုင်းရင်းသားများအားလုံး၏ စည်းလုံးညီညွတ်မှုဖြင့် ပင်လုံစာချုပ်ကိုချုပ်ဆိုနိုင်ခဲ့သည်။ နိုင်ငံ၏လွတ်လပ်ရေးကို အရယူကာ ပြည်ထောင်စုနိုင်ငံတော်ကြီးကို တည်ဆောက် ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ဒို့ဘိုးဒို့ဘွားများပေးထားခဲ့သည့် ပြည်ထောင်စုကြီး အမွေ၊ တိုင်းရင်းသားသွေးချင်းတစ်တွေ ထိန်းသိမ်း စောင့်ရှောက် လက်ဆင့်ကမ်းလို့ သယ်ဆောင်လာခဲ့သည်မှာ နှစ်ပေါင်း ၇၃ နှစ် တိုင်ခဲ့ပါပြီ။ ဒို့ရဲ့လက်ဝယ်တွင် ရောက်ရှိ လို့နေပါပြီ။ ဒို့တစ်တွေက တစ်ဖန် ပြည်ထောင်စုအမွေကြီးကို နောင်မျိုးဆက်သစ်များ၊ သားသမီး၊ မြေးမြစ်တို့ကိုပြန်၍ လက်ဆင့်ကမ်းအမွေ လွှဲပြောင်းပေးရပေဦးမည်။
ဒီလိုလက်ဆင့်ကမ်းလို့ အမွေပေးမည့် ပြည်ထောင်စု ကြီးသည် ဒို့ဘိုးဒို့ဘွားများမျှော်မှန်းခဲ့သည့် ပြည်ထောင်စုကြီး အဖြစ်နှင့် အမွေပေးနိုင်ခဲ့မှသာလျှင် သမိုင်းပေးတာဝန် ကျေပွန်ကြမည်ဖြစ်သည်။
မငြိမ်းချမ်းလို့မဖြစ်ပါ
ဒို့တိုင်းရင်းသားများမျှော်လင့်နေသည့် ပြည်ထောင်စု ကြီးဖြစ်ထွန်းပေါ်ပေါက်ဖို့ဆိုလျှင် ပြည်ထောင်စုကြီးသည် ထာဝရငြိမ်းချမ်းရေး ဖြစ်ထွန်းနေရမည်။ မငြိမ်းချမ်းလို့ မဖြစ်ပါ။ ပြည်ထောင်စုကြီး လွတ်လပ်ရေးရရှိခဲ့သည့် အချိန်ကပင် ဒို့တိုင်းရင်းသား သွေးချင်းညီအစ်ကိုများ အချင်းချင်း မသင့်မမြတ်စိတ်ဝမ်းကွဲမှုများ၊ ပဋိပက္ခများ ရှိလာခဲ့သည်။ ဤသည်မှာ ပြည်ထောင်စုကြီး ထာဝရ ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်စေသည့် အဓိက အချက်ဖြစ်နေသည်။ ဤသို့သော အခြေအနေမျိုးနှင့် ဒို့ရဲ့ ပြည်ထောင်စုကြီးကို ဒို့ရဲ့သားစဉ်မြေးဆက်သို့ အမွေ လွှဲပြောင်း မပေးအပ်သင့်ပါ။ ငြိမ်းချမ်းသော ပြည်ထောင်စု ကြီး ဖြစ်ရပါမည်။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး တစ်စိတ်ဝမ်း တစ်လက်ညီ ပြည်ရေးကို ပြိုင်တူချီကြရပါမည်။ ပြည်ထောင်စုကြီးကို ဥမကွဲသိုက်မပျက်၊ သွေးစည်းညီညွတ် စွာဖြင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်ကြရပါမည်။
၂၁ ရာစုပင်လုံအောင်မြင်ရေးတာဝန်
ဒီကနေ့ ဒို့ရဲ့လက်ဝယ်တွင်ရောက်ရှိနေသော၊ ပခုံး ထက်တွင်ရှိနေသော ပြည်ထောင်စုကြီးသည် ဘိုးဘွားများ မျှော်မှန်းခဲ့သည့် ပြည်ထောင်စုမျိုးဖြစ်အောင် ကြိုးစား ကြရပါဦးမည်။ ထို့ကြောင့်ပင်လျှင် အစိုးရ၊ တပ်မတော်နှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များအပါအဝင် ပြည်ထောင်စုသားအားလုံး ထာဝရငြိမ်းချမ်းသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက် ရေး၊ တိုင်းရင်းသားအားလုံး ခွင့်တူညီမျှသာယာဝပြော ဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီး ဖြစ်ထွန်း ပေါ်ပေါက်ရေးအတွက် လုံ့လအားထုတ် ကြိုးကုတ် ဆောင်ရွက်နေကြသည်။
ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမ များကြားတွင် မတူညီသောအယူအဆနှင့် အတွေးအမြင် များ၊ မတူညီသော သဘောထားများကို မိသားစုစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် သဘောထားကြီးစွာ ဆွေးနွေးညှိနှိုင်း အဖြေရှာကြလျက်ရှိသည်။ နိုင်ငံ လွတ်လပ်ရေးကိုရယူနိုင်ခဲ့သည့် ၂၀ ရာစု ပင်လုံညီလာခံမှ မွေးဖွားပေးခဲ့သော ပြည်ထောင်စုစိတ်ဓာတ်ကို ဘိုးဘွား တို့၏ လက်ဆင့်ကမ်းအမွေအဖြစ်ဆက်ခံကာ ၂၁ ရာစု ပင်လုံအောင်မြင်ရေး သမိုင်းပေးတာဝန်ကို ဒို့တစ်တွေ ကျေပွန်ကြရပါမည်။
ပြည်ထောင်စုအဓိဋ္ဌာန်
ဒို့တစ်တွေသည် ဘိုးဘွားများပေးထားခဲ့သော ပြည်ထောင်စုအမွေကို ထိန်းသိမ်းစောင့်ရှောက်နေရုံနှင့် မပြီးပါ။ ပြည်ထောင်စုနေ့သို့ ရောက်တိုင်းရောက်တိုင်း ပြည်ထောင်စုနေ့အဓိဋ္ဌာန်ကို လေးနက်ခိုင်မာစွာ ချမှတ် ကြရပါမည်။ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေး ရအောင် ဒို့တစ်တွေကြိုးစားကြရပါမည်။ ပြည်ထောင်စု စိတ်ဓာတ်အရင်းခံ၍ ၂၁ ရာစုပင်လုံကို အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ကြရပါမည်။ ဒို့ဘိုးဘွားများမျှော်မှန်းထားခဲ့သည့် ပြည်ထောင်စုကြီးမျိုး ဖြစ်အောင် ဒို့တိုင်းရင်းသားများအားလုံး ညီညီညွတ်ညွတ် ဖြင့် တာဝန်ကိုယ်စီထမ်းဆောင်ကြရပါမည်။ တိုင်းရင်းသား အားလုံးသည် ပြည်ထောင်စုသားများဖြစ်သည်ဆိုသည့် အသိတရားနှင့် တွဲလက်တွေခိုင်မြဲကာ ဒို့ပြည်ထောင်စု ဒို့တစ်တွေ တည်ထောင်ပြုကြပါစို့၊ ဒို့တစ်တွေ ပြည်ထောင်စုကြီးကိုချစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဒို့ရဲ့ပြည်ထောင်စုကြီးကို ဒို့ဘိုးဘွားများ မျှော်မှန်းခဲ့သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် တည်ထောင် ပြုကြပါစို့၊ ဒီလိုပြည်ထောင်စုကြီးအဖြစ်ဖြင့် ဒို့ရဲ့သားစဉ် မြေးဆက်ကို ဒို့တစ်တွေလက်ဆင့်ကမ်းအမွေပေးသွား ကြပါစို့ဟု အဓိဋ္ဌာန်ပြုရင်း ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုလိုက်ရပါသည်။
တိုင်းရင်းသား သွေးချင်းညီအစ်ကိုမောင်နှမများ တွဲလက်ညီညီမြဲခိုင်ကြပါစေ၊
ဒို့ဘိုးဘွားတွေမျှော်မှန်းခဲ့သည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ကြပါစေ၊
ထာဝစဉ်ငြိမ်းချမ်းသာယာသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို လက်ဆင့်ကမ်းအမွေပေးနိုင် ကြပါစေ။
- Log in to post comments