
ထွန်းကျော်
နွေရာသီကျောင်းသုံးလပိတ်ပြီးနောက် မော်လ်တာ နိုင်ငံမှာ အစိုးရကျောင်းသားထောင်ပေါင်းများစွာ ကျောင်းပြန်တက်ကြတော့မှာပါ။ သို့သော်လည်း ကိုဗစ်- ၁၉ ကပ်ရောဂါက ကလေးတွေရဲ့ ပညာရေး ကို လွှမ်းမိုးခြောက်လှန့်နေတဲ့အတွက် မသေချာမှု တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် ဆရာအင်အား မပြည့်ဝတဲ့အတွက် ကျောင်းတွေပြန်ဖွင့်တဲ့နေရာမှာ အခက်အခဲတွေလည်း ကြုံတွေ့နေပါတယ်။
စိုးရိမ်မကင်းဖြစ်
ကျောင်းသားတွေဟာ သူတို့သူငယ်ချင်းတွေနဲ့ အတူ ကျောင်းပြန်တက်ဖို့အရေး စိတ်လှုပ်ရှားနေ ကြပါတယ်။ မိဘအများစုကတော့ ကိုဗစ်- ၁၉ ကပ် ရောဂါကူးစက်ပျံ့နှံ့နေသေးတဲ့အတွက် စိုးရိမ်နေပါ တယ်။ ထို့အတူ ကပ်ရောဂါကြားမှာ ကလေးတွေ ရင်ဆိုင်ရမယ့် စွန့်စားမှုတွေအပေါ်လည်း စိုးရိမ် မကင်း ဖြစ်နေကြပါတယ်။
အယ်လီနာပန်ဇာဗက်ချီယာရဲ့ အသက်ခုနစ်နှစ် သမီးလေး ဂျန်နယ်လီဟာ ကျောင်းပြန်တက်နေပါ တယ်။ ကျောင်းပရဝုဏ်ထဲမှာ ကျောင်းတက်နေတဲ့ ကလေးတွေအကုန် ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင် ထားသည့်တိုင် သူက ကျောင်းမှာ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားနိုင်ခြေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန် နေပါတယ်။
ကျွန်မဂရုစိုက်နိုင်သလောက်ဘယ်သူမှ ဂရုမစိုက်နိုင်
“ကျွန်မအနေနဲ့ကတော့ အပြည့်အဝ မပျော် နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နွေရာသီကျောင်းပိတ် ရာသီမှာဆို ကိုယ့်ကလေးကို ဘယ်သူနဲ့တွေ့၊ ဘယ်နေရာမှာတွေ့၊ ဘယ်လိုနေဆိုပြီး ထိန်းကျောင်း လို့ရတယ်။ ကျောင်းမှာဆိုရင်တော့ အဲဒီလို ထိန်းကျောင်းလို့ မရနိုင်ဘူးလေ။ ကျွန်မတို့မိသားစု အကုန် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားပါတယ်။ ဒါပေမယ့် သမီးကတော့ မထိုးထားဘူး။ ဒါကြောင့် သူ့ကို ကိုဗစ်-၁၉ ကူးစက်မှာ စိုးရိမ်တယ်လို့” အယ်လီနာ ပန်ဇာဗက်ချီယာက ပြောပါတယ်။
“နွေရာသီမှာ ကျွန်မဘယ်ကိုသွားမလဲ၊ ကလေး တွေကို ဘယ်ကိုခေါ်သွားမလဲဆိုတာ အမြဲဂရုစိုက်ပါ တယ်။ သို့သော်လည်း ကျွန်မဂရုစိုက်သလောက် ဘယ်သူမှ ဂရုမစိုက်နိုင်ဘူးဆိုတာ ကျိန်းသေပါ တယ်” လို့ သူမက ရှင်းပြပါတယ်။
ပညာရေးကို အကောင်းဆုံးသင်ယူနိုင်တဲ့နေရာက စာသင်ကျောင်းတွေ
သူ့သူငယ်ချင်းဖြစ်သူ မာရီလာဒီဘက်တီစတာ ကလည်း သူနဲ့ သဘောထားချင်းအတူတူပဲလို့ အယ်လီနာပန်ဇာဗက်ချီယာက ပြောကြားလိုက် သော်လည်း မာရီလာဒီဘက်တီစတာက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအပေါ် စိုးရိမ်မှုတွေရှိနေသော် လည်း သူ့သားအတွက် သူ့ရဲ့ပညာရေးကို အကောင်း ဆုံး လက်ခံသင်ယူနိုင်တဲ့နေရာက စာသင်ကျောင်း တွေပဲဆိုတာ သူယုံကြည်တယ်လို့ ပြောလိုက်ပါ တယ်။
ဆရာမတွေ ပြောင်းရွှေ့ချထား
အသက်ငါးနှစ်ရှိပြီး ကျောင်းပြန်တက်နေတဲ့ ကလေးတစ်ဦးရဲ့ဖခင် အန်ဒရီက ဆရာအင်အား မလုံလောက်မှုကို အထူးသဖြင့် စိတ်ပူမိတယ်လို့ ပြောလိုက်ပါတယ်။ ကျောင်းပြန်မဖွင့်မီ မူလတန်း ဆရာမ အယောက် ၈၀ လောက် ပျက်ကွက်နေတဲ့ အပေါ် သူ့အနေနဲ့ နားမလည်နိုင်ဘူးလို့ သူက ပြောပါတယ်။
“သူတို့နွေရာသီမှာ ဘာတွေလုပ်နေသလဲ ဆိုတာကို ကျွန်တော်အံ့သြမိတယ်။ ဆရာမတွေ ပျက်နေတယ်ဆိုတာ ဘယ်သူမှမသိကြဘူး။ စာသင် နှစ်သစ်မတိုင်မီမှာ ဒီလိုဖြစ်နေတာကို ကျွန်တော် မစဉ်းစားတတ်တော့ဘူး”လို့ အန်ဒရီက ပြောပါ တယ်။
မော်လ်တာဆရာများသမဂ္ဂက မူလတန်း ကျောင်းမှာလုပ်နေတဲ့ အရန်ဆရာမတွေဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ ပြောင်းရွှေ့တာဝန် ချခြင်းကို ခံလိုက်ရတာပါလို့ ပြောကြားလိုက်ပါ တယ်။ သူတို့အတွက်လည်း ပြင်ဆင်ချိန်နည်းသွား ခဲ့ပါတယ်။
သိသာထင်ရှားတဲ့အစီအစဉ်မရှိ
ဆရာအင်အားပြတ်လပ်ခြင်းက ဆရာမတွေကို အဆင်ပြေသလို သင်ကြားပြသမှုတွေ လုပ်စေ ခြင်းဖြင့် သူတို့ဟာ သူတို့အထူးပြုထားတဲ့ ဘာသာ ရပ်မဟုတ်တာတွေကိုလည်း သင်ကြားရနိုင်တဲ့ အတွက် အဆင်မပြေမှုတွေ ဖြစ်စေနိုင်ပါတယ်။ သူတို့အတွက် ကြိုတင်ပြင်ဆင်မှုလည်း မလုပ်ရတဲ့ အတွက် အခက်အခဲတွေလည်း ဖြစ်စေနိုင်ပါတယ်။
ဆရာသမဂ္ဂဥက္ကဋ္ဌ မာကိုဗွန်နီစီက ဒါတွေ အားလုံးရဲ့ ပြဿနာကတော့ ကြိုတင်ပြင်ဆင်မှု မရှိတာပဲလို့ ပြောခဲ့ပါတယ်။ ပညာရေးဝန်ကြီးဌာန က ကျောင်းတွေပြန်ဖွင့်ဖို့ လုပ်ထုံးလုပ်နည်းတွေထုတ်ပြန်ခဲ့သော် လည်း အဲဒီလုပ်ထုံးလုပ်နည်းတွေကို ဘယ်လိုမျိုး အကောင်အထည်ဖော်မလဲဆိုတဲ့ သိသာထင်ရှားတဲ့ အစီအစဉ်တွေ မရှိခဲ့ဘူးလို့ ဗွန်နီစီ က ပြောပါတယ်။
နောက်သမဂ္ဂတစ်ခုဖြစ်တဲ့ ပညာရေးကျွမ်းကျင် သူတွေရဲ့သမဂ္ဂက ဆရာတွေ တော်တော်များများက သူတို့ရဲ့ နုတ်ထွက်စာကို ကိုင်ထားပြီး ဆုံးဖြတ်နေကြ တယ်လို့ ဆိုပါတယ်။ နုတ်ထွက်တဲ့ အရေအတွက် မြင့်တက်လာမယ်ဆိုရင် မော်လ်တာဟာ ပညာရေး မှာ သိသိသာသာကိုပဲ လျင်လျင်မြန်မြန်နဲ့ ကျဆင်း လာမှာဖြစ်ပါတယ်။
ကျောင်းတက်ရတာအလွန်ပျော်တယ်
သို့သော်လည်း အဲဒီကိစ္စလေးတွေ ဘေးဖယ် ပြီးပြောရမယ်ဆိုရင် အသက်ရှစ်နှစ်အရွယ် ကင်ဘာ လေဇီရာဖာက သူငယ်ချင်းတွေနဲ့အတူ ကျောင်းပြန် တက်ရတဲ့အတွက် အလွန်ပျော်တယ်လို့ ပြောခဲ့ပါ တယ်။
နွေရာသီတစ်ဝက်ကတည်းက ကျောင်းတွေ ပြန်ဖွင့်ဖို့ မျှော်လင့်စောင့်စားနေရတာပါ၊ ကမ်းခြေ တွေသွားလိုက် အိမ်မှာ အကင်လုပ်စားလိုက်နဲ့ ပျင်းတောင်လာပြီ၊ ကျောင်းတက်ရတာ ပိုပြီး ကြိုက်တယ်လို့ သူက ပြောပါတယ်။
မလွယ်ကူလှ
ကိုဗစ်- ၁၉ ကပ်ရောဂါဟာ စိုးရိမ်စရာကောင်း၊ မကောင်းနဲ့ပတ်သက်ပြီး သူက ကိုဗစ်-၁၉ ရောဂါ နဲ့ လွန်ခဲ့တဲ့ ၁၈ လကတည်းက ကျွမ်းဝင်ခဲ့ပါတယ်။ အဲဒီရောဂါကို အသေအချာဂရုတစိုက် လိုက်နာ လုပ်ဆောင်ရင် သူ့ကို တတ်နိုင်သလောက်တော့ ကာကွယ်နိုင်ပါတယ်။ အခုလည်း ဘာမှမပြောင်းလဲ သေးပါဘူးလို့ သူကပြောလိုက်ပါတယ်။
မော်လ်တာနိုင်ငံမှာ ကိုဗစ်- ၁၉ ကတစ်ဖက် ဆရာအင်အား ပြတ်လပ်မှုက တစ်ဖက်နဲ့ ကျောင်းတွေ ပြန်ဖွင့်ရတာ တကယ်တော့မလွယ်ကူ လှပါဘူး။ ။
ကိုးကား- ဆင်ဟွာ
- Log in to post comments