
ရန်ကုန် ဇူလိုင် ၃၀
၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၆) ပထမနေ့အဖြစ် GFA အသင်းနှင့် ဧရာဝတီအသင်းတို့ ဇူလိုင် ၃၀ ရက်က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ ဧရာဝတီအသင်းက လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။
ဇယားထိပ်ပိုင်းတွင် ရပ်တည်နေသည့် ဧရာဝတီအသင်း နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့ပြီး စတုတ္ထမြောက်နိုင်ပွဲနှင့်အတူ ရှမ်းယူနိုက်တက်၊ ရန်ကုန်အသင်းတို့ကို ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။ GFA အသင်း မှာမူ နည်းပြအပြောင်းအလဲ ပြုလုပ်ထားသော်လည်း ရလဒ်ပိုင်း ပြောင်းလဲနိုင်ခြင်းမရှိသေးဘဲ ရှုံးပွဲဆက်ခဲ့သည်။
နှစ်သင်းစလုံး အမာခံကစားသမားအများစုဖြင့် ပွဲထွက်ခဲ့ပြီး GFA အသင်းမှာမူ နိုင်ငံခြားသားကစားသမားနှစ်ဦးကို ပွဲစကတည်းက ထည့်သွင်းအသုံးပြုခဲ့သည်။ ပွဲစကတည်းက နှစ်သင်းစလုံး တိုက်စစ်ဖွင့် ကစားခဲ့ပြီး ၂၇ မိနစ်တွင် ရာဇာအောင်က ဧရာဝတီအသင်းအတွက် ဂိုးစတင်သွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် ဧရာဝတီအသင်းက ဆက်လက်ဖိကစားခဲ့ပြီး တိုက်စစ်မှူး ရန်ကျော်ထွေးက ၃၅၊ ၄၅+၂ မိနစ်တွင် ဧရာဝတီအတွက် နှစ်ဂိုးသွင်းယူခဲ့သည်။ ၄၁ မိနစ်တွင် သန်းတိုးအောင်က GFA အတွက် ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့သည်။ ဒုတိယပိုင်းတွင်လည်း ဧရာဝတီအသင်းက ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ၅၉ မိနစ်တွင် ရန်ကျော်ထွေးက ဟက်ထရစ်ရစေမည့်ဂိုး သွင်းယူခဲ့သည်။ ၆၃ မိနစ်တွင် မောင်မောင်စိုးက GFAအတွက် ဒုတိယဂိုးသွင်းယူခဲ့သော် လည်း ဧရာဝတီအသင်းက အနိုင်ရလဒ်ကို ထိန်းကစားသွားသည်။ ခြောက်ပွဲစီကစားအပြီးတွင် ဧရာဝတီအသင်းက လေးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ် ၁၃ မှတ်၊ GFA အသင်းက တစ်ပွဲနိုင်၊ ငါးပွဲရှုံး ရမှတ် သုံးမှတ် ရရှိထားသည်။
ပွဲစဉ် (၆) ဒုတိယနေ့ကို ဇူလိုင် ၃၁ ရက် (ယနေ့) ဆက်လက် ကျင်းပ မည်ဖြစ်ပြီး အား/ကာသိပ္ပံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရဲရင့်လွင်