
ကျုံပျော် ဇန်နဝါရီ ၁၀
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုး အောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီက ကျုံပျော်မြို့ အထက(၁) တွင် ကျင်းပသည့် ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ကြသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ရှေးဦးစွာ ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်းအနား ပထမပိုင်း အစီ အစဉ်အဖြစ် ကျောင်းရှေ့မုခ်ဦးတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် တို့သည် တာဝန်ရှိသူများ၊ ထူးချွန် ကျောင်းသား ကျောင်းသူများနှင့်အတူ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြပြီး မိုးပျံပူဖောင်းများ လွှင့်တင် ကြသည်။ ထို့နောက် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ဖွင့်ပွဲအခမ်းအနား အစီအစဉ် ဒုတိယပိုင်းကို အထက(၁) ရှိ အောင်ဆန်းခန်းမ၌ ကျင်းပရာ အထက(၁)မှ ကျောင်းသား ကျောင်းသူများက “ကလေးစာပေ ပွဲတော် Theme Song ” ဖြင့် ဂုဏ်ပြု သီဆိုပြီး အခမ်းအနားကို ဖွင့်လှစ် သည်။
ကိုးနေရာတွင်ကျင်းပခဲ့
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ကလေးစာပေ ပွဲတော်များကို ကလေးများ စာအုပ် စာပေတွင် နှစ်သက်မွေ့လျော်ပြီး ရာသက်ပန်ပညာရှာမှီးသူများ ဖြစ်လာ စေရန်၊ ပွဲတော်တွင် ပျော်ရွှင်စွာ ဆင်နွှဲမှုနှင့်အတူ စုပေါင်းအလုပ် များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ပညာဗဟုသုတပြည့်ဝပြီး အနာဂတ် တွင် တိုင်းပြည်အတွက် ဦးဆောင် ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်ကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကလေးစာပေပွဲတော် များကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များ ပူးပေါင်းပြီး နေပြည်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးကိုးနေရာတွင် ကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း၊ ခရိုင်အဆင့် မြို့ကြီး များတွင်လည်း (၄၃) ကြိမ်ကျင်းပခဲ့ပြီး ဖြစ်သကဲ့သို့ စိတ်ပါဝင်စားသူများ စုပေါင်းပြီးလည်း ဒေသအစီအစဉ်ဖြင့် (၁၁)ကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း။
နိုင်ငံတစ်ဝန်းတွင်လည်း ကလေး စာပေပွဲတော်များ ဆက်လက်ကျင်းပ ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ယမန်နှစ်က ပုသိမ်မြို့တွင် ကလေးစာပေပွဲတော် ကျင်းပခဲ့စဉ် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးမှကလေးများ ကလေး စာပေပွဲတော်များတွင် ပါဝင်ဆင်နွှဲနိုင် စေရန် ဆန္ဒရှိမှုကြောင့် တိုင်းဒေသကြီး အတွင်းရှိ (၂၆) မြို့နယ်တွင် ယခုကဲ့သို့ အကောင်အထည်ဖော် စီစဉ်ဆောင် ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အထူးဝမ်းသာအားရ ဖြစ်မိပါကြောင်း၊ ထိုသို့ ကျင်းပရာတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများအပြင် ရပ်မိ၊ ရပ်ဖများ နှင့် စေတနာရှင် ပြည်သူများကလည်း စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင် ပံ့ပိုးကူညီဆောင်ရွက်မှုများကြောင့် ကလေးစာပေပွဲတော်များ စည်ကား သိုက်မြိုက်စွာဖြင့် ကျင်းပနေမှုကို တွေ့မြင်ရသကဲ့သို့ ပွဲတော်များတွင် ကလေးများ ပျော်ရွှင်တက်ကြွစွာ ပါဝင်ဆင်နွှဲကြမှုကို မြင်တွေ့ရသဖြင့် လည်း ပွဲတော်ဖြစ်မြောက်အောင် စီမံ ဆောင်ရွက်ကြသူအားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်း ပြောကြား သည်။
စာပေချစ်သောကလေးများ
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးလှမိုးအောင်က အမှာစကား ပြောကြားရာတွင် ကလေးစာပေ ပွဲတော်များကို ကလေးများအတွက် အကျိုးအမြတ်များစွာ ရရှိမည်ဟု ယုံကြည်ချက်ဖြင့် ယခုကဲ့သို့ စီစဉ် ကျင်းပနေခြင်း ဖြစ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကစီစဉ်ဆောင်ရွက်နေသည့် ကလေး စာပေပွဲတော်လုပ်ငန်းစဉ်ကို အခြေ တည်၍ တိုင်းဒေသကြီးအနေဖြင့် ချဲ့ထွင်ကာယခုကဲ့သို့ ဆောင်ရွက်နေ ခြင်းဖြစ်ပါကြောင်း။ ကျုံပျော်မြို့နယ် တွင် ကျင်းပသည့် ကလေးစာပေ ပွဲတော်သည် ဧရာဝတီတိုင်းဒေသကြီး ရှိ (၂၆)မြို့နယ်အနက် (၁၆) မြို့နယ် တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ အစီအစဉ်ဖြင့် (၁၆) ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပါကြောင်း၊ စာဖတ် သည့် အလေ့အကျင့်ကောင်းရှိသော ကလေးများ၊ စာပေချစ်သော ကလေး များ၊ တစ်နည်းအားဖြင့် နိုင်ငံတော် တည်ဆောက်မှုတွင် အရည်အသွေး မြင့်မားသူ၊ အားကောင်းသူများ ပါဝင် လာစေရန် စီစဉ်ဆောင်ရွက်နေခြင်း လည်း ဖြစ်ပါကြောင်း၊ ကလေးစာပေ ပွဲတော်တွင် “ထူးချွန်ထင်ရှား ဧရာဝတီ တိုင်းသားများ” ပြခန်းကိုလည်း ကလေးများ အတုယူနိုင်ရန် ရည်ရွယ် ချက်ရှိရှိဖြင့် ထည့်သွင်းပြသထားပါ ကြောင်း၊ ကလေးစာပေပွဲတော်များ ကျင်းပနိုင်ခြင်းသည် နိုင်ငံတော်၏ အနာဂတ်လှပဖွံ့ဖြိုးစေရန်၊ အခွင့် အလမ်းကောင်းများ ပေါ်ထွက်လာစေ ရန် အစပျိုးတည်ထောင်ပေးခြင်း လည်းဖြစ်ပါကြောင်း ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် “ပြည်သူနှင့်အတူ” ဆောင်ပုဒ်နှင့် အညီ ဒေသခံပြည်သူများ၏ စိတ်အား ထက်သန်စွာ ပူးပေါင်းပါဝင်မှုဖြင့် ကလေးစာပေပွဲတော်များကို ဝိုင်းဝန်း ဆောင်ရွက်ကြခြင်းဖြစ်ရာ အနာဂတ် နိုင်ငံတော်အတွက် ရလဒ်ကောင်းများ ရရှိပါစေဟု ဆုမွန်ကောင်းတောင်းပါ ကြောင်း ပြောကြားသည်။
ထို့နောက် အထက(၁)မှ ကျောင်းသား ကျောင်းသူလေးများက စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်၊ အမက(မြို့မ)မှ ကျောင်းသား ကျောင်းသူလေးများက ပုံပြင်သရုပ် ဖော်နှင့် အထက(၂)မှ ကျောင်းသား ကျောင်းသူလေးများက "မမပုသိမ်သူ" သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေ ကြသည်။
လှည့်လည်ကြည့်ရှု
ဆက်လက်၍ ပြည်ထောင်စု၀န်ကြီး၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးစာပေပွဲတော်၌ ခင်းကျင်း ပြသထားသည့် ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ ကလေး စာဖတ်ခန်း၊ ဌာနဆိုင်ရာပြခန်းများ၊ NGO ပြခန်းများ၊ စာပေဟောပြောပွဲ၊ စာပေဆွေးနွေးပွဲ၊ ပြိုင်ပွဲများ၊ ပျော်ပွဲ ရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ၊ စာအုပ် အရောင်းဆိုင်များကို လှည့်လည် ကြည့်ရှုအားပေးကြသည်။
ပညာပေးပြခန်းများ ပါဝင်ပြသ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တိုင်းဒေသကြီး အတွင်းရှိ မြိုနယ်(၂၆) မြို့နယ်တွင် ကလေးစာပေပွဲတော်များကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁ ရက်မှစတင်၍ ကျင်းပခဲ့ရာ ယနေ့ ကလေးစာပေ ပွဲတော်(ကျုံပျော်)ကျင်းပမှုသည် (၁၆) ကြိမ်မြောက် ပွဲတော်အဖြစ် ကျင်းပ ခြင်းဖြစ်ပြီး ကျန်မြို့နယ်များတွင် လည်း စဉ်ဆက်မပြတ် ကျင်းပနိုင် ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးစာပေပွဲတော်များတွင် ကလေး များအတွက် ပျော်ရွှင်စရာအစီအစဉ် များအပြင် အသိပညာတိုးပွားရေး ပညာပေးပြခန်းများလည်း ပါဝင်ပြသ ထားရှိရာ ပွဲတော်တွင် လာရောက်ဆင် နွှဲကြသည့် ကလေးငယ်များအနေဖြင့် ပျော်ရွှင်မှုရရှိစေသကဲ့သို့ ထိုသို့ ပျော်ပွဲ ရွှင်ပွဲများတွင် စုပေါင်းပါဝင်ဆင်နွှဲခဲ့ရ မှုများကိုလည်း အမှတ်ရနေကြမည် ဖြစ်သည်။
သတင်း-နေဝင်း(ပြန်/ဆက်)
ဓာတ်ပုံ-စိုးမင်းဦး(ပြန်/ဆက်)