
အင်ဂျင်နီယာထွန်း (စက်မှုစီးပွားထူးချွန်ဆု) Former Part -Time Professor, D.S.T.A.
နိုင်ငံတော်အကြီးအကဲက ယနေ့ မြန်မာနိုင်ငံတွင် လျှပ်စစ်ယာဉ် EV (Electric Vehicle) များသုံးစွဲနိုင်ရေး ကြိုးပမ်းကြရန်တိုက်တွန်းရခြင်းသည် အောက်ဖော်ပြပါ အကြောင်းများကြောင့်ဆိုလျှင် မမှားနိုင်ပေ။
ပြုပြင်ထိန်းသိမ်းရန်လွယ်ကူ
လျှပ်စစ်ယာဉ် EV (Electric Vehicle) များ သုံးစွဲခြင်းဖြင့် လောင်စာဆီ ပြည်ပမှ ဝယ်ယူ တင်သွင်းနေရသည့် နိုင်ငံခြားငွေသုံးစွဲရမှု လျော့နည်းပပျောက်စေခြင်း၊ လောင်စာဆီသုံးယာဉ် များ ICE (Internal Combustion Engine) Vehicle ၏ မောင်းနှင်အသုံးပြုနိုင်ရန် အင်အား ဖြစ်ပေါ်ရေးအတွက် လောင်ကျွမ်းမှုမှ ထွက်ပေါ် လာသော အဆိပ်ဓာတ်ငွေ့ ကာဗွန်ဒိုင်အောက်ဆိုက် ကြောင့် လူ၊ သတ္တဝါများနှင့် သစ်ပင်များ ထိခိုက် ပျက်စီးသေကျေကြရမှု လွတ်ကင်းစေခြင်း၊ EV ယာဉ်များသွားလာရာတွင် ICE ယာဉ်များကဲ့သို့ ဆူညံသံမဖြစ်ပေါ်စေခြင်းနှင့် မောင်းနှင်ရန် လိုအပ် သည့်စွမ်းအင်ရရှိစေဖို့ စုဖွဲ့တည်ဆောက်ထားသည့် ပစ္စည်းအစိတ်အပိုင်းအုပ်စု ပါဝင်မှုနည်းပါးပြီး လွယ်ကူရှင်းလင်းပေါ့ပါးသည့်အတွက် ICE ယာဉ်များ ကဲ့သို့ ရှုပ်ထွေးများပြား လေးလံသည့် အင်ဂျင်အုပ်စု စုဖွဲ့ တည်ဆောက်ထားသည့် အစိတ်အပိုင်းများထက် EV ယာဉ်များ တည်ဆောက်မှုတွင် Induction Motor & Inverter စသော နည်းပါးသည့် အစိတ် အပိုင်းများဖြင့်သာ ပေါ့ပါးစွာ စုဖွဲ့တည်ဆောက် ထားသဖြင့် ပျက်စီးချွတ်ယွင်းနိုင်မှုနည်းပါး၍ ပြုပြင် ထိန်းသိမ်းရန် လွယ်ကူသောကြောင့် ယာဉ်ပြုပြင် ထိန်းသိမ်းစရိတ် များစွာလျော့နည်းစေပါသည်။
အလေးချိန်နှင့် စွမ်းအားပေးနိုင်
EV ယာဉ်နှင့် ICE ယာဉ်တို့၏ အလေးချိန်နှင့် စွမ်းအားပေးနိုင်မှုအချိုး နှိုင်းယှဉ်ရာတွင် EV ယာဉ် မှာ (8.5 kW/ kg) စွမ်းအားရရှိပြီး ICE ယာဉ်မှာ (0.8 kW/kg) သာ စွမ်းအားရရှိသည့်အတွက် မောင်းနှင်ကုန်ကျစရိတ်မှာ EV ($0.03/mile) ဖြစ်ပြီး ICE Vehicle ($0.1/mile) ဖြစ်သဖြင့် အကွာအဝေး များများမောင်းလေ EV ယာဉ်ဖြင့် သွားလာစရိတ် ကုန်ကျမှုသည် ICE ယာဉ် အသုံးပြုကုန်ကျစရိတ် ထက် များစွာသက်သာကြောင်း နိုင်ငံတကာတွင် စမ်းသပ်တွေ့ရှိထားသည့်အတွက် EV ယာဉ်များကို သုံးစွဲကြည့်ရန် အလေးထားစဉ်းစားနိုင်ရန် ရှင်းလင်း တင်ပြခြင်း ဖြစ်ပါသည်။
EV ယာဉ်သည် ICE ယာဉ်ထက် ပေါ့ပါးပြီး ကမ္ဘာမြေ၏ ဗဟိုချက်သို့ ဆွဲငင်သည့်အား CG (Center of Gravity) မှာ မြေပြင်နှင့် ပိုမိုနီးကပ်သဖြင့် အရှိန်ဖြင့်ကွေ့ရာတွင် တိမ်းမှောက်နိုင်မှုကို ကာကွယ်နိုင်ခြင်း၊ အရှိန်ဖြင့် မောင်းနှင်သွားလာ ရာတွင်လည်း တော်ရုံတန်ရုံတိမ်းမှောက်မှု မရှိခြင်း၊ ကားဘီးများ ပွန်းစားမှုလျော့နည်းစေမှုကြောင့် ကားဘီးသက်တမ်း ကြာရှည်ခံသဖြင့် ကုန်ကျစရိတ် လျော့နည်းစေခြင်းတို့ကလည်း EV ယာဉ်၏ အားသာချက်များ ဖြစ်ပါသည်။
ကုန်ကျစရိတ် များစွာသက်သာ
ဈေးကြီးသည့် နိုင်ငံခြားဖြစ် စက်သုံးဆီအပြင် အင်ဂျင်ဝိုင်အစရှိသည့် အစိတ်အပိုင်းအုပ်စုများ လည်ပတ်ဖို့ ထည့်ပေးရသော ချောဆီများကို EV ယာဉ်များ မောင်းနှင်အသုံးပြုရာတွင် မလိုအပ်တော့ သဖြင့် ကုန်ကျစရိတ် များစွာသက်သာစေပါသည်။
EV ယာဉ်များ၏ အဓိကစွမ်းအားဖြည့်ပေးရသည့် ဘက်ထရီ Li-ion မှာ ဈေးမြင့်နေသော်လည်း နည်းပညာတိုးတက်လာသည်နှင့် ဈေးလျော့ကျပြီး အရည်အသွေးတိုးမြင့်လာသည့် Li-Fe Battery, LiFePO4 Battery, IronGraphite Foils Battery စသည်စသည်ဖြင့် တိုးတက်ပြောင်းလဲသုံးစွဲနိုင် ရန်လည်း ပညာရှင်များက ကြိုးပမ်းတီထွင်ပေးလျက် ရှိသည့်အတွက် များမကြာမီ ခေတ်ကာလတွင် EV ယာဉ်များသုံးစွဲမှုမှာ အံ့မခန်းတိုးတက်လာမည် ဖြစ်ပါ သည်။ ထို့ပြင် ၂၀၂၁ ခုနှစ် ဒုတိယလေးလပတ်မှစပြီး BYD မှ EV ကားများအတွက် အဆင့်မြင့်တီထွင်ထား သည့် BYD New Blade Battery များကို ကျယ်ပြန့် စွာ ထုတ်လုပ်ရောင်းချသွားမည့်အကြောင်း သိရှိ ရပါသည်။
ဈေးနှုန်းအစားစားရှိ
၂၀၂၀ ပြည့်နှစ်တွင် SAIC နှင့် US car giant General Motors (GM) တို့ Joint Venture ထုတ်လုပ်သည့် Mini EV ကားများသည် USD 4,100- USD 5,600 ခန့်ဈေးနှုန်းများမှ အစပြု၍ အခြားအဆင့်မြင့် EV ကားများမှာ အမျိုးအစား အလိုက် ဈေးနှုန်းအစားစား ရှိကြပါသည်။
ဈေးနှုန်းသက်သာစွာထုတ်လုပ်
နာမည်ကြီး ကားကုမ္ပဏီများမှ ထုတ်လုပ်သော ကားများထက် BYD တရုတ်ပိုင် ကားကုမ္ပဏီနှင့် ၎င်းနာမည်ကြီး ကားကုမ္ပဏီများဖြစ်သော Tesla, GM, Ford, Chavolet, Mercedes, Volkswagen, Hyundai, Toyota, Renault, etc တို့နှင့် Joint Venture ပြုလုပ်ပြီး Integrated High Technology ဖြင့် ယခင်ထက် ဈေးနှုန်းသက်သာစွာ ထုတ်လုပ် ဖြန့်ဖြူးလာနိုင်ပြီဖြစ်ပါသည်။
ကျွန်တော့်လို EV ယာဉ်များအကြောင်း ဗဟု သုတရသူများ၊ EV ကားများကို ပိုင်ဆိုင်မောင်းနှင် ချင်သူများ အများအပြား ရှိလာနိုင်မည်ဖြစ်သော် လည်း ချက်ချင်းငွေပေးချေ (Cash Down) ဝယ်ယူ နိုင်ရန် အခက်အခဲရှိကြပါလိမ့်မည်။ လောင်စာဆီသုံး အင်ဂျင်ကားများထက် EV လျှပ်စစ်ကားများကို သက်သာသော ဈေးနှုန်းဖြင့် အများပြည်သူ ဝယ်ယူခွင့်ရရှိအောင် သက်ဆိုင်ရာက မူဝါဒချမှတ် ပေးခြင်း၊ သုံးစွဲသူတို့ အဆင်ပြေချောမွေ့မှုရှိစေရန် အချိန်တိုအတွင်း Charging ဖြည့်သွင်းနိုင်သော Fast Charging System များ၊ Servicing များကို လည်း သက်ဆိုင်ရာဌာနများနှင့် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်းရှင်များ ပူးပေါင်းကာ ပေါင်းစပ် စီမံဖြည့်ဆည်းပေးခြင်း၊ အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိဝန်ထမ်းများ ကျယ်ပြန့်စွာ သုံးစွဲ နိုင်ကြရန်အတွက် Down payment and Installment ပေါင်းစပ်ရောင်းချပေးနိုင်ခြင်း စသည့် အစီအစဉ်များကို စီမံပေးနိုင်ပါလျှင် မြန်မာပြည်သူ များ ခေတ်မီအဆင့်မြင့်စွာဖြင့် EV ယာဉ်များ တစ်စတစ်စ သုံးစွဲလာသူ တိုးပွားလာမည်ကို မျှော်တွေးမိပါကြောင်း တင်ပြလိုက်ရပါသည်။ ။
- Log in to post comments