FIFA-MFF U15 Youth League 2023 ပြိုင်ပွဲ ဇုန်နှစ်ခုခွဲ၍ ကျင်းပမည်

 

ရန်ကုန်  မတ်   ၂၄

 


မြန်မာနိုင်ငံ     ဘောလုံးအဖွဲ့ချုပ်အနေဖြင့် လူငယ်မျိုးဆက်သစ်များ ဘောလုံးလှုပ်ရှားမှု များတွင် ပါဝင်လာရေး၊  ပြည်တွင်းလူငယ်ပြိုင်ပွဲ များ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး၊ မျိုးဆက် သစ် လူငယ်ကစားသမားများ ပေါ်ထွက်လာ ရေး၊ FIFA, AFC, AFF လူငယ်ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင်      လူငယ်အသင်းများ အောင်မြင်မှုရရှိရေးအတွက် ရည်ရွယ်၍ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်  ညွှန်ကြားချက်များအတိုင်း အသက် (၁၅) နှစ်အောက် လူငယ်ဘောလုံး ပြိုင်ပွဲ  ( FIFA-MFF U15 Youth League 2023) ကို    ယခုနှစ်    မေလပထမပတ်မှစတင်ကာ အထက်မြန်မာပြည်ဇုန်နှင့် အောက်မြန်မာပြည် ဇုန်အဖြစ်   ရန်ကုန်မြို့နှင့်   မန္တလေးမြို့တို့၌ ကျင်းပသွားမည်ဖြစ်သည်။

 


အဆိုပါပြိုင်ပွဲတွင် စုစုပေါင်းအသင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အထက်မြန်မာ ပြည်ဇုန်( မန္တလေး)တွင် မန္တလေးတိုင်းဒေသကြီး မှ    နှစ်သင်း၊   စစ်ကိုင်းတိုင်းဒေသကြီးမှ နှစ်သင်း၊ မကွေးတိုင်းဒေသကြီးမှ တစ်သင်း၊ နေပြည်တော်ကောင်စီမှ   တစ်သင်း၊   ရှမ်း ပြည်နယ်မှ သုံးသင်း၊ ချင်းပြည်နယ်မှတစ်သင်း၊ ကယားပြည်နယ်မှ တစ်သင်း၊ ကချင်ပြည်နယ်မှ တစ်သင်း၊ အောက်မြန်မာပြည်ဇုန် (ရန်ကုန်) တွင်   ရန်ကုန်တိုင်းဒေသကြီးမှ   သုံးသင်း၊ ပဲခူးတိုင်းဒေသကြီးမှ   နှစ်သင်း၊   ဧရာဝတီ တိုင်းဒေသကြီး (ပုသိမ်)မှ နှစ်သင်း၊ တနင်္သာရီ တိုင်းဒေသကြီးမှ  တစ်သင်း၊  မွန်ပြည်နယ်မှ နှစ်သင်း၊ ရခိုင်ပြည်နယ်မှ တစ်သင်း၊ ကရင် ပြည်နယ်မှ တစ်သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ် သည်။ ပြိုင်ပွဲကို အပတ်စဉ်စနေနှင့် တနင်္ဂနွေနေ့  များတွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲကာလမှာ ပထမအကျော့ သုံးလ၊ ဒုတိယအကျော့ သုံးလ စုစုပေါင်း ခြောက်လကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

ပြိုင်ပွဲဝင်အသင်းများ မှတ်ပုံတင် ရမည့်ကာလကို  မတ် ၃၁ ရက် နောက်ဆုံးထား  သတ်မှတ်ထားပြီး    မြန်မာနိုင်ငံ   ဘောလုံး အဖွဲ့ချုပ်   FIFA-MFF  U15  Youth League ဌာနသို့    ဆက်သွယ်    မှတ်ပုံတင်ရမည်ဖြစ် သည်။

 


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ပြိုင်ပွဲ ဝင်ခွင့်ရအသင်းများကို      တစ်သင်းလျှင် ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့သွားမည်ဖြစ်ပြီး  ဆုကြေးများအဖြစ်   ပထမဆုရအသင်းအား ငွေကျပ်  သိန်း ၅၀၊  ဒုတိယဆုရအသင်းအား ငွေကျပ် သိန်း ၃၀၊ တတိယဆုရအသင်းအား ငွေကျပ် သိန်း ၂၀၊ ဆုဖလားနှင့် ဆုတံဆိပ်များ ချီးမြှင့်သွားမည် ဖြစ်သည်။

ကိုညီလေး