ဂန္ထဝင်စာဆိုရှင် ဆရာကြီးမောင်ထင်

Type
1

တင်တင်ဝင်း (စာပေဗိမာန်)

 

၂၀၀၂ ခုနှစ်အတွက် အမျိုးသားစာပေဆုနှင်းသဘင် ကို ၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက် (စာဆိုတော်နေ့) တွင် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ ကျင်းပရာ အမျိုးသားစာပေတစ်သက်တာဆုကို   ဆရာကြီး ဦးထင်ဖတ်(မောင်ထင်)အား     ချီးမြှင့်ခဲ့သည်။ အမျိုးသားစာပေတစ်သက်တာဆုကို  ၂၀၀၁ ခုနှစ် တွင်  စတင်တီထွင်ချီးမြှင့်ခဲ့သဖြင့်    ဆရာကြီးသည် ဒုတိယမြောက်ဆုရှင်အဖြစ်   အသက်  ၉၃  နှစ် အရွယ်တွင် ရရှိခြင်းဖြစ်သည်။
ဆရာကြီး အသက် ၈၅ နှစ်အရွယ် ၁၉၉၄ ခုနှစ်တွင်   ကျင်းပသည့် ပထမအကြိမ်  ပခုက္ကူ ဦးအုံးဖေစာပေဆုချီးမြှင့်ပွဲတွင်လည်း  ပခုက္ကူ ဦးအုံးဖေ   တစ်သက်တာစာပေဆုကို  ဆရာ ဦးတင်မြင့် (သင်္ခါ) နှင့်တွဲလျက် ပွဲဦးထွက်ရရှိခဲ့သည်။ 
စာပေဆိုင်ရာအမြင့်ဆုံးဆု
တစ်သက်တာစာပေဆုဆိုသည်မှာ  မိမိ၏ ဘဝတစ်လျှောက်လုံးကို  စာပေထဲတွင်  မြှုပ်နှံ ထားပြီး မြန်မာစာပေအကျိုးကို  ထူးချွန်ပြောင် မြောက်စွာ ဆောင်ရွက်လျက်ရှိသည့် သက်ရှိထင်ရှား  စာပေပညာရှင်ကြီးများကို ရွေးချယ်ချီးမြှင့်သည့် စာပေဆိုင်ရာအမြင့်ဆုံးဆု ဖြစ်သည်။
ဆရာကြီးမောင်ထင်သည် တစ်သက်တာ စာပေဆုကို ထိုက်တန်စွာ ချီးမြှင့်ခံရလောက်အောင် လည်း မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် စာမျိုးစုံကို အလျဉ်မပြတ် ရေးသားခဲ့သူဖြစ်သည်။ ဝတ္ထု၊ ပြဇာတ်၊ ကဗျာ၊ အက်ဆေး၊ ခရီးသွား၊ သိပ္ပံစာပေ၊ ဗုဒ္ဓစာပန်းချီ၊ သုတေသန၊ ဝေဖန်ရေးစာပေ စသည် ဖြင့် စာပေပုံသဏ္ဌာန်မျိုးစုံကို     အကြောင်းရပ် နိုင်နင်းစွာ၊ လက်ရာမြောက်စွာ ရေးဖွဲ့နိုင်သည် သာမက သုတရော ရသပါ နှစ်ဖြာ ကျွမ်းကျင်ပိုင် နိုင်စွာ ရေးဖွဲ့နိုင်သူဖြစ်သည်။ စာရေးဆရာတစ်ဦး သည် စာအများအပြား ရေးသားထုတ်ဝေနိုင်သည် ဟုဆိုသော်လည်း သူ၏စာပေလက်ရာတိုင်းသည် ဂန္ထဝင်စာပေစာရင်းဝင်သည်တော့  မဟုတ်ပေ။ သို့သော် ဆရာကြီး၏ စာပေလက်ရာအများစုကမူ မြန်မာဂန္ထဝင်စာပေစာရင်းတွင် မှတ်ကျောက်တင် ခဲ့သည်ချည်း ဖြစ်သည်။
ဖခင်မှာ စာပေဝါသနာအိုးဖြစ်သဖြင့် ဆရာ ကြီးသည်လည်း စာပေဝါသနာပါခဲ့ပြီး ငယ်စဉ်က အယ်ဒီတာဖြစ်ရန် ရည်မှန်းခဲ့သည်ဟု သိရပါသည်။ တက္ကသိုလ်ရောက်သောအခါ ဆရာဝန်ဖြစ်ရန် ရည်မှန်းလျက် ဆေးပညာကို သင်ကြားခဲ့သော် လည်း ဥပစာဒုတိယနှစ်အပြီးတွင် သိပ္ပံပညာရပ်မှ ဝိဇ္ဇာပညာရပ်သို့ ကူးပြောင်းသင်ကြားခဲ့ပြီး ကျောင်း ဆရာ၊ မြို့ပိုင်၊ ညွှန်ကြားရေးဝန်ဘဝတို့နှင့် တွဲဖက် လျက် စာရေးဆရာ၊ စာပေပညာရှင်ဘဝသို့ ရောက်ရှိ ခဲ့ခြင်း ဖြစ်ပါသည်။
ဆိုမိန့်ခဲ့
“စာရေးဆရာ စာရေးတယ်ဆိုတာ ပြောစရာ ရှိလို့၊ ပြောချင်လို့၊ ပြောစေချင်လို့ကွ၊ စာရေးတဲ့အခါ စိတ်ကောင်းထားဖို့လိုတယ်။  စေတနာထားပြီး ရေးရမယ်၊ မိမိဘာကိုဆိုလိုသလဲဆိုတာ  ကိုယ်ရေး လိုက်တဲ့ စာထဲက အတွေးအခေါ်၊ အယူအဆမှာ ရှာတွေ့သွားကြဖို့ လိုအပ်တယ်”ဟု ဆိုမိန့်ခဲ့ဖူးပါ သည်။
သူ၏ အဆိုအမိန့်အတိုင်းပင် စာဖတ်ပရိသတ် အတွက် အသိအမြင်နှင့် ဗဟုသုတကြွယ်ဝစေမည့် စာပေများစွာကို   ရေးသားခဲ့ပါသည်။   ခေတ်အဆက် ဆက် ဖြတ်သန်းခဲ့ရသူဖြစ်သဖြင့် ဘဝအတွေ့အကြုံ များစွာထဲမှ    ရောက်ဆဲခေတ်၏ ပုံရိပ်များ၊ အတွေး အမြင်များ၊ အသိအလိမ္မာများကို စာပေမှတစ်ဆင့် မနားမနေ အားထုတ်ဖြန့်ဝေနိုင်ခဲ့သည်။
သမိုင်းခေတ်ကာလအလိုက်  ကိုလိုနီစနစ် ဆန့်ကျင်ရေး၊ လွတ်လပ်ရေးကြိုးပမ်းမှု အားပေးရေး၊ နိုင်ငံနှင့်လူမျိုး ခေတ်မီရေး၊ အတွေးအခေါ် မှန်ကန် ရေးတို့ကို လှုံ့ဆော်ဦးတည်ရေးဖွဲ့ခဲ့သည်။ စစ်ပြီး ခေတ် ခေတ်စမ်းစာပေ ပေါ်ထွန်းလာမှုတွင် သခင် ဘသောင်း၏   ဘာသာပြန်များ၊  သိပ္ပံမောင်ဝ၏ ကိုယ်တွေ့ဝတ္ထုတိုများ၊    ပန်းတနော် ဦးခန့်၏ ဆောင်းပါးများနှင့်အတူ မောင်ထင်၏ ကိုဒေါင်း ဝတ္ထုတိုများ ပါဝင်ခဲ့သည်ဟု ဂန္ထလောကမဂ္ဂဇင်း အယ်ဒီတာဖြစ်ခဲ့သော ဆရာဦးအုန်းဖေ (တက်တိုး) က ရေးသားခဲ့ပါသည်။
ဆရာကြီးသည် မြစ်ဝကျွန်းပေါ်ဇာတိဖြစ်သဖြင့် မြစ်ဝကျွန်းပေါ်ဒေသ ရပ်ဓလေ့၊ ရွာဓလေ့နှင့် ယင်း ဒေသရှိ လူတို့၏သရုပ်ကို ပီပြင်စွာရေးဖွဲ့နိုင်သည်။ ၁၉၃၄ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ ဂန္ထလောကမဂ္ဂဇင်း၌ စတင်ရေးသားခဲ့သော ကိုဒေါင်းဝတ္ထုတို ကိုးပုဒ်မှာ ဦးလေးဖြစ်သူ၏ သူငယ်ချင်း ရွေးမြစ်ကမ်း   လပွတ္တာ မြို့တွင်နေထိုင်သည့်    ကိုကြီးဖိုးဒေါင်း၏ ဘဝ ကုန်ကြမ်းများကို   အခြေပြု၍ လောကကြီး၏ ကမောက်ကမတို့ကို ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ ကိုဒေါင်း ဝတ္ထုများကို ခေတ်ပြိုင်စာရေးဆရာများက မြန်မာ ဝတ္ထုတိုသမိုင်းတွင် တွေ့ရခဲသော ရသမြောက် ဘဝသရုပ်ဖော်ထေ့စာပုံသဏ္ဌာန်များဖြစ်သည်ဟု သုံးသပ် ခဲ့ကြပါသည်။
ငဘဝတ္ထု
ဆရာ၏လက်ရာများအနက် ငဘဝတ္ထု (၁၉၄၀) မှာ စစ်ပြီးခေတ်    မြန်မာဝတ္ထုများတွင် ထူးခြား ထင်ရှားသော ဝတ္ထုတစ်အုပ်ဖြစ်သည်။ ကိုလိုနီခေတ် စစ်ဖြစ်ခါစ စပ်ကူးမပ်ကူးကာလ မြစ်ဝကျွန်းပေါ် ဒေသကို နောက်ခံပြုပြီး ခေတ်အဆက်ဆက် ကိုယ့် ကြမ္မာ ကိုယ်မဖန်တီးနိုင်သော မြန်မာလယ်သမား တို့၏ ဖိနှိပ်ခံရမှု၊   ရုန်းကန်လှုပ်ရှားရမှုများကို သွက်သွက်နှင့်ထေ့ထေ့ ပီပြင်စွာ ရေးဖွဲ့ထားသည်။ ငဘနှင့်မိဖော့၊ ချက်ကြီးနှင့် မိနီတို့၏ ဇာတ်ကောင် စရိုက်များမှာ   ခေတ်ကိုသရော်လျက်  ပီပြင်စွာ သရုပ်ဖော်ထားသဖြင့် စာနာစိတ်၊ အမြင်ကတ်စိတ်၊ ဝမ်းနည်းစိတ်တို့ဖြင့် စာဖတ်သူတို့ရင်ကို လှိုင်းခတ် သကဲ့သို့ ခံစားကြရ၏။  စာဖတ်သူများ နှစ်ခြိုက် ကြသဖြင့်  ငဘဝတ္ထုမှာ  ဂန္ထဝင်လက်ရာအဖြစ် အကြိမ်ကြိမ်  ပုံနှိပ်ထုတ်ဝေခဲ့ရသကဲ့သို့  တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ရုရှားဘာသာတို့ဖြင့် ဘာသာပြန်ဆို ထုတ်ဝေခဲ့ရသည်။၂၀၂၀ ပြည့်နှစ်အတွင်း စာပေ ဗိမာန်က ထုတ်ဝေခဲ့သည့် မြန်မာဂန္ထဝင် အတွဲ ၁၀၀ စာစဉ် ဝတ္ထုရှည် အတွဲ (၈) တွင်   ငဘဝတ္ထုကို ဖော်ပြထားပါသည်။
ဆရာကြီးသည်    သုတေသနစာအုပ်များ ဖြစ်သည့် ကမ္ဘာ့စာပေအညွှန်းစာအုပ်များကို ဘာသာ ပြန်ခဲ့ရာ အိန္ဒိယ၊ အီရန်၊ အာရပ်၊ တရုတ်၊ ဂျပန်၊ ဟေးဗရူး၊ ဂရိ၊ ရောမ၊ အင်္ဂလိပ်၊ အမေရိက၊ ပြင်သစ် စာပေသမိုင်းများကို စာပေဗိမာန်က ထုတ်ဝေခဲ့ပြီး ဂျာမန်စာပေသမိုင်းကို   စိတ်ကူးချိုချိုစာအုပ်တိုက် က  ထုတ်ဝေခဲ့ပါသည်။   ယင်းစာပေသမိုင်း စာအုပ် များသည် ယင်းနိုင်ငံ၏ ရှေးခေတ်မှ မျက်မှောက် ခေတ်အထိ  အခြေအနေတို့ကို   ကမ္ဘာ့စာပေ၊ မြန်မာ့စာပေများနှင့် နှိုင်းယှဉ်ထင်ဟပ်ပြီး လိုရင်း တိုရှင်း စိတ်ဝင်စားဖွယ် ရေးသားထားသဖြင့် စာပေ သုတေသီများအတွက်    ခေတ်အဆက်ဆက် ကိုးကားနိုင်သည့်   လွန်စွာတန်ဖိုးရှိလှသော ရည်ညွှန်းစာပေတွဲကြီးများ ဖြစ်ပါသည်။ လူငယ် များအတွက် ရည်ရွယ်၍ စာအုပ်တိုင်း၏ ရှေ့ဆုံး တွင် “ပွင့်သစ်စ  စာပေအနုပညာရှင်များသို့”ဟု ရေးသားထားပါသည်။
မီးမောင်းထိုးပြ
မြန်မာ့ပြဇာတ်စာပေနှင့်    မြန်မာစင်တင် ပြဇာတ်များ ထွန်းကားတည်တံ့ရေးအတွက် ဆရာ သည် ပြဇာတ်များကိုလည်း အစဉ်တစိုက်ရေးသားခဲ့ သည်။ စင်တင်ခွင့်ရလျှင် စင်တင်ပြီး   စာအုပ် ထုတ်ဝေခွင့်ရလျှင်လည်း ထုတ်ဝေခဲ့သည်။ ခေတ် ကာလ အခြေအနေအလျောက် နိုင်ငံသားများ  မျိုးချစ် စိတ်ထွန်းကားရန်   ရည်ရွယ်နှိုးဆော်ရေးသား သကဲ့သို့   အမြင်မတော်သည့်အချက်များကို မိမိပြဇာတ်များမှတစ်ဆင့် မီးမောင်းထိုးပြသည်။ သတိပေးသရော်ခဲ့သည်။ ဆရာကြီး၏ ပထမဦးဆုံး ရေးသားသော ပြဇာတ်မှာ “ဘာအရေးကြီးဆုံးလဲ” ပြဇာတ် (၁၉၄၄) ဖြစ်သည်။ ယင်းပြဇာတ်ကို ဂျပန်ခေတ် ကန်တော်မိတ်ရုံ၌  ၁၉၄၄ ခုနှစ်တွင်ပထမဆုံးတင်ဆက်ခဲ့သည်။   ဆရာကြီးသည် စုစုပေါင်း ပြဇာတ်ခုနစ်ပုဒ် ရေးသားခဲ့သည်။
ဆရာကြီးသည် ၁၉၈၁ ခုနှစ်တွင် အင်္ဂလိပ် ဂန္ထဝင် စာရေးဆရာ ဂျော်နသန်ဆွစ်  ရေးသားသည့် “ဂါလီဗာ၏ ခရီးစဉ်”(Gulliver's Travels) စာအုပ် ဖြင့် အမျိုးသားစာပေဆု (ဘာသာပြန်-ရသဆု) ကို ရရှိခဲ့သည်။ လူတို့၏ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာတရားတို့နှင့်စပ်လျဉ်း၍    သံဝေဂ ရစေရန် ထေ့လုံးငေါ့လုံးတို့ဖြင့် ရေးဖွဲ့ထားသည့် လောကသရော်စာအဖွဲ့ကို ဆရာကြီးက အရေးအဖွဲ့ သွက်သွက် အာဝဇ္ဇန်းရွှင်ရွှင်  ဘာသာပြန်ဆို ထားသည့် လက်ရာဖြစ်သည်။v စာမျက်နှာ ၁၈ မှ 
ဆရာ၏အတွေး၊ ဆရာ၏ရေးဟန်၊ ဆရာ၏ လေတို့နှင့် သရော်စာအဖွဲ့ (Satire) တို့သည် မြန်မာစာပေသမိုင်းတွင် အထင်အရှား ကျန်ခဲ့ပါ သည်။  ဆရာသည် သရော်စာအရေးကောင်းသည် ဟု သတ်မှတ်ခံရသည့်နည်းတူ သူကိုယ်တိုင်လည်း လောက၏ တရားမှု၊ မတရားမှုနှင့် အမြီးအမောက် မတည့်မှု၊ ကမောက်ကမဖြစ်တတ်မှုတို့ကို အမြင် မတော်သည့်အခါမျိုးတွင်   ပြောဆိုတတ်သော ဝါသနာရှိသည်။
သရော်စာရေးသူ၏ စိတ်ထားကို ဖွင့်ဟ
မောင်ထင်၏ အတွေးပဒေသာစာအုပ် နိဒါန်း တွင် “ကျွန်တော်သည် အင်္ဂလိပ် Satire အဖွဲ့ကို လည်းကောင်း၊ မြန်မာရကန်ကိုလည်းကောင်း အထူးဝါသနာပါသည်။ ထိုဝါသနာကြောင့် ကျွန်တော် ဖွဲ့နွဲ့သော အရေးအသားမျိုးတွင် အင်္ဂလိပ် Satire အဖွဲ့အနွဲ့နှင့် မြန်မာရကန်အဖွဲ့အနွဲ့တို့၏ ဩဇာ လွှမ်းမိုးလျက်ရှိပါသည်”ဟု သရော်စာရေးခဲ့ရခြင်း အကြောင်းကို ဖွင့်ဟခဲ့ပြီး “----နုစဉ်အခါက မတော်တာကိုမြင်လျှင်   ရယ်ချင်သောဝါသနာ ကြောင့် ရာမရာ၊ တော်မတော် မစဉ်းစားမိဘဲ အမြင်မတော်လျှင် ကလောင်နှင့် ကလိပါသည်။ ဤသို့ကလိသည်မှာ ရယ်စရာသက်သက်ရေးခြင်း ဖြစ်သည်ဟု ယူဆပါသည်။ ပုဂ္ဂိုလ်စွဲ အာဃာတဖြင့် ရေးခြင်းမဟုတ်ပါ”ဟု သူရေးသည့် သရော်စာ များကို ဝေဖန်ကြသူများအား သရော်စာရေးသူ၏ စိတ်ထားကို ဖွင့်ဟဖော်ပြခဲ့သည်။ 
ဆရာဇော်ဂျီက … “အမြင်မတော်သော အချက်များကို မြင်လျှင်လည်း အချက်ကျကျ သရော်တတ်၏။ ချီးမွမ်းခြေကျောက်လုပ်တတ်၏” ဟု ဂန္ထလောကမဂ္ဂဇင်း၌ ရေးသားခဲ့ဖူးပါသည်။ ဆရာတက္ကသိုလ်ထင်ကြီးက “ဆရာမောင်ထင်၌ ထူးခြားသော အရည်အချင်းများရှိကြောင်း၊ အငေါ့ စာရေးသားရာ၌ သူမတူအောင် ပြောင်မြောက်လှ ကြောင်း”  မှတ်ချက်ပြုသည်။ ဆရာထင်လင်းက လည်း “ဆရာမောင်ထင်သည် မြန်မာစာအရေး အသား နိုင်နင်းကျွမ်းကျင်သည်။ ဟာသရှိသည်။ မြန်မာစာပေလောကတွင် စာရေးဆရာကောင်း များစွာရှိသော်လည်း မောင်ထင်လို ဘာစာရေးရေး ဖတ်ကောင်းသည်ဆိုသော စာရေးဆရာမျိုးတော့ သိပ်ရှိမည်မထင်” ဟု ဆိုခဲ့သည်။ ဆရာဒဂုန်နတ်ရှင် က “မောင်ထင်၏ စာပေလေ့လာရေးသားဖတ်ရှုမှု၌ လွန်စွာတိကျသေချာစေ့စပ်ပုံကို          သူ၏ ယောအတွင်းဝန်ဦးဘိုးလှိုင်   အတ္ထုပ္ပတ္တိစာအုပ်ကို ဖတ်ကြည့်လျှင် သိနိုင်သည်”ဟု    ပြောခဲ့သည်။ ဆရာဇဝနကလည်း “မောင်ထင်ဟာ သူရည်မှန်းခဲ့ သလို ဆရာဝန်တစ်ယောက်ဖြစ်သွားခဲ့ရင် ဆေး ပညာစာပေတွေပဲရေးမှာ၊ အခုလို ဘက်စုံတော် ကျွမ်းအောင်မြင်တဲ့ စာပေလုပ်သားတစ်ယောက် ဖြစ်လာမှာမဟုတ်ဘူး”ဟု ပြောခဲ့သည်။ ဆရာ ပါရဂူက “သူသည် စာရေးဆရာလုပ်ရန် မွေးလာသူ ဖြစ်ဟန်တူသည်”ဟု   မှတ်ချက်ပြုသကဲ့သို့ ဆရာဒဂုန်တာရာကမူ   “သူ၏ထူးခြားချက်မှာ ပြောင်လှောင်သရော်တတ်ပြီး ရယ်မောရင်းက လူ့သဘာဝအထွေထွေကို ခြယ်ရေးသရုပ်ဖော်ပြသူ အနုပညာရှင်ဖြစ်သည်”ဟု  စသည်ဖြင့် စာရေး ဆရာကြီးများက ဂုဏ်ပြုရေးသားခဲ့ကြသည်။
ဆရာကြီးကို    ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် လပွတ္တာမြို့၌  အဖ မြေပိုင်ရှင် ဦးတရောင်၊ အမိ ဒေါ်စိန်ပွင့်တို့က ၁၉၀၉ ခုနှစ် မတ်လ ၂၁ ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်သည်။ အမည်ရင်းမှာ ဦးထင်ဖတ်ဖြစ်သည်။ ကလောင် အမည်ကွဲများမှာ ငဘ၊ ဖိုးတေ၊ Htin Fatt၊ L.H.F၊ H.F တို့ ဖြစ်ကြသည်။
မြောင်းမြမြို့၊  လပွတ္တာမြို့၊ ရန်ကုန်မြို့မ တိုင်းရင်းသား   အထက်တန်းကျောင်းတို့တွင် အထက်တန်းပညာသင်ကြားခဲ့သည်။ ၁၉၂၆ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ်၌    ဥပစာသိပ္ပံ  အောင်ကာ ၁၉၃၃ ခုနှစ်တွင်   မြန်မာစာပေအတွက် ရွှေတံဆိပ်ဆု ရရှိကာ ဝိဇ္ဇာဘွဲ့ရသည်။
နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့
၁၉၃၅ ခုနှစ်တွင် မြောင်းမြမြို့၌ အထက်တန်း ပြဆရာအဖြစ် အလုပ်စတင်ဝင်ရောက်ပြီး မြို့အုပ်၊ မြို့ပိုင်၊ နိုင်ငံခြားရေးရုံး လက်ထောက်အတွင်းဝန်၊ သတင်းနှင့် ဝါဒဖြန့်ချိရေး   ဒုတိယအတွင်းဝန်၊ ပြန်ကြားရေးဝန်ကြီးဌာန  အသံလွှင့်ဌာန ညွှန်ကြား ရေးဝန်၊ ရခိုင်တွင် ပြန်လည်ထူထောင်ရေးနှင့် နေရာ ချထားရေးမင်းကြီး၊ ပြန်ကြားရေးဝန်၊ ရန်ကုန် နေ့စဉ်သတင်းစာအုပ်ချုပ်မှု အယ်ဒီတာ၊ လူငယ်ကြီးပွား ရေးအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်၊ စာပေဗိမာန် မြန်မာ့စွယ်စုံကျမ်း   အတိုင်ပင်ခံ၊  နယူးဘားမား အပတ်စဉ်ဂျာနယ်ထုတ်ဝေသူ၊  အင်္ဂလန်နိုင်ငံ လန်ဒန်တိုင်းသတင်းထောက်၊   ကိုယ်ပိုင်မြန်မာ သတင်းဆောင်းပါးဌာန   (Burma News Feature) တည်ထောင်သူ၊ မြန်မာစာကော်မရှင်နှင့် ဘာသာပြန် ကော်မရှင်အဖွဲ့ဝင်၊ မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့ဝင်၊ မြန်မာ့သမိုင်းအဖွဲ့ အချိန် ပိုင်းအဖွဲ့ဝင်အဖြစ် အသက် ၉၀ ကျော်သည်အထိ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့သည်။
ထို့ပြင်     စာပေဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ စာကြည့်တိုက်များဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာရေး ဆရာအသင်းအမှုဆောင်၊ မြန်မာနိုင်ငံစာပေလုပ်သား စည်းရုံးရေးကော်မတီဝင်၊   နိုင်ငံခြားဆက်သွယ် ရေးမှူး စသည့်တာဝန်များ ထမ်းဆောင်ခဲ့သည်။ ဂျပန်၊ အင်္ဂလန်၊ ပြင်သစ်၊ သီရိလင်္ကာတို့သို့ စာနယ်ဇင်း ဆိုင်ရာခရီးများ သွားရောက်ခဲ့သည်။ ၁၉၅၆ ခုနှစ် တွင် ဆရာသိန်းဖေမြင့်နှင့်အတူ တရုတ်စာရေးဆရာ လူရွှန်း  (Lu Xun) ၏   မွေးနေ့အခမ်းအနား တက်ရောက်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ သွားရောက်ခဲ့သည်။ 
မြို့မကျောင်းတွင်    ပညာသင်ကြားစဉ် “မောင်ထင်ဖတ်”အမည်ရင်းဖြင့် ဝံသယုဝမဂ္ဂဇင်း၌ စာစတင်ရေးသည်။ ၁၉၃၂-၃၃ ခုနှစ် ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၌ “မောင်ထင်”ကလောင်အမည်ဖြင့် အင်္ဂလိပ်ဘာသာဖြင့်  ကလောင်သွေးသည်။ ၁၉၃၆ ခုနှစ် ဇန်နဝါရီ အိုးဝေမဂ္ဂဇင်းတွင် ညိုမြနှင့် တွဲဖက်၍ “မိချော” ပြဇာတ်ကိုရေးကာ ထိုခေတ်နိုင်ငံရေးကို သရော်ခဲ့သည်။ ဟံသာဝတီသတင်းစာတွင် “ဖိုးတေ” ကလောင်အမည်ဖြင့် “ကြုံလေဘုံဘွေ” အခန်းကို ၁၉၄၉ ခုနှစ်မှ ၁၉၆၉ ခုနှစ်အထိ  ရေးသားခဲ့သည်။ ဆရာကြီးသည် ကဗျာနှင့် ဆောင်းပါး ၃၀၀ ကျော်၊ ပင်ကိုရေးနှင့် ဘာသာပြန်ဆောင်းပါး ၂၀၀ ကျော်၊ လုံးချင်းစာအုပ် ၄၅ အုပ်တို့ကို ရေးသားခဲ့ပြီး ကိုဒေါင်းဝတ္ထု ၁၉၃၇ သည် ဆရာ၏ပထမဆုံး ပုံနှိပ်စာအုပ် ဖြစ်သည်။  လုံးချင်းစာအုပ် ၄၅ အုပ် အနက် ၁၈ အုပ်မှာ ဆရာရေးသားခဲ့ပြီး မထုတ်ရ သေးသော စာအုပ်များကို ဆရာကွယ်လွန်ပြီးမှ မိသားစုက ထုတ်ဝေခြင်းဖြစ်သည်။ 
ဆရာ၏ လက်ရာများအနက် ဘာအရေးကြီးဆုံး လဲ(၁၉၄၄)၊ အာဇာနည်မိခင်ပြဇာတ်  (၁၉၄၄)၊ ငဘ (၁၉၄၇)၊ ရာဇဓမ္မ သင်္ဂဟကျမ်းနှင့်  ယောအတွင်းဝန်   ဦးဘိုးလှိုင် အတ္ထုပ္ပတ္တိ (၁၉၆၀)၊ ဗမာ့နိုင်ငံရေးသုခမိန် (၁၉၆၅)၊    မြန်မာ့လယ်ယာမြေစနစ်   (၁၉၆၆)၊ မိုပါဆွန်းဝတ္ထုတိုများ  (၁၉၆၆)၊  မောင်ထင်၏ ဝတ္ထုတိုများ  (၁၉၇၄)၊  မြို့အုပ်ပုံပြင်  (၁၉၇၆)၊ အနာဂတ္တိကျမ်း (၁၉၇၇)၊ မြင်ဝါတောင် (၁၉၇၇)၊ မောင်ထင်၏ ဝတ္ထုတိုပေါင်းချုပ် (၁၉၉၉)၊ ဂန္ထဝင်သံခိပ်  (၁၉၉၉)၊ မြို့အုပ်မင်းဆို ဘုံရုံကဗျာများ (၂၀၀၀)၊ စာပေရေးရာဆောင်းပါးများ (၂၀၀၄)၊ မောင်ထင်၏ ရုပ်ပုံလွှာ (၂၀၁၀) တို့မှာ ထင်ရှားသည်။ ၁၉၈၁ ခုနှစ် တွင် “ဂါလီဗာ၏ခရီးစဉ်” စာအုပ်ဖြင့်  အမျိုးသား စာပေဆု (ဘာသာပြန်-ရသဆု) ရရှိခဲ့သည်။ ၁၉၉၆ ခုနှစ်တွင်    မိဘမေတ္တာ  စာပေဂုဏ်ရည်ဆုကို လည်းကောင်း၊  ၂၀၀၃   ခုနှစ်တွင်  ဝိဇ္ဇာပညာထူးချွန် တံဆိပ် (ပထမအဆင့်) ကို လည်းကောင်း ရရှိခဲ့သည်။
အားကျကြည်ညိုမဆုံးဖြစ်ရ
၁၉၇၉ ခုနှစ် ဒေသကောလိပ် ဒုတိယနှစ် ပုံနှိပ် အတတ်ပညာလုပ်ငန်း သင်တန်းတွင် ဆရာကြီးနှင့် ကျွန်မ  စတင်ဆုံတွေ့ခွင့်ရခဲ့သည်။  ဆရာကြီးက စွယ်စုံကျမ်း တည်းဖြတ်ခြင်းဘာသာရပ်ကို သင်ကြား ပို့ချသည်။ ၁၉၅၄ ခုနှစ်တွင် စာပေဗိမာန်က မြန်မာ့ စွယ်စုံကျမ်းတွဲများ စတင်ထုတ်ဝေစဉ် ဆရာကြီးမှာ ဌာနတာဝန်ခံ ဖြစ်ပါသည်။ ကမ္ဘာ့စွယ်စုံကျမ်းများ၊ မြန်မာ့စွယ်စုံကျမ်းများအကြောင်း နားထောင်ရ သည်မှာ ကမ္ဘာ့ရှုခင်း၊ မြန်မာ့ရှုခင်းကို လွှမ်းခြုံကြည့် ခွင့်ရသည့်သဖွယ် စိတ်ကြည်နူးရသည်။ အထူးသဖြင့် စွယ်စုံကျမ်းတစ်စောင်ထုတ်ဝေရန် စာမူစုဆောင်း ခြင်း၊ တည်းဖြတ်ခြင်းလုပ်ငန်းတို့ကို အသေးစိတ် သင်ကြားပေးသည်။ ဆရာကြီးတို့၏ ပို့ချချက်ကို သင်ကြားပြီးသည့်အခါ     အယ်ဒီတာဟူသော  Professional မှာ   ခမ်းနားထည်ဝါလှသည်ဟု ခံစားရသည်။ ရှားပါးဗဟုသုတများကို ဟာသနှော လျက် အားပါးတရ ဟောပြောသင်ကြားနေသော ဆရာကြီးကိုကြည့်လျက် ဒီစာရေးဆရာကြီးဟာ ကိုဒေါင်းတို့၊ ငဘတို့လို ဝတ္ထုတွေကို  ရေးခဲ့သူဟု အားကျကြည်ညိုမဆုံး   ဖြစ်ရသည်။ 
ဒေသကောလိပ်ပြီး၍     စာပေဗိမာန်တွင် လုပ်ငန်းခွင်ဝင်သောအခါ ဆရာကြီးနှင့် မကြာခဏ ဆုံတွေ့ရသည်။ အမျိုးသားစာပေဆု၊ စာတမ်းဖတ်ပွဲ၊   စာပေလုပ်သားအဖွဲ့စသည့်   စာပေအကြောင်းရပ် မျိုးစုံနှင့်ဖြစ်သည်။    စာပေဗိမာန်စာတည်းမှူးချုပ် ဆရာမ ဒေါ်အုန်းကြည် (မအုန်းကြည်-စာပေဗိမာန်)၊   ဆရာဦးမျိုးသန့် (မောင်ဆုရှင်)တို့နှင့်အတူ   ဆရာကြီး အိမ်သို့  မကြာခဏ သွားခဲ့ရဖူးသည်။ အစပိုင်းတွင် ဘုတုတု၊ ခွကျကျလိုလို၊ နောက်ပြောင်သလိုလိုနှင့်  အတည် ပြောတတ်သူဖြစ်၍ ကြောက်စိတ်ရှိန်စိတ် များ ဖြစ်ရသည်။   အမှားတစ်ခုခု   ပြုမိသည်လား စိတ်ထင့်ရသည်။ ပြောပြီးလျှင်မူ မျက်လုံးမှေးလျက် နှုတ်ခမ်းကွေးကွေးလေးများပြုံးပြီး အားပါးတရ ရယ်မောတတ်သဖြင့်   သူရယ်မောလိုက်မှပင် စိတ် ပေါ့ပါးသွားတော့သည်။    ဆရာ့ကိုတွေ့သည့် အခါတိုင်း “သူ ဒီလိုစာကောင်းပေမွန်တွေကို ဘယ်လို တွေးပြီး ဘယ်အချိန်မှာ ဘယ်လိုအားထုတ်ရေးခဲ့ ပါလိမ့်”ဟူသော ဆွတ်ပျံ့အတွေး အမြဲဝင်မိခဲ့သည်။
ဆရာကြီးသည် ၁၉၃၇ ခုနှစ်တွင် ဒေါ်သောင်း သောင်းနှင့် အိမ်ထောင်ပြုခဲ့သည်။    သားသမီး ကိုးဦး   ထွန်းကားပြီး        ဦးကျော်ထင်၊ ဦးစိုးထင်၊   ဦးမျိုးထင်၊ ဦးဝင်းထင်၊ ဦးသောင်းထင်၊     ဦးတိုးထင်၊ ဒေါ်ခင်သန်းရီ၊   ဒေါ်ခင်ဝင်းရီ၊  ဒေါ်ခင်ထွေးရီတို့ ဖြစ်ကြသည်။ ဆရာကြီး၏သား ဦးမျိုးထင်မှာလည်း ကျွန်မ၏ဆရာ ဖြစ်ခဲ့ပါသည်။   စာပေဗိမာန် စက်ရုံတွင် ပုံနှိပ်အရာရှိဖြစ်သဖြင့် သူ့ထံတွင်လည်း ပုံနှိပ်စီစဉ်ရေးပညာ သင်ကြားခဲ့ဖူးပါသည်။ ဆရာ ၏သားငယ် ဦးတိုးထင်မှာ “ညီကိုး” ကလောင်ဖြင့် စာပေများရေးသားသကဲ့သို့  “ဟင်နရီ မောင်တိုး” ကလောင်ဖြင့် ကာတွန်းများရေးဆွဲလျက် ဖခင်၏ စာပေအနုပညာအမွေကို ဆက်ခံခဲ့ပါသည်။ ဆရာ ၏ စာအုပ်စာပေများကိစ္စဖြင့် သားသမီးများနှင့် လည်း ကြုံဆုံရင်းနှီးခွင့်ရရှိခဲ့ပါသည်။
မြန်မာစာပေဖွံ့ဖြိုးရေးအတွက် ဝါသနာ၊ ပညာ၊ စေတနာတို့ကို အရင်းပြု၍ မိမိနိုင်ငံ၊ မိမိ လူမျိုး၏ အကျိုးစီးပွားကို စာပေစွမ်းပကားဖြင့် ဦးလည်မသုန် ထမ်းရွက်ခဲ့သည့် တစ်သက်တာ စာပေဆုရှင် ဆရာကြီးမောင်ထင်သည် အသက် ၉၇ နှစ်အရွယ်၊ ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အမှတ် ၂၄၈၊ က/၄ လမ်း၊ မြို့သစ် (က) ရပ်ကွက်၊ အင်းစိန်မြို့ နေအိမ်၌ ကွယ်လွန်ခဲ့ပါသည်။
ဆရာကြီးသည် ကိုဒေါင်းနောက်ဆုံးဝတ္ထုဖြစ် သည့် “ကိုဒေါင်း၏ စစ်ပွဲ” ဝတ္ထုတိုတွင် The King is dead. Long Live the King ဟူသော အနောက် နိုင်ငံ ဓလေ့ဆိုရိုးကိုမှီး၍ “ကိုဒေါင်းကားသေလေပြီ၊ ကိုဒေါင်း သက်တော်ရာကျော်ရှည်ပါစေသတည်း” ဟူ၍ ရေးဖွဲ့ခဲ့သည့်နည်းတူ ဆရာမောင်ထင်ကား မရှိတော့ပြီ။ သို့သော်လည်း ဆရာမောင်ထင်၏ စာပေလက်ရာများသည် မြန်မာစာပေလောကနှင့် စာပေချစ်မြတ်နိုးသူများ၏ နှလုံးသားတွင် အစဉ် ထာဝရ ထင်လင်းစွာ တည်ရှိနေမည်ဖြစ်ပါကြောင်း ဂုဏ်ပြုရေးသားလိုက်ရပါသည်။       ။
ကိုးကားသည့် စာအုပ်စာရင်း
၁။        မြန်မာစာပေအဘိဓာန်၊   မလိခ၊  ၁၉၇၄၊     သစ္စာစာပေ
၂။    ကမ္ဘာ့စာပေအညွှန်း (အင်္ဂလိပ်စာပေသမိုင်း-ပတွဲ)၊ မောင်ထင်၊ စာပေဗိမာန်၊ ၁၉၈၁
၃။    ပခုက္ကူဦးအုံးဖေစာပေဆုနှင်းသဘင် (၇-၂-၁၉၉၄) လက်ကမ်းစာအုပ်၊ စာပေဗိမာန်၊ ၁၉၉၄
၄။    အတွေးပဒေသာ၊ မောင်ထင်၊ ပါရမီစာပေ၊ ၂၀၀၂    
၅။    ၂၀၀၂ ခုအတွက် အမျိုးသားစာပေဆုနှင်း သဘင် (၂၃-၁၁-၂၀၀၃) လက်ကမ်းစာအုပ်၊ ၂၀၀၃၊ စာပေဗိမာန်    
၆။    စာပေထုတ်ဝေရေး မျက်နှာစာများ၊ မောင်ဆု ရှင်၊ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့၊ ၂၀၀၃
၇။    မောင်ထင်ရဲ့စာတွေ၊    မောင်ထင်ရဲ့လေ၊ မောင်ကြည်သန့်၊ ဇင်ရတနာစာပေ၊ ၂၀၀၉
၈။    မောင်ထင်၏ ရုပ်ပုံလွှာ၊ ပါရမီစာပေ၊ ၂၀၁၀
၉။    သူတို့စာ သူတို့အကြောင်း၊ ပတွဲ၊ ဖိုးလမင်း (ဆင်ဖြူကျွန်း)၊ သင်းစာပေ၊ ၂၀၁၃
၁၀။မောင်ထင်၏စာစုစာရင်း၊ မတင်နွဲ့ (မဟာဝိဇ္ဇာ)၊ 
        ဦးတိုးထင်