
တိုကျို ဇူလိုင် ၉
ပြီးခဲ့သည့် တနင်္ဂနွေနေ့အထိ သီတင်းပတ်အတွင်း အပူလျှပ်လက္ခဏာများနှင့်အတူ ဆေးရုံများသို့ ရောက်ရှိလာသော လူနာအရေအတွက်မှာ ယခင် သီတင်းပတ်ထက် လေးဆတိုးလာကြောင်း ဂျပန် အစိုးရတာဝန်ရှိသူများက ပြောသည်။
နိုင်ငံတစ်ဝန်း အပူလျှပ်ဝေဒနာကြောင့် နေထိုင် မကောင်းဖြစ်သူ ၉၁၀၅ ဦးရှိပြီး ဇူလိုင် ၁ ရက်နှင့် ၇ ရက်ကြားတွင် ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း မီးသတ်နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ပြောသည်။
အဆိုပါ အရေအတွက်သည် ဇွန် ၂၄ ရက်မှ ၃၀ ရက်အထိ ယခင်သီတင်းပတ်ကထက် လေးဆ မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ယခုနှစ် လက်ရှိ အချိန်အထိ အမြင့်ဆုံးပမာဏဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါပမာဏသည် ယခင်နှစ် အလားတူ ကာလကထက် နှစ်ဆခန့် မြင့်တက်လာခြင်းဖြစ် သည်။
အပူလျှပ်ဝေဒနာဖြစ်ပွားသူများအနက် ၁၉ ဦး သေဆုံးပြီး ၃ ၂၄၈ ဦးမှာ ဆေးရုံတက်ရောက်ကုသမှု ခံယူရန် လိုအပ်သည်ဟု ဆိုသည်။ အပူလျှပ်လူနာ ၆၀ ရာခိုင်နှုန်းနီးပါး သို့မဟုတ် ၅၃၇၈ ဦးမှာ အသက် ၆၅ နှစ်နှင့်အထက် ဖြစ်သည်။
မကြာသေးမီရက်များအတွင်း ဂျပန်နိုင်ငံတစ်ဝန်း အပူချိန်လွန်ကဲမှုများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း နှင့် အချို့နေရာဒေသများတွင် အပူချိန် ၄၀ ဒီဂရီဆဲလ် စီးယပ်စ်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ အပူချိန်မြင့်တက်မှုများ ဆက်လက်ဖြစ်ပေါ်နိုင် သည့်အတွက် လေအေးပေးစက်များကို စနစ်တကျ အသုံးပြုကြရန်၊ ရေဓာတ်မခန်းခြောက်စေရန်နှင့် ပြင်ပတွင် အလုပ်လုပ်ကိုင်ကြသူများအနေဖြင့် ပုံမှန်အနားယူကြရန် တာဝန်ရှိသူများက ပြည်သူ များကို တိုက်တွန်းထားသည်။
အင်န်အိတ်ချ်ကေ