ဂရုဓမ္မအခါတော်နေ့နှင့် လှေသဘင်ပွဲတော်

Type

ရေနံ့သာမောင်ကျော်ညွန့်

===============

 

တော်သလင်း သစ်ဆင်းလ


တော်သလင်းလသည်      မြန်မာလတစ်ဆယ့်နှစ်လ ရှိသည့်အနက်        ဆဋ္ဌမမြောက်လဖြစ်သည်။ တော်သလင်းကို “တော်” ဟူသည်  မြင့်မြတ်သည်၊ အထွတ်အထိပ်ဖြစ်သည်၊     အထက်ကောင်းကင် ဖြစ်သည်ဟူ၍လည်းကောင်း၊ “သလင်း” ဟူသည် သာယာထွန်းလင်းသည်     ဟူ၍လည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုကြ၏။    တော်သလင်းလသည် “သာယာထွန်းလင်းသည့်လ” ဟူသောအဓိပ္ပာယ်ကို ဆောင်ပါသည်။ 

    တော်သလင်းလ၏ရာသီမှာ   “ကန်ရာသီ” ဖြစ်သည်။ “ကန်ရာသီ”ဟူသည် ကညာကို  အစွဲပြု ၍ ခေါ်ခြင်းဖြစ်ပါသည်။  ကညာသည်  ယောကျ်ားကို နှစ်သက်စေတတ်သည်။  ယောကျ်ားကို   နှစ်သက် စေခြင်းသဒ္ဒါသည်   ပါဠိ၌  “တောသ” ဟူ၍ ရှိ၏။ “တောသ” မှ “တော်သလင်း” သို့ ရွေ့လျားလာသည် ဟု  လှေသင်းအတွင်းဝန်က   မိန့်ဆိုထားပါသည်။ တော်သလင်းလ၏   စန်းယှဉ်နက္ခတ်မှာ    “ပြုဗ္ဗ ဘဒြပိုဒ်နက္ခတ်”  ဖြစ်ပါသည်။   တော်သလင်းလ၏ ရာသီပန်းမှာ “ရင်းမာပန်း”  ဖြစ်ပါသည်။  ကင်းဝန် မင်းကြီးက “ယင်းမာ” ဟု ရေးခဲ့ပါသည်။ ယခုအခါ တွင်  “ရင်းမာ”  ဟု အတည်ပြုရေးနေကြပြီဖြစ်ပါ သည်။


    အင်းဝခေတ်နှောင်းကာလတွင် တော်သလင်း လကို “တော်သလင်း သစ်ဆင်းလ” ဟု ခေါ်ဝေါ် သုံးစွဲလာသည်။ အင်းဝခေတ်နှောင်းပျို့ကဗျာများ တွင် “တော်သလင်း သစ်ဆင်းလ” ဟူသော   အရေး အသားကို တွေ့ရှိရပေသည်။ “သစ်ဆင်း” ဟူသော ဝေါဟာရကို အနက်ဖော်ရာတွင် ဧရာဝတီမြစ်တွင်း၌  သစ်ဖောင်၊ ဝါးဖောင်များ   စုန်ဆင်းသည်ကို  အစွဲပြု ၍ အဓိပ္ပာယ်ဖော်ကြသည်။ သစ်လုံးများ၊ သစ်ဖောင် များ     ရေမျှောစုန်ဆင်းခြင်း     ဆောင်ရွက်ရန် အကောင်းဆုံးဖြစ်သည့်    တော်သလင်းလကို  “သစ်ဆင်းလ”၊ “တော်သလင်း သစ်ဆင်းလ” ဟု ခေါ်တွင်လာခြင်းဖြစ်ပါသည်။


ရာသီပွဲတော်


    တော်သလင်းလတွင် လှေသဘင်ပွဲ၊  မြစ်ယံ သဘင်ပွဲ၊ ပန်းလုသဘင်ပွဲ၊  သစ်ဆင်းသဘင်ပွဲဟူ၍ ကျင်းပဆင်နွှဲကြပါသည်။ “သစ်ဆင်းသဘင်” နှင့် ပတ်သက်၍   စာရေးဆရာကြီး     ဒဂုန်နတ်ရှင်က “သမန္တစက္ခု”  ကျမ်းအရ “သစ်ဆင်းသဘင်” သည်  “လှေပွဲသဘင်”  ပင်ဖြစ်ကြောင်း  ဆိုထားပါသည်။ ထို့အတူမြစ်ယံသဘင်ပွဲ၊  ပန်းလုသဘင်ပွဲတို့သည် လည်း လှေသဘင်ပွဲများပင်ဖြစ်ပါသည်။


    တော်သလင်းလတွင်     လှိုင်းလေကင်းစင် သည်။   ဧရာဝတီမြစ်ရေပြင်သည်     သင်ဖြူးခင်း သကဲ့သို့    ညီညာပြန့်ပြူးနေသည်။    ထို့ကြောင့် “တော်သလင်းမြစ်တွင်း၊   သင်ဖြူးခင်း”ဟု  ဆိုရိုး ပြုကြ၏။ လှေသဘင်ပွဲများကျင်းပရန်  အကောင်း ဆုံးအချိန်အခါဖြစ်၍        တော်သလင်းလတွင် လှေသဘင်ပွဲများ ကျင်းပကြခြင်းဖြစ်ပါသည်။

ရှေးမြန်မာမင်းများလက်ထက်တွင်     ဘုရင် မင်းမြတ်တို့ကိုယ်တိုင်ဦးဆောင်ပြီး     လှေသဘင် ပွဲတော်ကို  ဆင်ယင်ကျင်းပခဲ့ပါသည်။ လှေသဘင် ပွဲတော်   လှေတော်ပြိုင်ပွဲဝင်များ   ပန်းဝင်ရမည့် ပန်းတိုင်တွင်  အဝါရောင်စက္ကူပေါ်၌   အမည်းစက် ခြယ်ထားသော စက်ကွင်းကို ချိတ်ဆွဲထားပါသည်။ ထိုစက်ကွင်းကို တေးကဗျာရေးဖွဲ့သူတို့က “ရွှေသား စက်ကွင်း” ဟူ၍  တင်စားဖွဲ့ဆိုကြပါသည်။ ပြိုင်ပွဲဝင် များသည် ရွှေသားစက်ကွင်းရှိရာ ပန်းတိုင်သို့ ပန်းဝင် ဦးရေးအတွက်  အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ဖြင့်  အားသွန်ခွန်စိုက်         တက်ညီလက်ညီ   ကြိုးပမ်း လှော်ခတ်ကြရပါသည်။


    လှေပြိုင်ပွဲအခမ်းအနား      ပြီးသောအခါတွင် ဘုရင်မင်းမြတ်စီးတော်မူသော        လှေတော်က ရှေ့ဆုံးမှဦးဆောင်လျက် ရာထူးရာခံအလိုက်စီးနင်း သည့်  လှေတော်များက နောက်မှလိုက်ပါလာကာ   မြစ်ယံတွင် လှည့်လည်ပါသည်။  ဘုရင့်လှေတော်   ဦးဆောင်သည့် လှေတပ်ဖွဲ့ကြီးသည် တက်ရေး  ၃၇  ပါးကို    ဖော်ကျူးဖွဲ့ဆိုထားသော    လှေတော်သံ တေးသီချင်းများဖြင့်  တီးမှုတ်သီဆိုကြရင်း      မြစ်ယံ တွင် အစုန်အဆန်လှည့်လည်နေရာ  ကြက်ပျံမကျ စည်ကားလှပါသည်။  မြစ်ယံတွင်  လှည့်လည်သော ကြောင့် မြစ်ယံသဘင်ပွဲတော်ဟု ခေါ်ဆိုကြခြင်းဖြစ်ပါ သည်။ 
မြန်မာ့ဆိုရိုးစကား
    တော်သလင်းလနှင့် သက်ဆိုင်သည့် မြန်မာ့ ဆိုရိုးစကားများ ရှိပါသည်။  တော်သလင်းနေသည် လွန်စွာပူလွန်းလှသောကြောင့် “တော်သလင်းနေ ပုစွန်သေ” ဟူ၍လည်းကောင်း၊ တော်သလင်းမိုးသည် မရပ်မစဲရွာသွန်းတတ်ရာ  စားဖိုသည်များ     ဒုက္ခ ကြုံကြရသောကြောင့် “တော်သလင်း တိမ်ညို၊ စားဖို သည်ဆင်းရဲ၊ မိုးမစဲ” ဟူ၍လည်းကောင်း၊ တော်သလင်း မိုးသည်လယ်ကန်သင်းများကျိုးအောင်   သဲသဲမဲမဲ ရွာသွန်းတတ်သောကြောင့်           “တော်သလင်းမိုး ကန်သင်းကျိုး” ဟူ၍လည်းကောင်း၊ တော်သလင်းလ  သည် ကွမ်းစိုက်သူများ  ကွမ်းစိုက်ရန်  အသင့်တော် ဆုံးလဖြစ်၍ လူပျင်းစိုက်လျှင်ပင် ဖြစ်ထွန်းအောင်မြင် မည်ဖြစ်သောကြောင့်    “တော်သလင်း   လူပျင်း ကွမ်းစိုက်” ဟူ၍လည်းကောင်း ဆိုရိုးပြုခဲ့ကြပါသည်။ 


    တော်သလင်းလတွင်  ရွာသောမိုးတစ်မျိုး ရှိပါ သည်။   “ကန်ဆင်းမိုး”  ဟူ၍    ခေါ်တွင်ပါသည်။ “ကန်ဆင်းမိုး”  ရွာမည့်အချိန်ကို  တွက်ချက်သိနိုင်ပါ သည်။  ရှေးရိုးစဉ်လာထားရစ်ခဲ့သော တွက်ချက်နည်း ဖြစ်ပါသည်။ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှ   စတင် ရေတွက်ရပါမည်။  ၁၅၄  ရက်ပြည့်သည့်ရက်သည် “ကန်ဆင်းမိုး”  ရွာမည့်ရက်ဖြစ်ပါသည်။  “ကန်ဆင်း မိုး”    ရွာမည့်ရက်သည်   တော်သလင်းလအတွင်း ဖြစ်သောကြောင့် “တော်သလင်းကန်ဆင်း မိုးကြီး ရွာလိမ့်မည်” ဟူ၍   ဘိုးစဉ်ဘောင်ဆက်    ဆိုထုံးပြု ထားရစ်ခဲ့ပါသည်။ 

ဂရုဓမ္မအခါတော်နေ့


    မြန်မာလတစ်ဆယ့်နှစ်လရှိရာ     လအလိုက် အခါတော်နေ့များရှိပါသည်။   တော်သလင်းလပြည့် နေ့သည်    “ဂရုဓမ္မအခါတော်နေ့”     ဖြစ်ပါသည်။ “ဂရုဓမ္မ” ဟူသည်ကား ငါးပါးသီလဖြစ်ပါသည်။ 


    ငါးပါးသီလဟူသည်မှာ “သူ့အသက်သတ်ခြင်း အမှုကို   ရှောင်ကြဉ်ခြင်း၊   သူ့ဥစ္စာခိုးယူခြင်းအမှုကို ရှောင်ကြဉ်ခြင်း၊    သူ့မယား၊     သူ့လင်သားအပေါ် ကာမဂုဏ်ကျူးလွန်ခြင်းအမှုကို   ရှောင်ကြဉ်ခြင်း၊ မဟုတ်မမှန်လိမ်ညာပြောဆိုခြင်းအမှုကို   ရှောင်ကြဉ် ခြင်း၊ အရက်သေစာမူးယစ်ဆေးဝါး   သုံးစွဲမှီဝဲခြင်းအမှု ကို  ရှောင်ကြဉ်ခြင်း” တို့  ဖြစ်ပါသည်။     ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်က      ရှောင်ကြဉ်ရန်တားမြစ်ထားသည့် “ဝါရိတ္တသီလ”  ဖြစ်ပါသည်။   ငါးပါးသီလကို    မကျိုး မပေါက်အောင်           စောင့်ထိန်းနိုင်သောကြောင့် ကောင်းကျိုးချမ်းသာ  ခံစားစံစားရသော    သာဓက များစွာရှိပါသည်။  ထိုအထဲမှ  သာဓကတစ်ခုကိုသာကောက်နုတ်တင်ပြပါမည်။


    လွန်လေပြီးသော နှစ်ပေါင်းများစွာက အိန္ဒိယ နိုင်ငံတွင်  ကုရုတိုင်းနှင့်  ကာလိင်္ဂတိုင်းဟူ၍ရှိသည်။ ကုရုတိုင်းသည်           မိုးလေဝသမှန်နေသောကြောင့်    စိုက်ပျိုးရေးဖြစ်ထွန်းအောင်မြင်သည်၊    ဆန်ရေစပါး ပေါများသည်။            အစားအသောက်ဖူလုံသည်။ စည်ပင်ဝပြောနေသောကြောင့်    အေးငြိမ်းချမ်းသာ နေသည်။


ကာလိင်္ဂတိုင်းတွင် မိုးလေမမှန်ဖြစ်နေသည်။ မိုးလေဝသဖောက်ပြန်နေသည်။  မိုးခေါင်နေသော ကြောင့်  စားနပ်ရိက္ခာရှားပါးလာသည်။  အစာရေစာ ငတ်မွတ်ခေါင်းပါးလာကာ      “ဒုဗ္ဘိက္ခန္တရကပ်” ဆိုက်ရောက်လာသည်။    အာဟာရချို့တဲ့လာသည် နှင့်အမျှ ရောဂါဘေးအမျိုးမျိုး  ကူးစက်ပြန့်ပွားလာ ကာ “ရောဂန္တရကပ်”   ဝင်လာပြန်သည်။    ထိုအခါ တစ်ဦးအပေါ်တစ်ဦး    သည်းခံခွင့်လွှတ်နိုင်ခြင်း ကင်းမဲ့လာသည်။ ဒေါသအဆိပ်က  ငယ်ထိပ်တက် လာသည်။ အချင်းချင်းစိတ်ဝမ်းကွဲပြီး  အကြောင်းမဲ့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်လာကာ       “သတ္တန္တရ ကပ်”ပါ ဆိုက်ကပ်နေသည်။

ကပ်ကြီးသုံးပါးကြောင့်   ကာလိင်္ဂတိုင်းသူ တိုင်းသားများသည် ဘေးဒုက္ခမျိုးစုံကို    ခါးစည်းခံ နေကြရရှာသည်။ ကုရုတိုင်းတွင်   ဆင်တော်မင်္ဂလာ ရှိပြီး  ကာလိင်္ဂတိုင်းတွင်         ဆင်တော်မင်္ဂလာမရှိ၍သာ မိုးခေါင်နေရခြင်းဖြစ်မည်ဟု      ထင်ယောင်ထင်မှား ဖြစ်လာကြသည်။   ထို့ကြောင့်    ကာလိင်္ဂမင်းက ကုရုမင်းထံ  သံတမန်စေပြီး ဆင်တော်မင်္ဂလာကို တောင်းခံတော်မူသည်။    ကာလိင်္ဂမင်း    တောင်းခံ လာသောဆင်တော်မင်္ဂလာကို        ကုရုမင်းက ကြည်ကြည်ဖြူဖြူ ပေးလှူလိုက်သည်။    ကာလိင်္ဂ တိုင်းသို့ ဆင်တော်မင်္ဂလာ ရောက်ရှိနေသော်လည်း မိုးကမရွာဘဲ ခေါင်မြဲခေါင်နေ၏။

ကာလိင်္ဂမင်းသည် မိုးကောင်းခြင်း၊  မိုးခေါင် ခြင်းကား   ဆင်တော်မင်္ဂလာရှိခြင်း၊    မရှိခြင်းနှင့် သက်ဆိုင်ခြင်းမရှိသည်ကို       သတိမူမိလေသည်။ ကုရုမင်းနှင့်   ကုရုတိုင်းသူတိုင်းသားတို့    ကျင့်သုံး သည့်  ကုရုဓမ္မကြောင့်သာ  ဖြစ်ရမည်ဟု သတိမူမိ လာသည်။ ထို့ကြောင့် ကုရုမင်းထံ သံတမန်စေလွှတ် ကာ ကုရုတိုင်းတွင် ကျင့်သုံးတော်မူသည့် “ကုရုဓမ္မ” ကို တောင်းခံတော်မူပြန်သည်။ ကုရုမင်းကလည်း ပေးသနားတော်မူသည်။ သံတမန်အဖွဲ့သည် ကုရု ဓမ္မကို ရွှေပြားပေါ်တွင် ကူးယူလာပြီး ကာလိင်္ဂမင်း ထံ ဆက်သလိုက်၏။


ကာလိင်္ဂမင်းသည်   ကုရုတိုင်းတွင်    ကျင့်သုံး စောင့်ထိန်းတော်မူသည့် ကုရုဓမ္မကို ကိုယ်တော်တိုင် လည်း ကျင့်သုံးစောင့်ထိန်းတော်မူသည်။ ကာလိင်္ဂ တိုင်းသူတိုင်းသားအားလုံးကိုလည်း      ကျင့်သုံး စောင့်ထိန်းစေသည်။   မကြာမီ   မိုးကြီးရွာသွန်း လေတော့၏။  မိုးခေါင်ခြင်းဘေးမှ  လွတ်ကင်းလေ ပြီ။   မိုးလေမှန်လာသည်။    သုံးမျိုးသောကပ်ကြီး ဘေးမှပါ လွတ်မြောက်လာပြီး သာယာဝပြောသည့် ကာလိင်္ဂတိုင်းကြီးဖြစ်လာသည်။   “ကုရုဓမ္မ”    ကို ကျင့်သုံးစောင့်ထိန်းသောကြောင့်       ရရှိလာသော ကောင်းကျိုးချမ်းသာဖြစ်ပါသည်။ “ကုရုဓမ္မ” သည် ကား    “ဂရုဓမ္မ”    ဟူသော        ငါးပါးသီလပင် ဖြစ်ပါသည်။


“ဂရုဓမ္မ” ဟူသော “ငါးပါးသီလ” ကို ခါးဝတ် ပုဆိုးကဲ့သို့         မြဲမြဲမြံမြံကျင့်သုံးစောင့်ထိန်းကြပါမူ    ယခုဘဝမှာရော    နောင်ဘဝများမှာပါ ကောင်းကျိုးချမ်းသာ         ခံစားစံစားကြရမည် ဖြစ်ပါသည်။   တော်သလင်းလပြည့်နေ့       “ဂရုဓမ္မ အခါတော်နေ့” သည် “ဂရုဓမ္မ” ဟူသော “ငါးပါး သီလ”   ကိုစောင့်ထိန်းကြရန်      နှိုးဆော်သတိပေး နေသည့် နေ့ထူးနေ့မြတ်ဖြစ်ပါသတည်း။    ။