အယ်ဒီတာ့အာဘော်
===========
ဂုဏ်ယူဖွယ်ရာ သမိုင်းဝင်ရာပြည့်တက္ကသိုလ်
=========================
ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံ၏ ပညာရေးလောကတွင်သာမက လွတ်လပ်ရေးကြိုးပမ်းမှု မြန်မာ့နိုင်ငံရေးလောကတွင်ပါ သမိုင်းအစဉ်အလာ ကြီးမားခဲ့သည့် တက္ကသိုလ်ကြီး ဖြစ်သည်။ ကိုလိုနီခေတ်တွင် မြန်မာ တစ်မျိုးသားလုံး ပညာသင်ယူမှုအခွင့်အလမ်းမညီမျှမှု၊ နိမ့်ကျမှုနှင့် တစ်မျိုးသားလုံး အဆင့်မြင့်ပညာသင်ယူနိုင်ခွင့် နည်းပါးမှုတို့ကြောင့် မြန်မာ လူငယ်များ အဆင့်မြင့်ပညာကို လက်လှမ်းမီသင်ယူနိုင်ခွင့်ရရှိစေမည့် အမျိုးသားပညာရေးစနစ်ဖြစ်ထွန်းလာအောင် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။
အမျိုးသားပညာရေးစနစ် ဖြစ်ထွန်းလာရေးအတွက် အမျိုးသား ခေါင်းဆောင်များနှင့် ပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ် တိုက်ပွဲဝင်ခဲ့ကြ သည်။ မြန်မာနိုင်ငံတွင် လုံးဝမရှိခဲ့သည့် အဆင့်မြင့်တက္ကသိုလ်ကြီးတစ်ခု ပေါ်ထွန်းလာအောင် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ တစ်မျိုးသားလုံး၏ ညီညွတ်မှုစွမ်းအားကြောင့် ကိုလိုနီအစိုးရအနေဖြင့် မလွှဲမရှောင်သာတော့ဘဲ တက္ကသိုလ်ကြီးတစ်ခုကို ရန်ကုန်မြို့တွင် တည်ထောင်နိုင်ရန် သဘောတူခဲ့ရ သည်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ကြီး စတင်ပေါ်ပေါက်လာခဲ့သည်။
မြန်မာနိုင်ငံတွင် ရန်ကုန်တက္ကသိုလ် စတင်ပေါ်ပေါက်လာသော်လည်း ပညာရေးကိစ္စများ မပြီးဆုံးသေးပေ။ ၁၉၂၀ ပြည့်နှစ် သြဂုတ်လ ၂၈ ရက်နေ့ တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေတွင် မြန်မာ တိုင်းရင်းသားအများစုကို တက္ကသိုလ်ပညာ ဆက်လက်သင်ယူခွင့်မရအောင် ကန့်သတ်ချုပ်ချယ်ထားသည့် အချက်များစွာ ပါဝင်ခဲ့သောကြောင့် တက္ကသိုလ် ကျောင်းသားကြီးများနှင့် မျိုးချစ်ပြည်သူများ ဆက်လက်တိုက်ပွဲဝင်ခဲ့ကြရာ ကိုလိုနီအစိုးရသည် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ပြင်ဆင်ပေးခဲ့သည်။
မြန်မာ့နိုင်ငံရေး ကြိုးပမ်းမှုသမိုင်းတွင် ရန်ကုန်တက္ကသိုလ်သည် ဘူမိနက်သန်အောင်မြေမှန်ဖြစ်ခဲ့ပြီး ပညာအရာတွင်သာမက ထူးချွန် ထက်မြက်သောခေါင်းဆောင်များ၏ စတင်တာထွက်နေရာမှန်လည်း ဖြစ်ခဲ့ သည်။ မြန်မာ့လွတ်လပ်ရေးကို ဆောင်ကြဉ်းပေးနိုင်မည့် ရဲစွမ်းသတ္တိပြည့်ဝပြီး မျိုးချစ်စိတ်ဓာတ် ပြင်းပြထက်သန်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အမျိုးသားခေါင်းဆောင်များအား မွေးထုတ်ပေးနိုင်ခဲ့သည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း တိုင်းကျိုးပြည်ပြု ခေါင်းဆောင်များနှင့် ပညာတတ် လူငယ်များစွာ မွေးထုတ်ပေးနိုင်ခဲ့ရာ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်ကဲ့သို့ လူသားများအား အကျိုးပြုသည့် ခေါင်းဆောင်များ၊ ထူးချွန်သူ များ ပေါ်ထွက်လာခဲ့သည်။
ထို့ကြောင့် ရန်ကုန်တက္ကသိုလ်သည် သမိုင်းဝင်ဘူမိနက်သန် အောင်မြေ နေရာ ဖြစ်ခဲ့သည်။ ပညာအရာ၌ အစကောင်း၊ ထူးချွန်သူတို့ တာထွက် ကောင်းသော နေရာမှန်ဖြစ်ခဲ့သည်။ စစ်ကြိုခေတ်နှင့် လွတ်လပ်ရေးရပြီး ကာလ၌ ရန်ကုန်တက္ကသိုလ်သည် ပညာအရာတွင် အရှေ့တောင်အာရှ၌ အကောင်းဆုံးဖြစ်ခဲ့သည်။ ရေခံ မြေခံ ပတ်ဝန်းကျင်ကောင်းများရှိခဲ့သည့် တက္ကသိုလ်၏ ဥပဓိရုပ်မှာ သာယာလှပပြီး ကျက်သရေတင့်တယ်ရှိလှသဖြင့် နိုင်ငံတကာတက္ကသိုလ်များအလယ်တွင် ဝင့်ထည်စွာရပ်တည်ခဲ့သည်။ ထိုသို့ ကောင်းသောဂုဏ်အင်္ဂါများနှင့် ပြည့်စုံသဖြင့် အာရှအဆင့်တွင် ထိပ်တန်းမှ ရပ်တည်နိုင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် အာရှနိုင်ငံများမှ ကျောင်းသား ကျောင်းသူများ လာရောက်ပညာဆည်းပူးခဲ့ကြသည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ရန်ကုန်တက္ကသိုလ် သမိုင်းမှာ ခွဲခြား၍ရမည်မဟုတ်ပေ။ မြန်မာ့ပညာရေးနှင့် မြန်မာလူမျိုးများ၏ တိုးတက်ဖြစ်ထွန်းမှုများကိုပြောလျှင် ရန်ကုန်တက္ကသိုလ်ကို ချန်လှပ်ထား၍ ရမည်မဟုတ်ပေ။ ရန်ကုန်တက္ကသိုလ်၏ ကောင်းမြတ်သည့် သမိုင်းကြောင်း၊ ကြီးမားသည့် အစဉ်အလာများမှာ ပြန်လည်ထုတ်ဖော်၍ မဆုံးနိုင်ပေ။ မှတ်သားနာယူ၍ မကုန်နိုင်ပေ။ ယခုအခါ ရန်ကုန်တက္ကသိုလ်၏ နှစ်(၁၀၀) ပြည့် အခါသမယသို့ ရောက်ရှိတော့မည်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀) ပြည့်ကို ဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်၏ သမိုင်းကြောင်းဆိုင်ရာ၊ ထင်ရှားသည့် ဂုဏ်ဒြပ်ဆိုင်ရာ၊ လှပလွမ်းမောဖွယ်ရာများစသည့် ဆိုင်ရာဆိုင်ရာ တို့ကို ပြန်လည်ထုတ်ဖော်အသိပေးလျက်ရှိသည်။
သို့ဖြစ်ရာ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်အခါသမယတွင် အတိတ်တစ်ချိန်က ဂုဏ်ယူဝင့်ကြွားဖွယ်ရာ၊ လွမ်းမောဖွယ်ရာ တက္ကသိုလ် ကြီး၏ အနှစ်သာရများကို ပြန်လည်ထုတ်ဖော်မှတ်သားရင်း အနာဂတ်တွင် ယင်းရလဒ်ကောင်းများ ပြန်လည်ရရှိနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကြီးကို နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကြီးအဖြစ် ဖြစ်ထွန်းလာစေရေးနှင့် အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် တက္ကသိုလ်ဖြစ်လာရေးတို့ကို သဟဇာတဖြစ်အောင် ဝိုင်းဝန်းလက်တွဲ ပေါင်းစပ်အကောင်အထည်ဖော်သွားရမည် ဖြစ်ပါ ကြောင်း။ ။