
ဂျီနီဗာ သြဂုတ် ၁
ဟားမားစ်အဖွဲ့၏ အဆင့်မြင့်ခေါင်းဆောင် တစ်ဦးဖြစ်သည့် အစ္စမေးလ် ဟာနီယေးကို သတ်ဖြတ်လိုက်သည့်အတွက် အရှေ့အလယ်ပိုင်း ၌ တင်းမာမှုများ မြင့်တက်ကောင်းမြင့်တက် လာနိုင်သည်ဆိုသည့် နိုင်ငံတကာ စိုးရိမ်ပူပန်မှု များ မြင့်တက်လာသည်။
ဟာနီယေးသည် အီရန်မြို့တော် တီဟီရန် သို့ သွားရောက်စဉ် အစ္စရေးတို့၏ တိုက်ခိုက်မှု ကြောင့် သေဆုံးခဲ့ကြောင်း ဟားမားစ်အဖွဲ့က ဇူလိုင် ၃၁ ရက်က ပြောကြားခဲ့သည်။ ဟားမားစ် အဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး တပ်ဖွဲ့များကို တိုက်ခိုက်လျက်ရှိသည်။
ဟာနီယေးကို ၎င်းတို့သတ်ခဲ့သည်ဆိုသည် ကို အစ္စရေးတပ်ဖွဲ့က အတည်မပြုသေးပေ။
ဇူလိုင် ၃၁ ရက်က ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်တစ်ခုတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဒေသတွင်း တင်းမာမှုများ လျော့နည်းစေရန် သံတမန်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုခဲ့ သည်။ ဟာနီယေးသေဆုံးခြင်းကို ရည်ညွှန်း လျက် ကြိုးပမ်းမှုအားလုံးသည် ဂါဇာကမ်းမြောင် ဒေသတွင် အပစ်အခတ်ရပ်စဲရေး၊ အစ္စရေး ဓားစာခံများလွှတ်ပေးရေးနှင့် တခြားပန်းတိုင် များဆီသို့ ဦးတည်ရမည့်အစား အန္တရာယ်ရှိ သည့် တင်းမာမှုများကို ကိုယ်စားပြုနေသည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားလိုက်သည်။
ဟာနီယေးသေဆုံးပြီးနောက် အရှေ့ အလယ်ပိုင်းအခြေအနေကို အမေရိကန်အစိုးရ ၏ အကဲဖြတ်ခြင်းနှင့်ပတ်သက်ပြီး အိမ်ဖြူ တော် အမျိုးသားလုံခြုံရေးဆက်သွယ်ရေး အကြံပေး ဂျွန်ကာဘီကို မေးခွန်းထုတ်ခဲ့သည်။
ကာဘီက တင်းမာမှုကို ရှောင်လွှဲမရနိုင်ဘူး ဆိုခြင်းကို မိမိမယုံကြည်ကြောင်း၊ တင်းမာမှု တိုးလာမည့်အရိပ်အယောင်ကို မတွေ့ရသေး ကြောင်း၊ သို့သော်လည်း အမေရိကန်အစိုးရ အနေဖြင့် အဆိုပါအခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း၊ အမေရိကန်သည် ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက် ပြီး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း၊ ဟားမားစ်တို့ ဖမ်းဆီးထားသည့် ဓားစာခံများ လွတ်မြောက်ရေးအတွက်လည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ