ICU/HDU ဧရာဝတီစင်တာအတွက် ဧရာဝတီဘဏ်နှင့် မက်စ်မြန်မာအုပ်စုတို့က ငွေကျပ်သိန်း ၁၅၀၀၀ ထပ်မံ မတည်လှူဒါန်

ICU/HDU ဧရာဝတီစင်တာအတွက် ဧရာဝတီဘဏ်နှင့် မက်စ်မြန်မာအုပ်စုတို့က ငွေကျပ်သိန်း ၁၅၀၀၀ ထပ်မံ မတည်လှူဒါန်း

==========================================================================

 

ရန်ကုန် အောက်တိုဘာ ၈

 

ကိုဗစ်-၁၉ ရောဂါ အရေးပေါ်လူနာများထားရှိမည့် ICU/HDU ဧရာဝတီစင်တာ၏ ကုန်ကျစရိတ်အတွက် ဧရာဝတီ ဘဏ်နှင့် မက်စ်မြန်မာအုပ်စုတို့က ငွေကျပ်သိန်း ၁၅၀၀၀ ထပ်မံမတည်လှူဒါန်းခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက မကြာမီဖွင့်လှစ်မည့် (၇၅)ခုတင်ဆံ့ ICU/HDU ဧရာဝတီ စင်တာသို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဧရာဝတီဘဏ် နှင့် မက်စ်မြန်မာအုပ်စုတို့က လှူဒါန်းသည့် မတည်အလှူငွေ များကို လက်ခံရယူသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ICU/HDU ဧရာဝတီစင်တာအတွင်း လိုက်လံ ကြည့်ရှုစစ်ဆေးရာ ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်က ပြင်ဆင်ဆောင်ရွက်ထားမှုများအား ရှင်းလင်း တင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ICU/HDU အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တတ်စွမ်းသမျှ ပံ့ပိုးပေးလျက်ရှိပြီး ထပ်မံလိုအပ်ချက်များဖြစ်သော စက်ပစ္စည်း၊ ဆေးဝါးနှင့် ကာကွယ်ရေးပစ္စည်းများ၊ အောက်ဆီဂျင်စက်များကို ပြည်တွင်း ပြည်ပမှ ဝယ်ယူ ဖြည့်တင်းလျက်ရှိရာ ကုန်ကျစရိတ်များပြားသည့်အတွက် ဧရာဝတီဖောင်ဒေးရှင်းသို့ ဧရာဝတီဘဏ်လီမိတက်က ကျပ်သိန်း ၁၀၀၀၀၊ မက်စ်မြန်မာကုမ္ပဏီအုပ်စုက ကျပ်သိန်း ၅၀၀၀ ထပ်မံမတည်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

 

ကိရိယာစုံလင်စွာဖြင့် ကုသနိုင်

 

ICU/HDU ကို ဆရာကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး ကိုယ်တိုင် အနီးကပ်ကြပ်မတ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မေ့ဆေးဆရာဝန်ကြီး ပါမောက္ခဒေါက်တာမြစိုးနှင့် အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများ၊ ဧရာဝတီ ဖောင်ဒေးရှင်းမှ ဒေါက်တာအောင်ကျော်ဦးနှင့် တာဝန်ရှိသူ များ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း ၁၅၀ ကျော်တို့က စက်ပစ္စည်းကိရိယာ စုံလင်စွာဖြင့် အရေးပေါ်လူနာများကို အနီးကပ်ကြပ်မတ်ကုသပေးနိုင်တော့မည်ဖြစ်သည်။ ထို့ပြင် HDU ခုတင် ၅၀ အဆောင်သစ်တစ်ခုကိုလည်း ဒုတိယ အဆင့်အနေဖြင့် ဆောက်လုပ်လျက်ရှိပြီး ICU/HDU ၁၂၅ ခုတင်အထိ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရ သည်။

 

 

သတင်း-ရဲရင့်ရှိုင်း၊ ဓာတ်ပုံ-ကိုမိုး