
2019 Novel Coronavirus (2019 - nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်နှိမ်နင်းရန်အတွက် ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ဖြစ်ပွားလာပါက အထိအခိုက်၊ အသေအပျောက် နည်းပါးစေရန် နိုင်ငံတော်အစိုးရက မည်ကဲ့သို့စီမံဆောင်ရွက်ပေးထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း။
သတင်းအဖွဲ့
ဥက္ကဋ္ဌ ။ ။ ပထမဦးစွာ ဒလမဲဆန္ဒနယ်မှ ဒေါက်တာ စိန်မြအေး မေးမြန်းဖို့ဖြစ်ပါတယ်။
ဒေါက်တာစိန်မြအေး(ဒလမဲဆန္ဒနယ်) ။ ။ လေးစား အပ်ပါ
သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်က တော့ ဒေါက်တာစိန်မြအေး(ဒလမဲဆန္ဒနယ်) ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ 2019 Novel Coronavirus (2019-nCoV ) ကြောင့်ဖြစ်ပွားသော ရောဂါ ကာကွယ်နှိမ်နင်းရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရ က ဘယ်လိုစီမံဆောင်ရွက်ထားသလဲဆိုတာကို လွှတ်တော်မှတစ်ဆင့် ပြည်သူလူထုသိရှိနိုင်ရန်အတွက် ရောဂါနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်သောကများနေကြတဲ့ ပြည်ထောင်စုတစ်ဝန်းမှ ပြည်သူများကိုယ်စား ဥက္ကဋ္ဌကြီး မှတစ်ဆင့် မေးမြန်းရခြင်းဖြစ်ပါတယ်ခင်ဗျား။
လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ Power Point ဖြင့် ဆက်လက်တင်ပြခွင့်ပြုပါရန် တောင်းခံအပ်ပါတယ်။ ပြည်သူတွေ ကြောက်ရွံ့နေကြတဲ့ Coronavirus ကြောင့် လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားနိုင်ပြီး ဒီရောဂါကို တရုတ်ပြည် ဝူဟန်မြို့မှာ စခဲ့တဲ့အတွက် ဝူဟန်ဗိုင်းရပ်စ် ရောဂါ၊ ဝူဟန်အဆုတ်ရောင်ရောဂါလို့လည်း လူသိများကြ ပါတယ်။ မနေ့ကရရှိတဲ့သတင်းတွေအရ တရုတ် ပြည်မကြီးမှာ သေဆုံးသူ ၉၀၈ ဦးအပါအဝင် စုစုပေါင်း သေဆုံးသူ ၉၁၀ ရှိပြီလို့ သိရပါတယ်။ ရောဂါဖြစ်ပြီး ပျောက်ကင်းသူ ၃၀၀၀ ကျော်ရှိသော်လည်း သေဆုံးသူ ဟာ SARS ရောဂါကြောင့် သေဆုံးတာထက်ကျော်သွားပြီဖြစ်ပါတယ်။ ရောဂါပိုးကူးစက်သူ ၄၀၀၀၀ ကျော်နှင့် သံသယရှိသူ ၂၃၀၀ ကျော်ရှိကြောင်း သတင်းများအရ သိရှိနိုင်ပါတယ်။ ယနေ့ ကမ္ဘာ့စံတော်ချိန်အရဆိုလို့ ရှိရင် သေဆုံးတဲ့ဦးရေ ၁၀၁၈ ဦး၊ ကူးစက်ခံရသူ ၄၃၀၀၀ ရှိနေပြီ ဖြစ်ပါတယ်။ သေသူ ၉၁၀ ရှိကြောင်း WHO ကတော့ သတင်းထုတ်ပြန်နေဆဲဖြစ်ပါတယ်။ SARS ရောဂါနှင့်နှိုင်းယှဉ်ချက်အရ Wuhan Coronavirus ဟာ စဖြစ်ပြီး ၃၃ ရက်အကျော်မှာ SARS ရောဂါထက်ရှစ်ဆပိုပြီး ကူးစက်နိုင်စွမ်းရှိလို့ နိုင်ငံတော်အစိုးရအနေနဲ့ ရောဂါ ကာကွယ်ရေး၊ ပညာပေးရေးတို့အတွက် အထူးဆောင်ရွက် ရန် လိုအပ်တဲ့ ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အိမ်နီးချင်းတရုတ်ပြည်ကြီးမှာ သေဆုံးမှု နှုန်းအများဆုံးနှင့် ကူးစက်မှုနှုန်းအမြန်ဆုံးဖြစ်နေပါပြီ။ အဲဒါကြောင့် စိုးရိမ်နေတဲ့ပြည်သူတွေအတွက် ပြည်သူတွေ ကို ရှင်းပြဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၁၀-၂-၂၀၂၀ ရက်နေ့ ည ၈ နာရီအချိန် သတင်းထုတ်ပြန်ချက်အရ သံသယ လူနာတစ်ဦးအပါအဝင် လူနာ ၂၀ ခန့်ရှိလာပြီဖြစ်တဲ့ အတွက် ကျွန်တော်တို့နိုင်ငံမှာလည်း ပေါ့ဆ၍မရကြောင်း သတိပေးခေါင်းလောင်းသံမြည်နေပြီဖြစ်ပါတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးကလည်း ၉-၂-၂၀၂၀ ရက်နေ့က ထုတ်ပြန်တဲ့ Situation Report 20 မှာ မြန်မာအပါအဝင် ဒေသဆိုင်ရာနှင့် ကမ္ဘာ့အဆင့်မှာ ကူးစက်မှုအန္တရာယ် မြင့်မားနေဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ရောဂါ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်တယ် လို့ ဆိုကြပေမယ့် ကပ်ရောဂါအသွင်ဖြစ်ပွားလာမည် ဆိုလျှင် ပြည်သူလူထု အထိအခိုက်၊ အသေအပျောက် နည်းစေဖို့ ကြိုတင်စီမံထားရန် နိုင်ငံတော်အစိုးရအနေဖြင့် အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်မိပါတယ်။ လူထုကတော့ ကာကွယ်ဆေးမရှိ၊ ကုသဆေးမရှိတဲ့အတွက်၊ ဒီဗိုင်းရပ်စ် အန္တရာယ်ကို သေချာပညာမပေးနိုင်သေးခင် ကြောက်ရွံ့ နေကြသလို ကာကွယ်ရေး၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်း များ ဂရုမစိုက်ကြရင်လည်း အားလုံးအတွက် အန္တရာယ် ရှိပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ဖော်ပြပါပုံအရ ဝူဟန်ဗိုင်းရပ်စ် ကူးစက်လူနာကို ကျွန်တော်တို့ နိုင်ငံမှာ မတွေ့ရသေးပေမယ့် သီရိလင်္ကာနိုင်ငံ၊ နီပေါနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနဲ့ ထိုင်ဝမ်အထိ ပျံ့နေပြီဖြစ်တဲ့အတွက် မြန်မာပြည်ကိုလည်း အချိန်မရွေးဝင်ရောက်ပျံ့နှံ့လာနိုင်ပါတယ်။ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နဲ့ ထိစပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း ဂိတ်တွေမှာ စောင့်ကြည့်စစ်ဆေး၊ ရှာဖွေညွှန်းပို့လုပ်ငန်း တွေ ဆောင်ရွက်နေတာကို ကြိုဆိုရမှာဖြစ်ပြီး နယ်စပ် တရားမဝင် ဝင်ပေါက်များမှတစ်ဆင့် ဥပဒေမဲ့ ဥဒဟိုဝင် ထွက်သွားလာနိုင်ကြတဲ့အတွက် တစ်ဖက်နိုင်ငံက ရောဂါပိုး များ အချိန်မရွေးဝင်ရောက်နိုင်ပြီး ထိန်းချုပ်ရခက်ခဲနေတဲ့ ပကတိအခြေအနေကို အသိအမှတ်ပြုဖြေရှင်းဆောင်ရွက် နိုင်ရမှာ ဖြစ်ပါတယ်။ ဝူဟန်ဗိုင်းရပ်စ်သံသယလူနာငါးဦး မူဆယ်ဘက်သို့ ထွက်ပြေးရောက်ရှိနေကြောင်း သတင်း များ ထွက်ပေါ်လာခြင်းကလည်း ပြည်သူလူထု၏ စိုးရိမ် ထိတ်လန့်မှုကို ပိုမိုဆိုးရွားသွားစေခဲ့ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ Digital Literacy အားနည်းတဲ့ ကျွန်တော်တို့နိုင်ငံအတွက် ဝူဟန်သို့ အလည်တစ်ခေါက်လို ဗီဒီယိုမျိုး ဖေ့စ်ဘွတ်ပေါ်မှာ ပျံ့နှံ့ခဲ့ ရာမှာ လေးရက်အတွင်းကြည့်ရှုသူ ၅ ဒသမ ၄ သန်း ရှိနေပေမယ့် WHO က အင်္ဂလိပ်ဘာသာဖြင့် အသိပညာ ပေးချက်တွေကို ဇန်နဝါရီလ ၁၅ ရက်နေ့မှသာ ထုတ်ပြန်နိုင် ခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအစီအစဉ်နှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၉ ရက်နေ့အထိ ဖော်ပြနိုင်ခြင်း မရှိဘဲ အကြိမ် ၈၀၀ သာ လူထု၏မျှဝေမှုရှိခြင်းတွေဟာ သက်ဆိုင်ရာဌာနတွေရဲ့ဆောင်ရွက်ချက်တွေကို ပြည်သူ လူထုကို ထိရောက်စွာရှင်းပြပေးဖို့ လိုအပ်နေတဲ့အချက် တွေပဲ ဖြစ်ပါတယ်။ ဒါဟာ ဒီဗိုင်းရပ်စ်နှင့်ပတ်သက်လို့ သတင်းတု၊ သတင်းယောင်များ အားကောင်းနေကြောင်းနှင့် တရားဝင်သတင်းဌာနများက အချိန်မီဆောလျင်စွာ သတင်းမှန်များ၊ ကာကွယ်ကုသရေးအစီအစဉ်များ ထုတ်ပေးရန်လိုအပ်နေကြောင်း ညွှန်ပြနေပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကူးစက်ရောဂါ စတင်ဖြစ်ပွား သော အစောပိုင်းအဆင့်များတွင် ကြောက်ရွံ့ခြင်းသည် ဘာကိုမှမသိခြင်းကြောင့်ဖြစ်ကြောင်း ပညာရှင်များကဆိုကြ၍ ကာကွယ်ကုသရေးလုပ်ငန်းများ တွင် တည်ဆဲကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေနှင့်အညီ အဆိုပါရောဂါကို ပြည်သူများပါဝင်၍ ကာကွယ်ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းခြင်းဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျား။
ဥက္ကဋ္ဌ။ ။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဖြေကြားရန် ဖြစ်ပါတယ်။
ဖြေကြားချက်
ဒေါက်တာမြင့်ထွေး(ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန)။ ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။
ကျွန်တော့်အနေနဲ့ ဤမေးခွန်းကို စောစီးစွာဖြေဆိုချင် သော်လည်း ခရီးစဉ်များ ပါဝင်နေတဲ့အတွက် ယခုမှလာပြီး ဖြေရတဲ့အတွက်ကို ကျွန်တော်တောင်းပန်ပါတယ်။ နောက်တစ်ခုက ဥက္ကဋ္ဌကြီးကို မေတ္တာရပ်ခံချင်တာက ဒီကိစ္စသည် အလွန်အရေးကြီးတဲ့အတွက် ကျွန်တော့် အနေနဲ့ အချိန်လည်းပိုပေးပါရန် အနူးအညွတ်မေတ္တာရပ်ခံ အပ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒလမဲဆန္ဒနယ် ဒေါက်တာ စိန်မြအေးရဲ့ မေးခွန်းကို ပြန်ကြည့်တဲ့အခါမှာ အပိုင်းနှစ်ပိုင်း ပါပါတယ်။ ပထမတစ်ပိုင်းကတော့ ကာကွယ်နှိမ်နင်းရေး အတွက် ကူးစက်ပြန့်ပွားမှုမရှိရန်၊ ဆိုလိုတာက ကာကွယ် ထိန်းချုပ်ရေးပါ။ ဖြစ်ပွားမှုရှိပါက အထိအခိုက်၊ အသေ အပျောက်နည်းရန်။ ဒေါက်တာစိန်မြအေး မေးတုန်းကတော့ သူက အဆုတ်ရောင်ရောဂါလို့ ခေါ်ပါတယ်။ အခု WHO ကတော့ အဆုတ်ရောင်လို့မခေါ်ပါဘူး။ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ(Acute Respiratory Disease)လို့ ခေါ်ပါတယ်။ ဒီမေးခွန်းရဲ့အပိုင်းနှစ်ပိုင်းမှာ ပြန်ကြည့်ရင် ဒုတိယအပိုင်းဖြစ်တဲ့ အသေအပျောက်နည်းဖို့ ကတော့ ကျွန်တော်တို့မှာ အခုအချိန်အထိ အတိအကျကုထုံး မရှိသေးပါဘူး။ ဖြစ်ပေါ်လာတဲ့ Symptom တွေ၊ ရောဂါ လက္ခဏာတွေကိုပဲကြည့်ပြီးတော့ သက်သာအောင်ရတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ကမ္ဘာမှာတော့ ဒီကိစ္စနှင့်ပတ်သက် ပြီးတော့ သုတေသနတွေ အများကြီးလုပ်တဲ့အခါမှာ HIV/AIDS ကို ကုသတဲ့ဆေးက ထိရောက်တယ်လို့တော့ တွေ့နေ ပါပြီ။ သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုချက် တော့မရသေးပါဘူး။ ရမယ်ဆိုရင် ကျွန်တော်တို့ကုဖို့ ဒီဆေးသုံးမျိုးကိုလည်း Ready ဆောင်ထားပြီးပါပြီ။ ဒီမှာဆိုလို့ရှိရင် တစ်ခုတင်ပြချင်တာက ကျွန်တော်တို့ရဲ့ Physician တွေ၊ Specialist တွေက ဒါကိုကုဖို့ကို ကျွန်တော် တို့မှာ အရည်အချင်းအပြည့်အဝရှိပါတယ်။ ဘယ်နိုင်ငံမှ လည်း ပို့စရာမလိုပါဘူး။ ကျွန်တော်တို့ပြည်တွင်းမှာ အပြည့်လုပ်နိုင်တာရှိပါတယ်။ အဲဒီတော့ ကျွန်တော့်အနေနဲ့ ပထမဦးဆုံး ကူးစက်ပြန့်ပွားမှုထိန်းချုပ်မှုကိုအစ ကျွန်တော် အရင်ပြောချင်ပါတယ်။
ဒီကိစ္စမှာကြည့်လိုက်လို့ရှိရင် ကျွန်တော်တို့က စသိသိ ချင်း၊ ကျွန်တော်တို့ လွတ်လပ်ရေးနေ့ ညစာစားကတည်းက ကျွန်တော်သတင်းရတဲ့အတွက် Dinner ကနေပြီးတော့ ကျွန်တော့်လူတွေဆီကို ချက်ချင်းဖုန်းဆက်ပါတယ်။ ဝင်ပေါက်တွေ၊ လေဆိပ်ဝင်ပေါက်၊ နယ်စပ်ဝင်ပေါက်တွေကို ချက်ချင်းသွားပါ။ ကြည့်ပါ။ ကျွန်တော်တို့မှာ ဘယ်လောက် အထိ အရည်အချင်းရှိလည်း လုပ်နိုင်တယ်။ ၅ ရက်နေ့က စပြီး ကျွန်တော် ချက်ချင်းလုပ်ပါတယ်။ နောက်မကျပါဘူး။ ဘာဖြစ်လို့လုပ်ရလဲ မေးစရာရှိပါတယ်။ ဒီဗိုင်းရပ်စ်က အသစ်။ ဒါကြောင့် Novel Virus လို့ ခေါ်ပါတယ်။ ဒီဗိုင်းရပ်စ်ရဲ့ ရောဂါလက္ခဏာ ဘယ်လောက်အထိဆိုးမလဲ။ သူ့ရဲ့ရောဂါကူးစက်ပြန့်ပွားမှုက ဘယ်လောက်ရှိမလဲ။ ရောဂါကောင်းသွားပြီးတော့ ဘယ်လောက်ကြာကြာအထိ ဗိုင်းရပ်စ်က ထပ်ပြီးထွက်နေဦးမလဲ။ ဒါတွေလုံးဝမသိပါဘူး။ ထို့အပြင် ဒီရောဂါသည် အမှုန်အမွှား(Droplet)ကနေအစ ခြောက်ပေအတွင်း ကူးနိုင်တဲ့အတွက် အလွန်အန္တရာယ်များ ပါတယ်။ ကူးစက်မှုကလည်း အလွန်မြန်ပါတယ်။ ကူးစက်မှု မြန်တဲ့အခါမှာ ပြည်သူ့ကျန်းမာရေးပညာမှာ အခြေခံ ကူးစက်နှုန်း(Basic Reproduction Rate – R 0)။ အသံ ထွက် အာရ်နော့လို့ ခေါ်ပါတယ်။
ဒီ R 0 ရဲ့ တန်ဖိုးဟာ အခြားကူးစက်ရောဂါတွေထက် ပိုမြင့်နေတာတွေ့တယ်။ တော်တော်စိုးရိမ်စရာကောင်းနေပါတယ်။ ဒါကို ကျွန်တော် တို့သိပါတယ်။ နောက်တစ်ခုက Incubation Period ရောဂါ ပျိုးချိန်ဟာလည်း အခုထိ နှစ်ရက်ကနေပြီးတော့ ၁၂ ဒသမ ၅၊ ၁၄ အတိအကျပြောလို့ မရသေးဘူး။ မှန်းခြေကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ၁၄ ရက်နေ့အထိကို သတ်မှတ်ထားပါတယ်။ ဒါတွေဖြစ်တဲ့အပြင် တရုတ် ပြည်ကိုပြန်ကြည့်တဲ့အခါမှာ နေ့စဉ်တက်နေပါတယ်။ Out-break ပေါ့။ ကပ်ရောဂါဗေဒတစ်ခုမှာဆိုလို့ရှိရင် အပေါ်တက်သွားတာလည်း ရှိတယ်။ တည့်တည့်သွားတာ လည်းရှိတယ်။ အောက်ဆင်းတာရှိတယ်။ အခုဟာက တရုတ်ပြည်မှာ တက်နေတုန်းပဲရှိပါတယ်။ နေ့စဉ်၊ နေ့စဉ် တက်တဲ့ဟာတွေက များများ၊ များများလာပါတယ်။ ၃၀၀၀ ကျော်၊ ၄၀၀၀ နီးပါး။ မနေ့က နည်းနည်းလေး ပြန်ကျပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ သည် ဆောင်ရွက်နေတာတွေကို လုံးဝလျှော့လို့မရဘူးဖြစ်တဲ့အတွက် ကျွန်တော်က သေသေချာချာကိုင်တွယ် လုပ်နေပါတယ်။
နောက်တစ်ချက်က ဒါဗိုင်းရပ်စ်ဖြစ်တဲ့ အတွက် အချိန်မရွေး သူ့ရဲ့ Genetic material ပေါ့။ Mutation ဖြစ်သွားလို့ရှိရင်သွားပြီ။ ဒါ့ထက်ပိုလည်း ဆိုးသွားနိုင်တယ်။ ဗိုင်းရပ်စ်က တက်လည်းတက်သွား နိုင်တယ်။ ဒါတွေက ဘယ်သူမှမသိတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကလည်း မသိဘူး။ အမေရိကန်မှာရှိတဲ့ CDC က လည်း မသိသေးဘူး။ အဲဒါကြောင့် ကျွန်တော်တို့က ဒီရောဂါကို လုံးဝမပေါ့ပါဘူး။
လွတ်လပ်ရေးနေ့ ကတည်းကစပြီး သေချာကျွန်တော်လုပ်ပါတယ်။
ဒီနေရာမှာ ဥက္ကဋ္ဌကြီးအား ကျွန်တော်လေးစားစွာ အသိပေးတင်ပြချင်တဲ့အချက်ကတော့ ယနေ့အထိ ကျွန်တော်တို့နိုင်ငံမှာ ဓာတ်ခွဲ Positive လူနာ တစ်ယောက်မှ မတွေ့သေးပါဘူး။ ကျွန်တော်တို့ ပို့ပါ တယ်။ သို့သော် လေဆိပ်တွေမှာ Thermal Scanner နဲ့ Temperature တွေ တိုင်းတာရှိပါတယ်။ တကယ့်တကယ် တော့ ဒါတွေက မလုံလောက်ပါဘူး။ ဒီ Thermal Scanner နဲ့လုပ်တဲ့အချိန်မှာ ဒီရောဂါပျိုးချိန်ဖြစ်တဲ့ ၁၄ ရက်အတွင်း လာနေတဲ့သူတွေသည် အဖျားမရှိဘူး။ ကျွန်တော်တို့နိုင်ငံထဲကို ရောက်ပြီးပြီ။ ဟိုတယ်မှာ တည်းမယ်။ အိမ်တွေကို သွားတဲ့အခါမှာ အဖျားလက္ခဏာ ပေါ်လာပါတယ်။ အဲဒါကြောင့် ဒီရောဂါကို ကာကွယ် ထိန်းချုပ်ဖို့ဆိုလို့ရှိရင် ပြည်သူလူထုရဲ့အင်အား၊ အဖွဲ့ အစည်းများရဲ့ အင်အား၊ ဟိုတယ်ဝန်ထမ်းတွေ၊ ရပ်ကွက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သူတို့က အကုန်လုံး ဒီရောဂါအကြောင်းနဲ့ပတ်သက်ပြီးတော့ အသေးစိတ်ဖြင့် ဘယ်လိုကုနိုင်တယ်။ ဘယ်လို ကာကွယ်ရမလဲဆိုတာ သိထားရမယ်။ ဒါတွေကိုလည်း ကျွန်တော်ပြီးရင်တင်ပြ မယ်။ အဲဒီတော့ ဒီရောဂါဟာ ဒီလောက်ကြီးတဲ့ရောဂါကို ကျွန်တော်သိတဲ့အတွက် ကျွန်တော်က သေသေချာချာ စဉ်းစားတယ်။ ပြည်သူ့ကျန်းမာရေးရှုထောင့် (Public Health Perspective)၊ ကပ်ရောဂါဗေဒရှုထောင့် (Epidemiological Perspective)၊ ကုသမှုရှုထောင့် (Clinical Perspective)၊ ဓာတ်ခွဲခန်းဆိုင်ရာ ရှုထောင့် (Laboratory Perspective)၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ Socio-economic ရှုထောင့်တွေ အကုန်လုံးကနေ စဉ်းစားပြီးမှလုပ်ပါတယ်။ ဒီဟာတွေကို ပြန်ကြည့်တဲ့ အခါမှာ ဒီရောဂါသည် အလွန်အရေးကြီးတဲ့အတွက် ကျွန်တော်တို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ထမ်းများဟာ သေသေချာချာ ၂၈ ရက်နေ့လောက်စပြီး တော့ နေ့စဉ်မနက် ၇ နာရီခွဲ၊ ၈ နာရီမှာ အကုန်လုံး အစည်းအဝေးလုပ်တယ်။ အကုန် လမ်းညွှန်ချက်တွေ ပေးတယ်။ ဘယ်သူက ဘာလုပ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဦးစီးဌာနက ဘာလုပ်၊ မြို့နယ်ဆရာဝန်က ဘာလုပ်၊ ဆေးရုံအုပ်တွေအကုန်လုံး ကျွန်တော် လမ်းညွှန်ချက်တွေ ချပါတယ်။ ဒါတွေလည်း ကျွန်တော့် Website ထဲမှာ အကုန်ပါပါတယ်။ အဲဒီတော့ ဒါတွေကို အကုန်လုပ်တဲ့အခါမှာ ကျွန်တော်တို့က ဒီလိုကပ်ရောဂါ ကိုထိန်းဖို့ဆိုရင် အေးအေးဆေးဆေး ဒီအတိုင်းသွားလို့ မရပါဘူး။ သေသေချာချာစနစ်တကျနဲ့လုပ်ရမှာဖြစ်တဲ့ အတွက် ဆက်သွယ်မှုလမ်းကြောင်း (Line of Communi- cation) ဘာဖြစ်ရင် ဘယ်သူကဘယ်လိုလုပ်မယ်။ ဒါတွေအကုန် သတ်မှတ်ထားတယ်။ လုပ်တဲ့အခါမှာ လူတွေက အများကြီးကူချင်တယ်။ ဟိုလူဒီလူ ကူချင် တယ်တိုင်း ကူလို့မရပါဘူး။ သေသေချာချာစည်းစနစ်ကျ စွာနဲ့ ပေါင်းစပ်ညှိနှိုင်းမှုက အလွန်အရေးကြီးပါတယ်။
မဟုတ်လို့ရှိရင် အကုန်လုံးရှုပ်ယှက်ခတ်ပြီးတော့ Chaos ဖြစ်သွားမယ်။ အဲဒါတွေရှိပါတယ်။ နောက်တစ်ခါ ဆောင်ရွက်နေတဲ့သူတွေက အများကြီးပါဝင်တယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနပါတယ်။ အခြားဝန်ကြီးဌာန တွေလည်းပါတယ်။ နယ်တွေမှာ ဌာနတွေပါတယ်။ အစိုးရအဖွဲ့တွေပါတယ်။ မိတ်ဖက်အဖွဲ့အစည်းတွေပါတဲ့ အတွက် Division of Labour ဘယ်သူက ဘာလုပ်ရမလဲ။ ဒါတွေလည်း ကျွန်တော်တို့သတ်မှတ်ထားပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့လုပ်တဲ့ဟာတွေ အားလုံးကို တစ်ချိန်လုံးဆန်းစစ်နေတယ်။ လိုတိုးပိုလျှော့ သဘောမျိုးပေါ့။ ဒါတော့ လိုရင်ပိုလုပ်၊ ဒါလေးကတော့ မလိုရင်လျှော့လုပ်။ ဒါတွေလည်း အကုန်လုပ်တဲ့အပြင် ကျွန်တော်တို့က ဒီဟာအတွက်ကို နိုင်ငံတော်အစိုးရ၊ နိုင်ငံတော်သမ္မတရုံးကလည်း ကျွန်တော်တို့ကို အဖွဲ့ ဖွဲ့လိုက်ပါတယ်။ အဖွဲ့ကတော့ 2019-nCoV ကာကွယ် ထိန်းချုပ်ကုသရေးဗဟိုကော်မတီဆိုပြီး သမ္မတကြီးက ဇန်နဝါရီလ ၃၀ ရက်နေ့တုန်းကနေပြီးတော့ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ဥက္ကဋ္ဌနဲ့ ကျွန်တော် က ပူးတွဲဥက္ကဋ္ဌအနေနဲ့ လုပ်ပြီးတော့ စုစုပေါင်းအဖွဲ့ဝင် ၂၇ ဦးပါပြီးတော့ လုပ်ငန်းတာဝန်(၁၁)ရပ်နဲ့ ဖွဲ့စည်းလိုက် ပါတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့မဖွဲ့ခင် ကျွန်တော်တို့ ဝန်ကြီး ဌာနမှာ ကျွန်တော်တို့ဖွဲ့လိုက်ပြီးပါပြီ။ ဘာဖွဲ့လဲဆိုတော့ ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း ဆက်သွယ်ရေးအဖွဲ့ကို အမြဲတမ်းအတွင်းဝန်က ဥက္ကဋ္ဌအနေနဲ့ ဖွဲ့ပြီးတော့ အဖွဲ့ဝင် ၂၀ ဦး၊ လုပ်ငန်းတာဝန် ၁၁ ခုနဲ့ စဖွဲ့ပါတယ်။ ကျွန်တော်တို့ စပြီးတော့ လုပ်နေပါတယ်။ အဲဒီနေ့က နေပြီးတော့ ဗဟိုမှာလည်း ကျွန်တော်တို့က အဖွဲ့ ဖွဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင် ဥက္ကဋ္ဌလုပ်ပြီးတော့ အဖွဲ့ဖွဲ့ထားပါတယ်။ ဒါတွေကို ဘာလို့ ဖွဲ့ရလဲဆိုတော့ စနစ်ကျအောင်။ စနစ်မကျဘဲ ဒီရောဂါကို သွားထိန်း မယ်ဆိုရင် ပိုက်ဆံတစ်သိန်းထည့်ပြီးတော့ တစ်ကျပ် ဖိုးလောက်ပဲ ကျွန်တော်က ရတယ်။ ဒါကြောင့် ကျွန်တော်က စနစ်တကျဖြစ်အောင် ဒီလိုအဖွဲ့တွေနဲ့ လုပ်ခြင်း ဖြစ်ပါတယ်။ နောက်ကုသရေးပိုင်းမှာဆိုလို့ ရှိရင်လည်း Clinical Management Committee ပေါ့။ ဝေဘာဂီဆေးရုံမှာရှိတဲ့ ဆရာဝန်တစ်ဦး သို့မဟုတ် တိုင်းဒေသကြီးနှင့် ပြည်နယ်မှာရှိတဲ့ Specialist ပါဝင်ပြီး ကျွန်တော်တို့မှာ အဖွဲ့ဖွဲ့ထားတယ်။ Physician တွေ၊ ပါမောက္ခတွေ ပါပြီးတော့ ဒီရောဂါဖြစ်လာရင် ဘယ်လို ကုရမလဲ၊ ဘာလုပ်ရမလဲဆိုတာ Guidance တွေ အတိ အကျထွက်တယ်။ ထို့အပြင် Triage ဆိုတာ ပြုစုထား ပါတယ်။ ရောဂါလူနာတစ်ယောက်လာတာနဲ့ ဘယ်လို အဆင့်ခွဲမလဲ။ ဘာလုပ်မလဲ။ ဒါတွေလည်း အကုန်လုံး ကျွန်တော်တို့က SOP တွေ၊ Guideline တွေ အကုန်ထုတ် ထားပါတယ်။
အထူးအလေးထား
အဲဒီတော့ ကျွန်တော့်အနေနဲ့ တကယ့်တကယ် ပြောချင်တာကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီရောဂါသည် Public Health Emergency of International Concern ဆိုပြီးတော့ ၃၀ ရက်နေ့က ထွက်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ ဘာတွေလုပ်ရမလဲ။ အခြား ၁၄၉ နိုင်ငံအဖွဲ့ဝင်တွေက ဘာတွေလုပ်ရမလဲဆိုတာ အဓိကခြောက်ချက်ထွက် တယ်။ ဒီခြောက်ချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ကြေညာတယ်။ ကျွန်တော် တို့ မြန်မာနိုင်ငံက ဇန်နဝါရီလ ၅ ရက်နေ့ကတည်းက စပြီးလုပ်နေပါပြီ။ အဲဒါလေးကို ကျွန်တော် အခု ရှင်းအောင် Power Point လေးပြပေးပါ။ Active Surveillance ဆိုတာကတော့ ရောဂါစောင့်ကြပ်ကြည့်ရှု ခြင်းကို လျင်မြန်စွာ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်၊ Early Detection ကတော့ သံသယလူနာများအား စောစီးစွာသိရှိနိုင်ရန် ပြုလုပ်ခြင်း၊ Isolation and Case Management ဆိုတာကတော့ သံသယနှင့် အတည် ပြုလူနာများအား အခြားသူများနှင့် မထိတွေ့စေဘဲ သီးခြားခန်းတွင် ထားရှိကုသပေးခြင်း၊ Contact Tracing ဆိုတာကတော့ သံသယလူနာ၊ လူနာနှင့် အနီးကပ် ထိတွေ့ဆက်ဆံဖူးသူများကို ထောက်လှမ်း၍ စောင့်ကြပ် ကြည့်ရှုခြင်း၊ Prevention of onward spread of 2019-nCoV Infection ဆိုတာကတော့ ရောဂါထပ်မံ ဖြစ်ပွားကူးစက်မှုကို ကာကွယ်ထိန်းချုပ်ခြင်း၊ To share full data with WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို သတင်း အချက်အလက်အပြည့်အစုံပေးပို့ခြင်း၊ ဒီအချက်တွေကို ဇန်နဝါရီလ ၅ ရက်နေ့ကတည်းကစပြီး ကျွန်တော် လုပ်နေပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ မပေါ့ပါဘူး။ အထူးအလေးထားလုပ်ခြင်းဖြစ်ပါတယ်။ နောက်တစ်ချက် ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးပိုစတာပေါင်း ၂၂ မျိုး ထုတ်ပြီးပါပြီ။ ထို့အပြင် SOP Guideline ၁၁ မျိုး ထုတ်ပြီးပါပြီ။ Guideline ဆိုတာ ကုသမှုပိုင်းဆိုင်ရာ နှင့်ပတ်သက်ပြီးတော့ ဘာလုပ်ရမလဲ။ ဆရာဝန်တွေက ဘာလုပ်ရမယ်၊ သူနာပြုတွေက ဘာလုပ်ရမယ် အစ ရှိသဖြင့်ပေါ့။ အကုန်လုံးအသေးစိတ်ကို ကျွန်တော်တို့ ထုတ်ထားပါတယ်။ ဒါက ပိုစတာတွေပါ။ ဆိုလိုတာက ကျွန်တော်တို့ အခုလုပ်တဲ့ လုပ်ငန်းများသည် စနစ်တကျ သေသေချာချာလုပ်ခြင်း ဖြစ်ပါတယ်။ သတင်းထုတ်ပြန် ချက်တွေကလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက အကြိမ် ၃၀ လောက်ထုတ်ပါတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေကိုလည်း ထုတ်ပေး ပါတယ်။
နောက်တစ်ခါ တိုင်းဒေသကြီးနှင့် ပြည်နယ်တွေကလည်း ဘာတွေလုပ်နေလဲဆိုတာကို ကျွန်တော်တို့ Website မှာဆိုရင် ၁၅၃ ကြိမ်ဆိုတာ Website မှာ အကုန်တင်ပါတယ်။ အဓိကကတော့ ဒါတွေ ဘာကြောင့် တင်သလဲလို့ မေးစရာ ရှိပါတယ်။ ဒါတွေ ဘာကြောင့် တင်သလဲဆိုတော့ ပြည်သူ လူထုတစ်ရပ်လုံးသည် ဒီရောဂါဟာ ဘာကြောင့်ဖြစ်တယ်၊ ဘယ်လိုဖြစ်တယ်၊ မဖြစ်အောင် ဘာလုပ်ရမလဲ၊ ဆောင်ရန်၊ ရှောင်ရန်နဲ့ ဒီကိစ္စတွေအားလုံးကို ပြည်သူများသိမှသာလျှင် ထိန်းချုပ်မှုလုပ်ငန်းကြီးက အောင်မြင်မှာဖြစ်ပါတယ်။ သို့မဟုတ်ရင် လုံးဝမအောင်မြင်ပါဘူး။ ဒီနေရာမှာ ကျွန်တော် ဓာတ်ခွဲခန်းရဲ့ကုသမှုပိုင်းနဲ့ဆိုင်ပြီး နှီးနွှယ်နေတဲ့ ဓာတ်ခွဲခန်းကလည်း ဘာတွေလုပ်နေလဲ မေးချင်ပါတယ်။ ဓာတ်ခွဲခန်းဆိုတာ သံသယလူနာ သို့မဟုတ် ဖြစ်နေတယ် လို့ထင်တဲ့ လူနာတွေကို အာခေါင်ကနေ၊ နှာခေါင်းကနေ ဓာတ်ခွဲနမူနာယူပါတယ်။ ဒါတွေကိုလည်း ဘယ်လိုယူရမယ် ဆိုတာ ကျွန်တော်တို့ Guideline တွေ အကုန်အတိအကျ ထုတ်ထားပါတယ်။ အခုလောလောဆယ်အရ ကျွန်တော် တို့နိုင်ငံမှာ ဒီရောဂါကို Detect လုပ်ဖို့ ဓာတ်ခွဲခန်းမှာ မလုပ်နိုင်သော်လည်း မကြာခင်ရက်ပိုင်းမှာ လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီရောဂါဟာ အသစ်ဖြစ်တဲ့အတွက် ကျွန်တော် တို့မှာ Primer ဆိုတာ လိုပါတယ်၊ Probe ဆိုတာလိုပါ တယ်။ ဒါတွေဟာ ကျွန်တော်တို့နိုင်ငံမှာ မရှိပါဘူး။ ဒါတွေက တကယ့်ဖွံ့ဖြိုးပြီးတဲ့ နိုင်ငံတွေက ချက်ချင်းထုတ်လိုက်ပါ တယ်။ သူတို့ဆီမှာ ရှိပါတယ်။ ဒါလည်း ကျွန်တော်တို့ ရတော့မှာပါ။ ဥပမာဆိုလို့ရှိရင် National Center for Global Health and Medicine(NCGM)နဲ့ Juntendo University တို့နှင့် JICA တို့ကနေပြီး 100 Reaction လုပ်ဖို့ အတွက်ကို မကြာခင်ရက်ပိုင်းအတွင်းမှာ ၁၂ ရက်နေ့ မနက်လောက်ရဖို့ ရှိပါတယ်။ နောက်တစ်ခါ ထိုင်းနိုင်ငံ Armed Forces Research Institute of Medical Science(AFRIMS)ကနေပြီးတော့ ဓာတ်ခွဲအကြိမ် ၁၀၀ စာလုပ်ဖို့ ကျွန်တော်တို့ရတော့မှာ ဖြစ်ပါတယ်။ နောက်ပြီး တော့ အမေရိကန်နိုင်ငံ Centre for Disease Control ကနေပြီးတော့လည်း ၁၇ ရက်နေ့မှာ အကြိမ် ၂၅၀ စာလောက်လုပ်ဖို့ရတဲ့အပြင် Asia Pacific ရဲ့ ဘန်ကောက် မြို့မှာအခြေစိုက်တဲ့ Chief ကိုယ်တိုင်လာပြီးတော့ ကျွန်တော်တို့ Virologists တွေနဲ့ Training ပေးမယ်။ လုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်ထင်တာတော့ ၁၉၊ ၂၀၊ ၂၁ ရက်နေ့လောက်မှာဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံမှာ ဒီရောဂါ ဟုတ်၊ မဟုတ်ဆိုတာကို စမ်းသပ်လို့ရဖို့ရှိပါတယ်။ ဒီနေရာမှာလည်း ကျွန်တော်တို့ နောက်မကျပါဘူး။ ကျွန်တော်တို့ အမျိုးသားဓာတ်ခွဲခန်းမှာရှိတဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ကအစ ညွှန်ကြားရေးမှူးတွေက ကမ္ဘာ အရပ်ရပ်မှာရှိတဲ့ ဒီ Centre တွေနဲ့ Webiner တွေလုပ် တယ်။ Viber Call နဲ့ Skype တွေလုပ်တယ်။ အကုန်လုံး Update ပေါ့။ နောက်ဆုံးဖြစ်ပေါ်တဲ့အခြေအနေကို နောက် မကျအောင် ကျွန်တော်တို့ အမြဲလုပ်ပါတယ်။ ထို့အပြင် ကျွန်တော်တို့ကို အကူအညီပေးနေတဲ့ Greater Mekong Sub-region Health Security Project ကနေလည်း လိုအပ်တဲ့ပစ္စည်းတွေ၊ ဒါတွေကို ကျွန်တော်တို့ ရဖို့လုပ်နေပါ တယ်။ ဒီနေရာမှာ ကျွန်တော်တစ်ချက်ပြောချင်တာက လူတွေက မေးပါတယ်။ ဒီဓာတ်ခွဲတဲ့ကိစ္စကို ဘာဖြစ်လို့ မြန်မာနိုင်ငံမှာ မလုပ်နိုင်ရမှာလဲ။ တစ်ကမ္ဘာလုံးမှာ စစ်ဆေး နိုင်တဲ့ဟာ အားလုံး ၁၅ နေရာပဲရှိပါတယ်။ ပထမ ၁၂၊ အခု ၁၅ နေရာဖြစ်ပါတယ်။ တကယ့်နိုင်ငံတွေပါ။ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ တောင်အာဖရိက၊ ထိုင်း၊ အိန္ဒိယ၊ စင်ကာပူ၊ ဆီနီဂေါ၊ ပြင်သစ်၊ ယူကေ၊ ရုရှား၊ အမေရိကန်၊ ဩစတြေးလျ ဒီနိုင်ငံတွေမှာ လောလောဆယ်လုပ်နိုင်ပါတယ်။ သို့သော် လည်း မကြာခင် ကျွန်တော်တို့နိုင်ငံမှာလည်း လုပ်ဖို့ ရှိပါတယ်။ သို့သော်လည်း ကျွန်တော်တို့နိုင်ငံမှာ စလုပ်တဲ့အခါမှာ ကျွန်တော်တို့မှာ လုပ်တာနဲ့တစ်ပြိုင်နက် Sample ကို ဒီ ၁၅ နေရာထဲက တစ်ခုကို ကျွန်တော်တို့ ပေးရမယ်။ ကျွန်တော်တို့ဟာ မှန်လား၊ မှားလားဆိုတာကို Check လုပ်မယ်။ ကျွန်တော်တို့က စလုပ်တာဖြစ်တဲ့ အတွက် သူတို့ကလည်း မယုံတာတော့မဟုတ်ပါဘူး။ ဒါဟာ ထုံးစံပါပဲ။ စပြီးလုပ်တဲ့ Center တွေမှာဆိုလို့ရှိရင် နှစ်ခု ပေးရပါတယ်။ တကယ့်အထင်ကရဟာကြီးကိုပေး။ Cross Checking လုပ်တဲ့သဘောပါ။ ဒါတွေလည်း ကျွန်တော်တို့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က Lab နဲ့ ပတ်သက်ပြီး ကျွန်တော်တို့နယ်ဆေးရုံတွေမှာ လူနာ တစ်ယောက်လာလို့ရှိရင် ဘယ်လို Throat swab ယူမလဲ။ ယူပုံ၊ ယူနည်း၊ ထုပ်ပိုးပုံ၊ သယ်ယူပုံ၊ ညွှန်ကြားချက်တွေကို ဗီဒီယိုတွေနဲ့ အကုန်လုံးပြထားပါတယ်။ ယူတဲ့အခါမှာ PPE ဝတ်ရမယ်။ PPE ဝတ်ပုံစားပုံအားလုံးကိုလည်း ကျွန်တော် တို့က ဗီဒီယိုနဲ့ လုပ်တယ်။ နောက် Disinfection ကိစ္စ အကုန်လုံး Lab က အဆင်သင့်ဖြစ်ပါပြီ။ ကျွန်တော့်လူတွေ က အကုန်လုံးအဆင်သင့်ဖြစ်ပါတယ်။ ခုနက Reagent, Primer, Probe တွေရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ပဲလုပ်တာမဟုတ်ပါဘူး။ တိုင်းဒေသကြီးနှင့် ပြည်နယ်မှာရှိတဲ့ ပြည်သူ့ ကျန်းမာရေးဦးစီးမှူးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရက လုပ်ဆောင်မှုများ ၁၇ ခုလုံးကို ကျွန်တော် ကျေနပ်မှုရှိပါတယ်။ ဗဟိုနဲ့ချိတ်ဆက်လုပ်နေတဲ့ သူတို့ရဲ့ အသေးစိတ်ဟာတွေက တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုချင်းကပို့တာ ကျွန်တော့်မှာ တစ်ထပ်ကြီးရှိပါတယ်။
လုပ်ဆောင်ချက်များဟာ ကျွန်တော်တို့ရဲ့ ညွှန်ကြားချက် အတိုင်း အကုန်လုံးလိုက်လုပ်နေတာ တွေ့ရပါတယ်။ တိုင်း ဒေသကြီးနှင့် ပြည်နယ်အဆင့်မှာ ဌာနဆိုင်ရာတွေ ပူးပေါင်း ဖို့ဟာလည်း အလွန်ကျေနပ်ဖွယ်ရာကောင်းတာကို တွေ့ရ ပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရကလည်း ဦးဆောင်ပြီးလုပ်တဲ့အတွက် ကျွန်တော်ကျေနပ်ပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်မှာ ဝန်ကြီးဌာနက လုပ်လို့ မရပါဘူး။ ပြည်နယ်အစိုးရက ဦးဆောင်မယ်ဆိုရင် ဒါအားလုံး ကိစ္စပြီးပါတယ်။ ဒီတိုင်းဒေသကြီးနှင့် ပြည်နယ်မှာ လုပ်တာ လည်း အဓိကကတော့ ပြည်သူများကို ကျန်းမာရေးအသိ ပညာ(Health Literacy Level)ကို တက်အောင်လုပ်ခြင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မြန်လေးပဲ တစ်ခု တင်ပြချင်ပါတယ်။ ကယားပြည်နယ် နမူနာတစ်ခုပါ။ ၂၆ ရက်နေ့ကစပြီးတော့ ကျန်းမာရေးဝန်ထမ်းတွေကို လိုက်နာမယ့်လမ်းညွှန်ချက်(SOP)တွေကို ဆေးရုံကြီးတွေ၊ မြို့နယ်တွေကို အကုန်ပို့လိုက်ပြီ။ နောက်ပြီးတော့ လူနာ တွေ့ရင် ဘာလုပ်မယ်ဆိုတာ လမ်းညွှန်ချက်တွေ အကုန် ပေးပြီးပြီ။ လွိုင်ကော်ဆေးရုံမှာဆိုရင် သံသယလူနာကို ထားဖို့ အခန်းတွေ လုပ်ပြီးပြီ။ ၂၇ ရက်နေ့မှာဆိုရင် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီးတော့ ဘာတွေလုပ်ရမလဲ။ အဲဒါအကုန်လုပ်ပြီးပါပြီ။ ၂၈ ရက်နေ့ မှာကျတော့ အကုန်ခေါ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရော၊ ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနရော၊ ဆေးရုံရော၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရော၊ မီဒီယာရော၊ လေဆိပ်ရော အကုန်အသိပေးတာ လုပ်ပါတယ်။ ၂၉ ရက်နေ့ကျတဲ့ အခါကျတော့ ပိုစတာဗီနိုင်းတွေကို ကျေးလက် ကျန်းမာရေးအဆင့်ထိ အားလုံးဖြန့်ဝေပြီးပါပြီ။ နောက် တစ်ခါ ၃၀ ရက်နေ့ကျတော့ ဟိုတယ်၊ တည်းခိုခန်းတွေ မှာလည်း ပိုစတာတွေ အကုန်ကပ်ခြင်း ဒါတွေကို အကုန်လုပ်ထားပါတယ်။ ဒါကိုနမူနာအဖြစ် ပြောတာပါ။ ၃၁ ရက်နေ့မှာကျတော့ ရောဂါကို Active Surveillance ထောက်လှမ်းခြင်းကိစ္စတွေကိုလည်း အကုန်ဝိုင်းပြီး လုပ်နေတာတွေ့ရတယ်။
အခြေအနေကောင်းမယ်လို့ထင်
ဖေဖော်ဝါရီလ ၂ ရက်နေ့ကျတဲ့အခါကျတော့ တစ်ခါ ကော်မတီအစည်းအဝေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရပါဝင်ပါတယ်။ ဌာနဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်မှာ အကုန်ပါဝင်တယ်။ ကြက်ခြေနီပါဝင်တယ်။ အကုန်လုံး MMCWA တွေ၊ လူမှုရေး၊ NGO အကုန်ပါဝင်ပြီး လုပ်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ တိုင်းဒေသကြီး နှင့် ပြည်နယ်မှာလုပ်တာကို ဒီမှာ မှတ်တမ်းလည်း တင်ချင်ပါတယ်။ ကျေလည်းကျေနပ်ပါတယ်။ ဒီအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးက ဆက်လုပ်မယ် ဆိုလို့ရှိရင်တော့ ကျွန်တော်တို့က အခြေအနေကောင်း မယ်လို့ ထင်ပါတယ်။ အဲဒါလေးကတော့ အကျဉ်းချုပ် ကျွန်တော် ပြောခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်က ဒီနေရာမှာ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးတဲ့ အကြောင်းက ကျွန်တော်ထင်တာ သိပ်ပြီးတော့ အားမရ လို့မေးတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ မေးတဲ့ မေးခွန်းကတော့ အချိန်နည်းနည်းကြာပြီ ဖြစ်တဲ့အခါ ကျတော့ အခုအချိန်မှာတော့ လွှတ်တော်ကိုယ်စား လှယ်တွေ ကျေနပ်မယ်လို့ ထင်ပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနတော့ အထူးလုပ်ပေးနေပါတယ်။ အဲဒီတော့ ပြန်ကြားရေးဝန်ကြီးဌာနအပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ နေပြည်တော် ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တော်တော်ကို သေသေချာချာ လုပ်နေတာတွေ့ရတဲ့ အတွက် ကျွန်တော်လည်း ဒီဟာကို မှတ်တမ်းလည်း တင်ချင်ပါတယ်။ ကျွန်တော်တို့ ဂုဏ်လည်းယူပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အားလုံးပေါင်းစပ်ပြီး လုပ်နေ တယ်ဆိုတာကို ကျွန်တော်တွေ့ရတယ်။ ဒါအကုန် စည်းလုံးညီညွတ်ခြင်းကိုလည်း တစ်နည်းအားဖြင့် ပြနေတာဖြစ်ပါတယ်။
အထူးအရေးကြီး
Power Point လေး နည်းနည်း အဲဒီမှာ ပြပေးပါ။ TV Spot တွေ လုပ်တယ်။ ဒီမှာ အများကြီးပါပဲ။ Breaking News ငါးကြိမ်၊ စနစ်တကျ လက်ဆေးဖို့ အတွက်က ၂၁ ကြိမ် အစရှိသဖြင့် သတင်းစာထဲမှာပါတဲ့ အကြိမ်တွေ တော်တော်များပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနကို ကျေးဇူးလည်း တင်ပါတယ်။ ဒါအလွန် အရေးကြီးပါတယ်။ တိုင်းရင်းသားဘာသာတွေမှာ အားလုံး ၈၈ ကြိမ်ရှိပါပြီ။ ဘာသာအနေနဲ့ ၁၁ ဘာသာ နဲ့ပြတာ အထူးအရေးကြီးပါတယ်။ ကျွန်တော်တို့က ဒီတိုင်းရင်းသားကိစ္စကို ပစ်လည်းမထားဘူး။ အရေးကြီး တဲ့ ဝင်ပေါက်၊ ထွက်ပေါက်တွေက တိုင်းရင်းသားတွေ နဲ့ နီးတဲ့နေရာဖြစ်တဲ့အတွက် ဒါဟာ အထူးအရေးကြီး ပါတယ်။ ဒါကိုလည်း ၈၈ ကြိမ်တင်မကဘူး။ အကြိမ်ရေ ၃၆၀ လောက်အထိ ပြနိုင်ရင်တော့ ပိုကောင်းမှာပါ ခင်ဗျား။ အခု Power Point မှာ ပြနေတာ ဘာလဲဆိုတော့ ကျွန်တော်တို့မှာ ဒီနေရာကို ကွန်ပျူတာနဲ့ လက်နဲ့ ထောက်လိုက်လို့ရှိရင် ဘယ်မြို့နယ်မှာ သံသယက ဘယ်နှယောက်ရှိသလဲ အဲဒါတွေက ထိပ်မှာပါပါတယ်။ Interactive ပေါ့။ ထောက်လိုက်တာနဲ့ ဘယ်မြို့နယ် ထောက်လိုက်ရင် အဲဒီမြို့နယ်မှာရှိလား၊ မရှိလား အကုန်ပေါ်ပါတယ်။ ဒါကို ကျွန်တော်တို့ ဝန်ကြီးဌာန Website မှာတင်ထားပါတယ်။ တော်တော်များပါတယ်။ TV Spot ဆိုလို့ရှိရင် ဇန်နဝါရီလ ၂၅ ရက်ကနေပြီးတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ ၁၇၈ ကြိမ်၊ သတင်းထုတ် လွှင့်မှုဟာဆိုလို့ရှိရင် ဇန်နဝါရီလ ၂၄ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ အထိ ၁၅၉ ကြိမ်၊ Breaking News က ငါးကြိမ် တော်တော်များပါတယ်။ ဒါအရေးကြီး ဆုံးပါပဲ။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက် ဟာ
ဒီရောဂါထိန်းချုပ်မှုမှာ အဓိကကဏ္ဍမှာပါဝင်တယ် ဆိုတာကို ကျွန်တော်တင်ပြချင်ပါတယ်။
ထို့အပြင် ပြည်သူများအနေနဲ့သော် လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေနဲ့သော် လည်း ကောင်း၊ အခြားဝန်ကြီးဌာနအနေနဲ့သော် လည်းကောင်း ကျွန်တော်တို့ ဘာတွေလုပ်နေတယ်ဆိုတာကို အတိအကျ သိဖို့က ကျွန်တော်တို့ဝက်ဘ်ဆိုက်မှာ နေ့စဉ်နေ့တိုင်း လုပ်နေတဲ့အစည်းအဝေးရဲ့မှတ်တမ်းတွေ အကုန်ရှိပါ တယ်။ ကျွန်တော်ဘာတွေပြောလဲ။ ဘာတွေ လုပ်ရမလဲ။ ဘာတွေ ညွှန်ကြားချက်တွေရှိလဲဆိုတာ (၁/၂၀၂၀)က နေပြီးတော့ ဒီနေ့အထိဆိုရင် (၁၅/၂၀၂၀)ထိ လုပ်ပါတယ်။ အဲဒီထဲမှာ ထူးခြားတာကတော့ (၁၀/၂၀၂၀) ဖေဖော်ဝါရီလ ၆ ရက်နေ့ကတော့ အဲဒီအစည်းအဝေးမှာ ပြည်သူများသို့ အသိပေးတင်ပြချက်ဆိုတာကို အဲဒီနေ့ကလည်း ကျွန်တော် ပြည်သူများကို သိစေချင်တဲ့အချက်တွေကို အသေးစိတ်ပြောပြီးပါပြီ။ အဲဒါကိုလည်း ကျွန်တော့်အနေနဲ့ ပြည်သူများကိုလည်း ဒါကိုဖတ်စေချင်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ကြီးများကိုလည်း ဖတ်ကြည့်ပြီးတော့ ကျွန်တော်တို့ကိုလည်း လိုအပ်တဲ့အကြံဉာဏ်များရှိရင် ထပ်ပြီးတော့ ပေးပါ။ ကျွန်တော်တို့ သေချာစွာ ဒါကိုလုပ်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တစ်ခုတင်ပြချင်တာက တော့ ကျွန်တော်တို့မှာရှိတဲ့ ဆေးရုံတွေကို လိုအပ်တာ တွေ အကုန်ဆက်ပြီး ပံ့ပိုးပါတယ်။ အသက်ရှူစက်တွေ၊ Personal Protective Equipment တွေ၊ N95 Mask တွေ အများကြီးပါပဲ။ Antibiotic တွေကအစ အဲဒီမှာ အကုန်ပါ တာပါ။ Surgical Mask၊ Hand sanitizer အကုန်လုံးပါ။ အဲဒါတွေ ကျွန်တော် အကုန်ပေးထားတယ်။ နောက် Pulse oxymeter၊ Defibrillator၊ ECG monitor ၊ Nebulizer၊ Syrings pump၊ Infusion Pump ဒါတွေကတော့ ကျွန်တော် ICU ပေါ့။ Intensive Care Unit မှာလိုတဲ့ ပစ္စည်းတွေအကုန်လုံး ကျွန်တော်တို့ ပံ့ပိုးပါတယ်။
ရောဂါရှိသူ မတွေ့
ဆက်လက်ပြီးတော့မှ ပံ့ပိုးပေးပါမယ်။ ဒီနေရာမှာ ကျွန်တော်တို့တင်ပြချင်တာကတော့ နိုင်ငံတော်အစိုးရ ကလည်း ကျွန်တော်တို့ဝန်ကြီးဌာနကို သိန်း ၃၀၀၀ အရေးပေါ်ရန်ပုံငွေလျာထားပါတယ်။ အဲဒီထဲကလည်း ကျွန်တော်တို့ ပံ့ပိုးမှာဖြစ်ပါတယ်။ ထို့အပြင် ပြည်သူများက လည်း လှူပါတယ်။ ဒီ Ventilator ဆို တော်တော်ဈေးကြီး ပါတယ်။ သိန်း ၄၀၀ ပါ။ အဲဒါတွေလည်း လှူတဲ့သူတွေ ရှိတယ်။ အများကြီးလှူတဲ့သူတွေရှိတယ်။ ပြည်သူလူထု ကိုလည်း ကျွန်တော့်အနေနဲ့ အများကြီးကျေးဇူးတင်ပါ တယ်။ ပြည်သူလူထုအားလုံး ပါဝင်တာကိုလည်း တွေ့ရပါ တယ်။ အဲဒီတော့ ကျွန်တော့်အနေနဲ့ကတော့ ဒီနေရာမှာ နိဂုံးချုပ်အနေနဲ့ တင်ပြချင်တာကတော့ ဒီအခြေအနေဟာ ကျွန်တော်တို့နိုင်ငံမှာ လောလောဆယ် ရောဂါရှိသူ မတွေ့ သော်လည်း စိုးရိမ်ရတယ်။ အချိန်မရွေးဗြုန်းခနဲ အများကြီး ပေါ်လာနိုင်ပါတယ်။ ဒါကို ကျွန်တော်တို့ သိနေရမယ်။ သူ့ရဲ့ Incubation Period တွေက ၁၄ ရက်လောက်ဖြစ်တယ်။ ဘယ်သူ ဘာပေါ်လာမလဲဆိုတာကို ဒေါက်ထောက်ပြီး ကျွန်တော်တို့ ကြည့်နေရပါတယ်။ ကျေနပ်နေလို့ မရပါဘူး။ ကျွန်တော်တို့ သေချာလုပ်နေပါတယ်။ နောက်တစ်ချက်က လေဆိပ်မှာဝင်လာတဲ့သူဆိုတာ နည်းနည်းလေးပါ။ ကျွန်တော် တို့ဟာ Visa on Arrival ကို ပိတ်ထားတဲ့အတွက် ပြည်တွင်း အဝင်ဦးရေကျဆင်းလာတာဟာ အခုဆိုရင် ရာကျော် လောက်ပဲရှိတယ်။ ၂၀၀ ကျော်၊ ၁၀၀ ကျော် အဲဒီလောက်ပဲ လေဆိပ်က ဝင်ပါတော့တယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ပါ။ သို့သော်လည်း ကျွန်တော်တို့ စိုးရိမ်နေ တာက ဘာလဲဆိုတော့ ကုန်းလမ်းမှာ အရင်ဆိုရင် တရားဝင် ပေါက်က ၂၇ ပေါက် ရှိပါတယ်။ အဲဒီဝင်ပေါက်တွေကနေ သိန်းနဲ့ချီပြီးဝင်ပါတယ်။ ခုနောက်ပိုင်းမှာတော့ သောင်းနဲ့ပဲ ချီပြီး ဝင်တော့တယ်။ ဒါကိုကျွန်တော်တို့ ထိန်းချုပ်ရမယ်။ ထိန်းချုပ်တယ်ဆိုတာ နယ်စပ်မှာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက လုပ်လို့မရပါဘူး။ နယ်စပ်မှာတာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့အစည်းတွေက အကုန်လုံး ပေါင်းစပ်လုပ်ရမယ်။ ဒါကိုကျွန်တော်တို့ မလျှော့ပါဘူး။ နယ်စပ်ကို အားဖြည့်နေပါတယ်။ Thermal Scanner တွေ ကအစ အကုန်ပို့နေပါတယ်။
စုပေါင်းတိုင်ပင်ဆွေးနွေးခြင်းများ ဆောင်ရွက်
နောက်တစ်ချက်ကတော့ ဒီနေရာမှာ အကြောက်ရဆုံး ကတော့ လွှတ်တော်ကိုယ်စားလှယ်များအားလုံး သိတဲ့ အတိုင်း Human to Human Transmission ဖြစ်နေပါတယ်။ လူတစ်ဦးကနေတစ်ဦး ကူးစက်နိုင်တာဖြစ်နေတဲ့အတွက် ကျွန်တော် အလွန်စိုးရိမ်ရတဲ့အခြေအနေရှိပါတယ်။ နောက် တစ်ချက်က ပြည်သူလူထုကို ဒီနေရာမှာ ထပ်ပြီးတော့ နိဂုံး မှာလည်း ပြောချင်တာကတော့ Quarantine လုပ်ခြင်းကို မကြောက်ပါနဲ့။ Quarantine Isolation ဆိုတာ သူ့အတွက် ရောဂါဖြစ်လာရင် ချက်ချင်းကုသတော့ ရောဂါကောင်းသွား နိုင်ပါတယ်။ အကယ်၍ Quarantine အလုပ်မခံဘဲနဲ့ ဟိုလျှောက်ပြေး၊ ဒီလျှောက်ပြေးနေလို့ရှိရင်၊ ရှောင်နေလို့ ရှိရင် သူကနေတစ်ဆင့် သူ့ရဲ့မိသားစုတွေ၊ ဆွေမျိုးအသိုင်း အဝိုင်းတွေကို ကူးသွားမယ်ဆိုရင် ကျွန်တော်တို့က ထိန်းမနိုင်သိမ်းမရတဲ့အခြေအနေ ဖြစ်နိုင်ပါတယ်။ ပြည်သူ လူထုသာလျှင် အဓိကပါ။ အဲဒါလေးကို ကျွန်တော်တင်ပြ ချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနကိုလည်း အထူးမေတ္တာရပ်ခံ တယ်။ တော်တော်လည်း ကျွန်တော်တို့ လိုက်လျောညီထွေ ရှိပါတယ်။ ဒီဝန်ကြီးတွေနဲ့ ကျွန်တော်ကိုယ်တိုင် ဖုန်းဆက် ပါတယ်။ ဝန်ကြီးသုံးဦး၊ လေးဦးနဲ့ ကျွန်တော်ကိုယ်တိုင် ဆွေးနွေးခဲ့ပြီးတော့ ကျွန်တော်တို့ကို သေသေချာချာ အကူအညီပေးနေတာဖြစ်ပါတယ်။ ထပ်ပြီးတော့ နောက်ဆုံး ပြောရမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ ဒီဟာကို ဆက်လက်ပြီးထိန်းချုပ်ဖို့ကတော့ ကျွန်တော်တင်ပြတဲ့ ရှုထောင့်မျိုးစုံကလုပ်တဲ့အပြင် ကျွန်တော်တို့သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)တို့ အခြားနိုင်ငံမှာရှိတဲ့ Institution တွေ၊ ADB၊ World Bank ကအစ အားလုံးနဲ့ နှီးနွှယ်ပြီးတော့ သေသေချာချာရှုထောင့်မျိုးစုံက သုံးသပ် ပြီးတော့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး စုပေါင်းတိုင်ပင်ဆွေးနွေးပြီးတော့ ဆုံးဖြတ် ခြင်းများကို အမိနိုင်ငံအတွက် ဆောင်ရွက်လျက်ရှိပါ ကြောင်း လေးစားစွာ လွှတ်တော်ဥက္ကဋ္ဌကြီးအား တင်ပြ အပ်ပါတယ်ခင်ဗျား။ ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျား။
ဥက္ကဋ္ဌ။ ။ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီးက အသေးစိတ်ဖြေကြား ရှင်းလင်း ပြတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ဒီမေးခွန်းနဲ့ဖြေကြားခြင်းဟာ နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေမယ့် မေးခွန်းနဲ့ဖြေကြားချက်များ ဖြစ်တဲ့အတွက် နိုင်ငံတော်ပြန်တမ်းနှင့် နိုင်ငံပိုင်သတင်းစာ ထဲမှာ ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၅၀ အရ ဖော်ပြသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြအပ်ပါတယ်။