
၁၃၈၂ ခုနှစ် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)၌
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်
==============================================================
ရန်ကုန် အောက်တိုဘာ ၃၁
မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားများ ကိုဗစ်-၁၉ ကပ်ရောဂါဘေး ကင်းဝေးပြီး ကိုယ်ကျန်းမာစိတ်ချမ်းသာရေး ရည်မြော်တွေးလျက် ၁၃၈၂ ခုနှစ် သီတင်းကျွတ်လပြည့် ယနေ့ နံနက် ၇ နာရီ မိနစ် ၂၀ တွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်၏ ဘူမိနက်သန်အောင်မြေအမှန်ဖြစ်သည့် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် သာသနာ့သမိုင်းဝင် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြု သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး ၁၅ ပါးတို့သည် အန္တရာယ်ကင်းပရိတ်တရားတော်များ၊ အနန္တရာယိက အန္တရာယ်ကင်း ကမ္မဝါစာ များ ရွတ်ဖတ်ပူဇော်တော်မူကြသည်။
မြတ်စွာဘုရားရှင်အား ဦးထိပ်ထား၍ သာသနာ့ ဦးသျှောင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော် ကြီးများက မေတ္တာ၊ ကရုဏာ ရှေ့သွားပြုပြီး အားကောင်း သော အရံအတား ပရိတ်တော်များဖြစ်သည့် ရတနသုတ်၊ မေတ္တသုတ်၊ ခန္ဓသုတ်၊ ဝဋ္ဋသုတ်၊ အာဋာနာဋိယသုတ်၊ ဗောဇ္ဈင်္ဂသုတ်၊ ပုဗ္ဗဏှသုတ်ပရိတ်တော်နှင့် အနန္တရာယိက အန္တရာယ်ကင်း ကမ္မဝါစာများကို ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူသည်။
ရွတ်ဖတ်ပူဇော်
သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးတွင် ၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက် (၁၇-၉-၂၀၂၀)ရက်နှင့် တော်သလင်းလပြည့် (၁-၁၀-၂၀၂၀)ရက်တို့၌လည်း သီရိမင်္ဂလာကမ္ဘာအေးကုန်း မြေ မဟာနာယကကျောင်းဆောင်တွင် ဝါဆိုဝါကပ် သီတင်း သုံးတော်မူကြသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဆရာတော်ကြီး ၁၅ ပါးတို့က အန္တရာယ်ကင်း ပရိတ်တရားတော်များ၊ အနန္တရာယိက အန္တရာယ်ကင်း ကမ္မဝါစာများ ရွတ်ဖတ်ပူဇော်တော်မူခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်