
(၁၃)ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံဖိုရမ်အတွက်
နိုင်ငံအဆင့်သုံးပွင့်ဆိုင် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
==================================================================================
နေပြည်တော် အောက်တိုဘာ ၆
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည် ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (International Labour Organization-ILO) တို့ပူးပေါင်း၍ (၁၃) ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံ ဖိုရမ်အတွက် နိုင်ငံအဆင့် သုံးပွင့်ဆိုင် အကြိုလုပ်ငန်း ညှိနှိုင်းအစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် Virtual Meeting ဖြင့် ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးမှ သံအမတ်ကြီး Ms. Andrea Faulkner၊ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးမှ ပူးပေါင်းဆောင်ရွက်ရေးအကြီးအကဲ Ms. Eileen Stewart နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO- Yangon) မှ Liaison Officer Mr. Donglin Li ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ UN၊ INGO၊ NGO မှ ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်ရှင်အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံအဆင့်အကြိုလုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယခင်ပြုလုပ်ခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံဖိုရမ် များ၏ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု ဖြစ်ပေါ်တိုးတက်မှုများကိုလေ့လာရန်၊ (၁၃) ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံဖိုရမ်၏ ခေါင်းစဉ်ဖြစ်သည့် ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း ရွှေ့ပြောင်းအလုပ်သမားများကို ပံ့ပိုးကူညီပေးရန် အတူတကွပေါင်းစည်း၍ တုံ့ပြန်ဆောင်ရွက်နိုင်သော အာဆီယံအသိုက်အဝန်းနှင့်စပ်လျဉ်းပြီး ဆွေးနွေးရန်၊ (၁၃) ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာအာဆီယံဖိုရမ်သို့ တက်ရောက် မည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ထည့်သွင်းဆွေးနွေးနိုင်မည့် နိုင်ငံအဆင့် အကြံပြုချက်များ မူကြမ်းရေးဆွဲနိုင်ရန်နှင့် အတည်ပြုချမှတ်နိုင်ရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်ပါကြောင်း။
ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ စိန်ခေါ်မှုများရင်ဆိုင်နေရပြီးကမ္ဘာ့လူနေမှုဘဝပုံစံ ပြောင်းလဲလာကြောင်း၊ နိုင်ငံတော်တော်များများတွင် လူဝင်မှုကြီးကြပ်ရေးနှင့်စပ်လျဉ်းပြီး ပုံစံအမျိုးမျိုးဖြင့် ဗီဇာသက်တမ်းတိုးပေးခဲ့ သည့်အတွက် လုပ်သားအချို့အဆင်ပြေနိုင်သော်လည်း အများစုသည် အလုပ် အကိုင်စာချုပ်သက်တမ်းကုန်ဆုံးခြင်း၊ လုပ်သားအင်အားလျှော့ချခြင်း၊ စက်ရုံ/အလုပ်ရုံ ပိတ်သိမ်းခြင်း၊ အလုပ်အကိုင်ဆုံးရှုံးရခြင်းတို့ကို ကြုံတွေ့နေရကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ပြည်ပတွင်ရောက်ရှိနေသည့် ရွှေ့ပြောင်းအလုပ်သမားများသည် အခက်အခဲအမျိုးမျိုးကြောင့် နေရပ်ပြန်လိုမှု၊ တရားမဝင်နေထိုင် လုပ်ကိုင်နေသူများ နေရပ်ပြန်လိုမှု၊ နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေမှုတို့နှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနမှ ခန့်အပ်တာဝန်ပေးထားသည့် အလုပ်သမားသံအရာရှိများက သက်ဆိုင်ရာ မြန်မာသံရုံးနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နေထိုင်ခွင့်နှင့်စပ်လျဉ်းသည့်အချက်များ၊ နေရပ် ပြန်ရာတွင်ဆောင်ရွက်ရမည့်အချက်များ၊ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ် ရေး သက်ဆိုင်ရာနိုင်ငံကချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လူမှု ကွန်ရက်မှတစ်ဆင့် အလုပ်သမားများသိရှိနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် သတင်း ဖြန့်ဝေပေးလျက်ရှိကြောင်း။
ညှိနှိုင်းဆောင်ရွက်မှုပြုလုပ်ရန်လို
အကျပ်အတည်းကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားအများစုက လူမှု ကာကွယ်စောင့်ရှောက်မှု မရရှိသည့်အတွက် ရေရှည်တွင် ရွှေ့ပြောင်းအလုပ်သမား များအတွက် အာမခံမှုရှိသည့် လွှဲပြောင်းရယူနိုင်သည့် လူမှုကာကွယ်စောင့်ရှောက် မှုဖြစ်စေရေးနှင့်ပတ်သက်၍ မူရင်းနိုင်ငံနှင့် လက်ခံနိုင်ငံများအကြား ညှိနှိုင်း ဆောင်ရွက်မှုများကို အမြန်ဆုံးပြုလုပ်သွားရန်လိုအပ်ကြောင်း။
ကိုဗစ်-၁၉ ၏ သက်ရောက်မှုသည် ကမ္ဘာတစ်ဝန်း အလုပ်သမားစျေးကွက် အပါအဝင် ကဏ္ဍပေါင်းစုံအပေါ်သက်ရောက်မှုရှိခြင်းကြောင့် ရွှေ့ပြောင်းလုပ် သားများကို မူရင်းနိုင်ငံသို့ပြန်ရန် တွန်းအားဖြစ်စေပြီး မူရင်းနိုင်ငံသို့ပြန်သည့်အခါတွင် တားမြစ်ကန့်သတ်ချက်များစွာရှိနေကြောင်း၊ ယခုကာလတွင် တရားဝင် လမ်းကြောင်းများ ပိတ်ဆို့ထားသည့်အတွက် အစိုးရအချင်းချင်းသာမက အရပ်ဘက် အဖွဲ့အစည်း၊ ပုဂ္ဂလိကအခန်းကဏ္ဍများနှင့် ချိတ်ဆက်ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ အချို့ နေရပ်ပြန် လုပ်သားများသည် ပြည်တွင်း၌ ဆက်လက်နေထိုင် လုပ်ကိုင်မည်ဖြစ်၍ နေရပ်ပြန်လုပ်သားများ မူရင်းနိုင်ငံ၏ အလုပ်သမားစျေးကွက် များတွင် ပြန်လည်ပေါင်းစည်းနိုင်ရေး လိုအပ်ချက်များကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလုပ်အကိုင်ရှာဖွေရန်၊ အလုပ်ရှင်များ၊ ကုမ္ပဏီ များ၊ အဖွဲ့အစည်းများမှလက်ခံရန် အလုပ်သမားများ၏ ကျွမ်းကျင်မှု အသိအမှတ် ပြုရေးသည် အရေးကြီးပါကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် လုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးရာတွင် ၎င်းတို့၏ Soft skills အတွက်ပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ကျွမ်းကျင်မှုသင်ကြားရာတွင် သမား ရိုးကျမဟုတ်သော နည်းလမ်းများကို အသုံးပြုသင်ကြားပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးမှ သံအမတ်ကြီး Ms. Andrea Faulkner ၊ မြန်မာနိုင်ငံဆိုင်ရာကနေဒါသံရုံးမှ ပူးပေါင်းဆောင်ရွက်ရေး အကြီးအကဲ Ms. Eileen Stewart နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ အဖွဲ့ (ILO- Yangon) မှ Liaison Officer Mr. Donglin Li တို့က အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့်ကိုယ်စားလှယ်များက အစည်းအဝေးနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်ခြင်း၊ ဆွေးနွေးခြင်း၊ အကြံပြုချက်များရယူခြင်းများ ပြုလုပ်ခဲ့ပြီး ယခုအစည်းအဝေးမှရရှိလာသည့် ရလဒ်များကို ဗီယက်နမ်နိုင်ငံက ဦးဆောင်ပြုလုပ်မည့် (၁၃)ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အာဆီယံဖိုရမ်တွင် ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်