(၁၈)ကြိမ်မြောက် UPDJC အစည်းအဝေးတွင် UPDJC ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း (၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၂ ရက်နေ့၊ နေပြည်တော်)

ဒီကနေ့ UPDJC အစည်းအဝေးကို တက်ရောက်လာကြ တဲ့    အစိုးရ၊   လွှတ်တော်၊  တပ်မတော်အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနဲ့ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များအားလုံးပဲ ကိုယ်စိတ်နှလုံး အေးချမ်း ကြပါစေကြောင်း ဆုမွန်ကောင်းပို့သအပ်ပါတယ်။ ကျွန်မ တို့ရဲ့ UPDJC လုပ်ဖော်ကိုင်ဖက်တွေ မဆုံရ၊ မတွေ့ရ တာလည်း အတော်ကြာခဲ့ပါပြီ။ ပြီးခဲ့တဲ့  ၂၀၁၈ ခုနှစ်၊ ဇူလိုင်လအတွင်းမှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-(၂၁)ရာစု ပင်လုံ  တတိယအစည်းအဝေး ကာလအတွင်းက (၁၇)ကြိမ်မြောက် UPDJC အစည်း အဝေး ပြီးသွားတဲ့နောက်ပိုင်း ကျွန်မတို့ UPDJC အစည်း အဝေးတွေ မခေါ်နိုင်ခဲ့တာ အခုဆိုရင် အချိန်ကာလအား ဖြင့် (၂)နှစ်နီးပါးအထိ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကနေ့ တရားဝင်အစည်းအဝေး ပြန်လည်စတင်နိုင်ပြီး UPDJC အဖွဲ့ဝင်တွေအားလုံးနဲ့ ပြန်လည်တွေ့ဆုံရတဲ့အတွက် လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။
အားလုံးသိထားကြပြီး  ဖြစ်တဲ့အတိုင်း (၂၁)ရာစု ပင်လုံညီလာခံ   ပြီးသွားတဲ့နောက်မှာ   ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့စပ်လျဉ်းပြီး   ကျွန်မတို့   အစုအဖွဲ့တွေ အသီးသီးက ပြန်လည်သုံးသပ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီလို သုံးသပ်တဲ့အခါမှာ ပတ်သက်သူအားလုံးရဲ့ အနှစ်နှစ် အလလ စိုးရိမ်ပူပန်မှုတွေ၊ အနှစ်နှစ်အလလ မျှော်မှန်း ချက်တွေကို ခြုံငုံမိအောင် ဘက်စုံထောင့်စုံကနေ ဆင်ခြင် သုံးသပ်ပြီး ပိုမိုကောင်းမွန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့    ဒီ(၂)နှစ်တာကာလ အတွင်းမှာ ကြိုးပမ်းခဲ့ကြရတာ ဖြစ်ပါတယ်။ အလွတ် သဘော တွေ့ဆုံမှုတွေ၊ တရားဝင်အစည်းအဝေးတွေ အကြိမ်ပေါင်းများစွာ  တစ်ဖက်နဲ့တစ်ဖက်   ပွင့်ပွင့် လင်းလင်း  ရင်းရင်းနှီးနှီး   ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ကြတဲ့ အတွက် ဒီကနေ့ UPDJC အစည်းအဝေး စားပွဲဝိုင်းဆီကို ပြန်လည် ဦးတည်လာနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက်ရာမှာ  အနိမ့်အမြင့်၊ အတက် အကျ   အခြေအနေအမျိုးမျိုးကြားမှာ  ပန်းတိုင်ကို မပျောက်ပျက်စေဘဲ စေတနာထားပြီး ပါဝင်ကြိုးပမ်းပေး ခဲ့ကြတဲ့   စေ့စပ်ညှိနှိုင်း  ဆွေးနွေးခဲ့ကြသူအားလုံး၊ အထူးသဖြင့် PPST ယာယီအဖွဲ့ခေါင်းဆောင်နဲ့ PPST အဖွဲ့ဝင်တွေအားလုံးကို   ကျွန်မအနေနဲ့ ကျေးဇူးအထူး တင်ရှိကြောင်း ပြောလိုပါတယ်။ 
UPDJC ၏ အခန်းကဏ္ဍ
၁၉၄၇ ခုနှစ် ပင်လုံညီလာခံနောက်ပိုင်း ကျွန်မတို့ နိုင်ငံရဲ့ သမိုင်းကြောင်းတစ်လျှောက် ပထမဆုံးသမိုင်းဝင် ပေါ်ပေါက်လာခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဦးဆောင် ကြီးကြပ်လမ်းညွှန်မှုပေးရတဲ့ ကျွန်မတို့ရဲ့ UPDJC ဟာ သမိုင်းရဲ့လိုအပ်ချက်အရ ပေါ်ပေါက်လာခဲ့တဲ့ နိုင်ငံရေး စားပွဲဝိုင်းဖြစ်တာနဲ့အညီ တာဝန်လည်း ကြီးမားလှပါ တယ်။  ကာလရှည်ကြာရပ်နားခဲ့ရတဲ့ UPDJC အစည်း အဝေး   ပြန်လည်စတင်နိုင်ခြင်းဟာ  ဘယ်လောက်ပဲ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ကြုံတွေ့နေပါစေ ကျွန်မ တို့ အချင်းချင်း  စိတ်ရှည်သည်းခံပြီး အကျေအလည် ညှိနှိုင်းနိုင်မယ်ဆိုရင်    အောင်မြင်နိုင်တယ်ဆိုတာကို သက်သေပြနေတာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီက နေ့ အစည်းအဝေးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးကြီးတဲ့ အစည်းအဝေးတစ်ရပ်ပဲ ဖြစ်ပါတယ်။
ဒီကနေ့  UPDJC  အစည်းအဝေးကနေ   လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အထိ ခိုင်မာပြီး နိုင်ငံရေးအနှစ်သာရ ပြည့်ဝတဲ့ ရလဒ် ကောင်းတွေ  ထွက်ပေါ်လာအောင် ကျွန်မတို့အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ (၈)ကြိမ်မြောက်   JICM  အစည်းအဝေးမှာ တစ်နိုင်ငံလုံး  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်း စဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှု၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူသဘောတူညီချက်တွေကို စုစည်းပြီး   ပြည်ထောင်စုသဘောတူစာချုပ်၊  အစိတ် အပိုင်း(၃)အဖြစ် ချုပ်ဆိုဖို့ ဆုံးဖြတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီအချက်တွေဟာ ကျွန်မတို့    အစိုးရအတွက်သာမက     တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအတွက်လည်း အရေးကြီးလှတဲ့ လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။ ကျွန်မတို့ UPDJC အဖွဲ့ဝင်အားလုံးအနေနဲ့  JICM က   ဆုံးဖြတ်ထားတဲ့ ပြည်ထောင်စုသဘောတူစာချုပ်   အစိတ်အပိုင်း(၃)ကို အောင်အောင်မြင်မြင်ချုပ်ဆိုနိုင်ဖို့  ကြိုးပမ်းဆောင်ရွက် သွားကြရမှာပါ။ ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ၂၀၂၀ အလွန်      ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ဖို့ ကျွန်မ တို့အားလုံး ဆက်လက်ကြိုးပမ်းကြရဦးမှာ ဖြစ်ပါတယ်။
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ပြင်ဆင်ရေး
ဒီကနေ့ UPDJC အစည်းအဝေးမှာ နိုင်ငံရေးဆွေးနွေး မှုဆိုင်ရာ မူဘောင် (Framework For Political Dialogue) ကို ပြင်ဆင်ကြမှာဖြစ်ပြီး ဆက်စပ်နေတဲ့ ToR တွေ၊ SOP တွေကိုလည်း တစ်ပေါင်းတည်း ပြင်ဆင်သွားဖို့ ရှိပါတယ်။ မူဘောင်ပြင်ဆင်မှုကို   အခြေခံပြီး    အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေလည်း ဆက်လက်လုပ်ဆောင်သွား ဖို့   ရှိနေတာဖြစ်တာကြောင့်   နိုင်ငံရေးဆွေးနွေးပွဲတွေ ကတော့ ဆက်တိုက်ဖြစ်ပေါ်လာတော့မှာ ဖြစ်ပါတယ်။
ဒီမှာ ကျွန်မ ထပ်ပြီးပြောချင်တာက အများသိပြီးဖြစ်တဲ့ WHO ကနေပြီး COVID-19  နဲ့ပတ်သက်လို့  Pandemic ဆိုပြီး ကြေညာလိုက်ပါပြီ။ အဲ့ဒီတော့ ဒီနိုင်ငံရေးဆွေးနွေး ပွဲတွေနဲ့ ဆက်စပ်ပြီးပြောရမယ်ဆိုရင် လူစုလူဝေးလုပ်တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ အစိုးရကနေပြီး စည်းမျဉ်း စည်းကမ်းတွေ သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒီနေ့ နေ့လယ်မှာ အစည်းအဝေးရှိပါတယ်။   ဒါကြောင့်  ဒါ အခုကတည်းက ပြောထားတာပါ။ ဒီမူဘောင်ဟာဆိုရင် လည်း ပြုလွယ်ပြောင်းလွယ် လုပ်ထားခဲ့တာ ဖြစ်တဲ့အတွက် ပိုမိုပြီး ကောင်းမွန်အောင် အကြိမ်ကြိမ်ပြင်ဆင်ခဲ့ရတာပါ။ လာမယ့်ညီလာခံပြီးရင်လည်း လက်တွေ့ကျပြီး ထိရောက်မှု ရှိမယ့် နိုင်ငံရေးမူဘောင်တစ်ရပ် ဖြစ်လာဖို့အတွက် ကျွန်မ တို့အားလုံး  ဆက်လက်ညှိနှိုင်းတိုင်ပင် ဆွေးနွေးသွားကြ ရဦးမှာ ဖြစ်ပါတယ်။ 
ကမ္ဘာတစ်ဝန်းက ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို လေ့လာ ကြည့်ရင် နောက်ခံအခြေအနေ ကွာခြားချက်အရ စိန်ခေါ်မှု တွေ၊ အခက်အခဲတွေဟာလည်း တစ်မျိုးတစ်ဘာသာစီ တွေ့ရှိနိုင်ပါတယ်။ စိန်ခေါ်မှုတွေ ကွဲပြားခြားနားနေပေမယ့် တူညီတဲ့အချက်က ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ဖို့ဆိုရင် ပါဝင်သူ အစုအဖွဲ့အားလုံးရဲ့ သဘောထားကြီးမှု၊ စိတ်ရှည် သည်းခံမှု၊ တီထွင်ဖန်တီးနိုင်မှု၊ ပြဿနာများ ကိုင်တွယ် ဖြေရှင်းနိုင်မှုနဲ့ နိုင်ငံရေးစိတ်ရင်း စေတနာတွေက အဓိက ကျတယ်ဆိုတာကို     တညီတညွတ်တည်း   တွေ့ရှိရပါ တယ်။    ငြိမ်းချမ်းရေးဖြစ်စဉ်ကို   ပျက်ပြားစေချင်ရင်၊ နှောင့်နှေးစေချင်ရင် ပါဝင်တဲ့အထဲက အစုအဖွဲ့တစ်ဖွဲ့က ဖန်တီးဖျက်ဆီးနိုင်ပေမယ့် ဒီဖြစ်စဉ် အောင်မြင်ဖို့ဆိုရင်တော့ ပါဝင်သူ  အစုအဖွဲ့အားလုံးက ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ အစုအဖွဲ့ တစ်ဖွဲ့အနေနဲ့ ကိုယ့်ရဲ့ လိုလားချက်တွေကို ရာနှုန်းပြည့်ရရှိနိုင်မှာ မဟုတ် ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။ ရာနှုန်းပြည့် တစ်ရာ ရာခိုင်နှုန်း လိုချင်တာရမှ ပူးပေါင်းပါဝင်ဆောင်ရွက်မယ် ဆိုတဲ့ ခံယူချက်မျိုးနဲ့ စေ့စပ်ညှိနှိုင်းလို့ ရရှိနိုင်မှာ မဟုတ် ပါဘူး။ အပေးအယူ၊ အလျှော့အတင်း လုပ်ရဲမှသာ နိုင်ငံရေး စားပွဲဝိုင်းထဲဝင်ဖို့ သင့်လျော်မှာဖြစ်သလို နိုင်ငံရေးစားပွဲဝိုင်း ထဲ ဝင်ထိုင်ပြီးမှတော့ အပေးအယူ၊ အလျှော့အတင်းလုပ်နိုင် အောင်  ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။   ကျွန်မတို့ရဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ အောင်မြင်ဖို့အတွက် ကျွန်မတို့ UPDJC အနေနဲ့ မျှတတဲ့ အပေးအယူ၊ အလျှော့အတင်းကို အခြေခံ ပြီး စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ဖို့ အထူးပဲ အရေး ကြီးလှပါတယ်။ ဒါ့ကြောင့် အပြုသဘောဆောင်တဲ့ ပူးပေါင်း ဆောင်ရွက်မှု၊  ပင်လုံစိတ်ဓာတ်ကိုအခြေခံတဲ့  ပူးပေါင်း ဆောင်ရွက်မှုနဲ့   ကျွန်မတို့အားလုံး   ရှေ့ဆက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ စိန်ခေါ်မှုများ
ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တစ်ပြိုင်နက် တည်း လမ်းကြောင်း(၃) ကြောင်း သွားနေတာဖြစ်ပါတယ်။ ပထမလမ်းကြောင်းက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာ စေရေး ဖြစ်ပါတယ်။   နှစ်ဖက်တပ်တွေနဲ့   JMC က ဆောင်ရွက်နေတဲ့လမ်းကြောင်း   ဖြစ်ပါတယ်။  ဒုတိယ လမ်းကြောင်းကတော့ နိုင်ငံရေးဆွေးနွေးမှု ဖြစ်ပါတယ်။  ဒါကို ကျွန်မတို့ရဲ့ UPDJC က တာဝန်ယူကြိုးပမ်းနေတာ ဖြစ်ပါတယ်။ တတိယလမ်းကြောင်းကတော့ ငြိမ်းချမ်းရေး အသီးအပွင့် ဖွံ့ဖြိုးရှင်သန်ရေးပဲ ဖြစ်ပါတယ်။ ဒါကိုတော့ ကျွန်မတို့ရဲ့ NRPC ၊ PC ၊ ပြည်နယ်အစိုးရတွေနဲ့ သက်ဆိုင် ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်း ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ရဲ့ သဘောသဘာဝကိုက အရာရာ ချောမွေ့ဖြောင့်ဖြူးနေ တာမျိုး မဟုတ်ပါဘူး။  အခက်အခဲတွေ၊   စိန်ခေါ်မှုတွေ ဆက်တိုက်တွေ့ကြုံရင်ဆိုင်နေရမှာပါပဲ။ လက်နက်ကိုင် တပ်ဖွဲ့တွေ   အချင်းချင်းအကြား   ဆွေးနွေးညှိနှိုင်းရတာ ဖြစ်တဲ့အတွက် အဆင်မသင့်ရင် သေနတ်သံတွေ ပြန်ပြီး ထွက်ပေါ်လာတတ်တာ ဓမ္မတာပါပဲ။ ဒါပေမယ့် ကျွန်မတို့ အားလုံးရဲ့ ဦးတည်ချက်၊ ပန်းတိုင်ပျောက်ပျက်မသွားအောင် သတိချပ်ကြဖို့ ကျွန်မအနေနဲ့ သတိပေးလိုပါတယ်။ UPDJC ရပ်နားထားရတဲ့  (၂)နှစ်နီးပါးကာလအတွင်းမှာ  အဆင် မသင့်တဲ့ ထိတွေ့မှုတွေ၊  ပစ်ခတ်မှုတွေ၊  မိုင်းခွဲတာတွေ အနည်းငယ် ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီလိုမျိုး အခန့်မသင့်၊ အဆင်မသင့်လို့ ဖြစ်ပွားလာခဲ့ တာတွေကိုလည်း   နှစ်ဦးနှစ်ဖက်  စားပွဲဝိုင်းမှာ တွေ့ဆုံ ညှိနှိုင်းပြီး ပြဿနာတွေကို အဖြေရှာကြဖို့ လိုပါတယ်။ NCA ကို စတင်လက်မှတ်ရေးထိုးကတည်းက စစ်ရေးနည်းအစား နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာကြမယ်ဆိုပြီး ကတိကဝတ် ပြုထားကြသူတွေလည်း ဖြစ်ပါတယ်။ အပစ်ရပ်ခိုင်မာရေး မှာ အခက်အခဲတွေရှိနေရင်တောင်မှ နိုင်ငံရေးဆွေးနွေးပွဲ တွေကို မထိခိုက်စေဖို့ NCA မှာ တရားဝင်ဖော်ပြထားပြီး ဖြစ်တာလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။ ပြဿနာတချို့ ပေါ်ပေါက်လာတာနဲ့ အရင်ကလိုပဲ သေနတ်တွေပြန်ကိုင်၊ ပြန်ပြီး   ပစ်ခတ်ကြတယ်ဆိုတဲ့   ရှေးရိုးနည်းလမ်းကိုပဲ ပြန်သွားနေကြမယ်ဆိုရင် အရင်တုန်းက (၂၀) ရာစုခေတ်မှာ ပဲ အတွေးအခေါ်တွေ ကျန်နေသေးတယ်လို့ ဆိုရပါလိမ့်မယ်။ ပြဿနာတွေကတော့ ဖြစ်နေမှာပဲ။ ဒီလိုမျိုးပြဿနာတွေ ဖြစ်လာရင် အမြန်ဆုံးတွေ့ကြပါ၊ ဆွေးနွေးကြပါ၊ အဖြေ ရှာကြပါ။ စားပွဲဝိုင်းမှာ ရန်ဖြစ်တာက စစ်မြေပြင်မှာ ပစ်ခတ်မှုတွေထက်   အများကြီး   အကျိုးရှိပါတယ်။ တစ်ဆက်တည်းမှာပဲ    ဒီလိုမပြေလည်မှုအချို့   ရှိနေပေ မယ့်လည်း  ပြည်ထောင်စုတစ်ခုလုံးရဲ့ အနာဂတ်ကို မျက်မှောက်ပြုပြီး ဒီကနေ့ UPDJC အထိ ရောက်လာ အောင်  ကြိုးပမ်းပေးခဲ့ကြတဲ့ သက်ဆိုင်သူအားလုံးကို အသိအမှတ်ပြုပါကြောင်း    ဒီကနေ့   ပြောကြားလို ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ စိန်ခေါ်မှုတွေ၊ အခက် အခဲတွေကတော့  အမျိုးမျိုးအဖုံဖုံ   ရှိနေကြပါတယ်။ တချို့အခက်အခဲတွေက ဟိုးအရင်ကတည်းက ရှိနေခဲ့ တာတွေဖြစ်သလို တချို့ စိန်ခေါ်မှုတွေကလည်း ဒီကနေ့ ခေတ်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။   ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ရာမှာ လည်း  ရှိနေတဲ့ပြဿနာတွေ အကုန်လုံးကို တစ်ချိန် တည်း တစ်ပြိုင်တည်း ဖြေရှင်းနိုင်တာတော့ မဟုတ်ပါ ဘူး။ ကျွန်မတို့အကြားမှာ ဘုံတူညီတဲ့ သဘောထားတွေ က  ဘာတွေလဲဆိုတာကို   ဦးစားပေးရှာဖွေပြီးတော့  ဘုံသဘောထားတူညီမှုတွေကို သဘောတူညီချက်တွေ ဖြစ်လာအောင်  နည်းလမ်းရှာပြီး ကြိုးပမ်းကြဖို့ပါပဲ။ သဘောထားကွဲလွဲနေတဲ့ အချက်တွေကို ဘယ်လိုဖြေရှင်း ရင်    ပြေလည်နိုင်မလဲဆိုတာ   ပြဿနာဖြေရှင်းရေး ချဉ်းကပ်မှုနဲ့     ဆွေးနွေးညှိနှိုင်းနိုင်ကြဖို့   လိုပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာ   စကားရည်လုပွဲ မဟုတ်ပါဘူး။ အားလုံးလက်ခံနိုင်မယ့်  ဖြေရှင်းချက်ကို ဘယ်လိုရှာကြမလဲ ဆိုတာပါပဲ။
တူညီတဲ့သဘောထားတွေကို သဘောတူညီချက် တွေအဖြစ်   ပြောင်းလဲနိုင်ရင်  ကျွန်မတို့အချင်းချင်း အကြားမှာ ယုံကြည်မှုတွေ ပိုမိုပြီး မြင့်တက်လာမှာပါ။ ယုံကြည်မှုတွေ   ပိုမိုပြီးမြင့်တက်လာရင်  မပြေလည် သေးတဲ့  သဘောထားကွဲလွဲမှုတွေကို ပြေလည်အောင် ညှိနှိုင်းနိုင်မယ့် အလားအလာတွေ ပိုမိုပြီး အားကောင်း လာမှာပါ။ ဒီကနေ့ဆိုရင်ပဲ ကျွန်မတို့ အားလုံးကြားမှာ ဒီနိုင်ငံ၊    ဒီပြည်ထောင်စုကို  ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်မှ နိုင်ငံရေးပြဿနာတွေ ပြေလည်မယ်ဆိုပြီး အားလုံးက  တညီတညွတ်တည်း လက်ခံထားကြပြီး  ဖြစ်ပါတယ်။  ကျွန်မတို့လိုချင်တဲ့ ပြည်ထောင်စုမှာ   ဘယ်လို  ဖက်ဒရယ်မျိုး၊  ဘယ်လို ဒီမိုကရေစီမျိုးဆိုတာကိုတော့ ကျွန်မတို့ အချင်းချင်း အကြား ဆက်ပြီးတော့ ညှိနှိုင်းကြရဦးမှာပါ။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို  တည်ဆောက်တဲ့အခါမှာ လည်း တစ်ဆင့်ပြီး တစ်ဆင့် တည်ဆောက်သွားကြမလား၊ တစ်ခါတည်း တစ်စုတည်း တည်ဆောက်မလားဆိုတာ ကိုလည်း   အသေးစိတ်   ဆက်ပြီးညှိနှိုင်းသွားရမှာပဲ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ကျွန်မတို့ နိုင်ငံရဲ့ ပြန်လည်သင့်မြတ် ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖက်ဒရယ် တည်ဆောက် ရေးဆိုင်ရာ အဓိက ရှုမြင်ချက်(၃)ချက်ကို အလေးအနက် ထားကြဖို့ တိုက်တွန်းလိုပါတယ်။   ပထမဆုံးအချက် ကတော့  ငြိမ်းချမ်းရေးကို ကျန်တဲ့အခြေအနေတွေနဲ့ ဆက်စပ်သုံးသပ်ပြီး      စဉ်းစားကြစေလိုပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာဆက်ဆံရေး၊  (၂၁)ရာစု နည်းပညာ ခုန်ပျံ ကျော်လွှားနေတဲ့ အခြေအနေ၊ ရာသီဥတုပြောင်းလဲမှု အန္တရာယ်တွေ၊   အခုနောက်ဆုံး   ကြုံတွေ့နေရတဲ့ နိုင်ငံဖြတ်ကျော် ကမ္ဘာလုံးဆိုင်ရာ ရောဂါဘေးတွေအထိ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အပြန်အလှန်သက်ရောက်မှု တွေ ချိတ်ဆက်နေတယ်ဆိုတာကို သိမြင်ကြဖို့ပဲ ဖြစ်ပါ တယ်။ ဒါရမှ ဒါဖြစ်မယ်ဆိုတဲ့ ကြိုတင်သတ်မှတ်ချက် တွေရှိတဲ့  စဉ်းစားချက်မျိုးထက်  အခြေအနေပေါင်းစုံ ဆက်စပ်ပြီး  အပြန်အလှန်သက်ရောက်မှု၊  မှီခိုမှုတွေ ရှိနေတယ်ဆိုတဲ့ စဉ်းစားချက်မျိုးရှိမယ်ဆိုရင် ကျွန်မတို့ အကြားက ညှိနှိုင်းဆွေးနွေးမှုတွေ၊ အခြားအခြေအနေ တွေနဲ့ အချိန်ကိုက်ပြီး အဖြေထွက်အောင် လုပ်ဆောင် နိုင်စွမ်းတွေကို အထောက်အကူ ဖြစ်စေနိုင်ပါလိမ့်မယ်။
ဒုတိယအချက်အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ နိုင်ငံ ရေးဖြစ်စဉ်နဲ့ ခွဲခြားမရတာမှန်ပေမယ့် ဘယ်လိုနိုင်ငံရေး ဖြစ်စဉ်မျိုးနဲ့    ချိတ်ဆက်ထားစေချင်သလဲဆိုတာကို နိုင်ငံရေးခေါင်းဆောင်တွေက ရွေးချယ်ဆုံးဖြတ်နိုင်တာ ဖြစ်ပါတယ်။   မိမိရဲ့အခွင့်အာဏာသက်တမ်း၊   ရာထူး သက်တမ်းစတဲ့ အချိန်ကာလ သတ်မှတ်ချက်နဲ့ နှိုင်းယှဉ် စဉ်းစားတဲ့ နိုင်ငံရေးမျိုး၊ တစ်စုတစ်ဖွဲ့၊ လူမျိုးတစ်စုတည်း ကိုပဲ ကွက်ကွက်ကလေးကြည့်ပြီး ကျဉ်းမြောင်းတဲ့ အကျိုး မျှော်နိုင်ငံရေးမျိုးတွေနဲ့  ချိတ်ဆက်ထားတာမျိုးမဟုတ်ဘဲ   နိုင်ငံရေးအချိန်သတ်မှတ်ချက်ကို အနာဂတ်မျိုးဆက်တွေ ရဲ့ ကောင်းကျိုးချမ်းသာရရှိနိုင်မှုနဲ့     ချိတ်ဆက်စဉ်းစားတဲ့ နိုင်ငံရေးမျိုး၊   ပြည်ထောင်စုကျေးဇူးတရားနဲ့   ဆက်စပ် စဉ်းစားတဲ့    နိုင်ငံရေးမျိုးနဲ့ပဲ   ကျွန်မတို့ရဲ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ချိတ်ဆက်ပြီး စဉ်းစားကြစေလိုပါတယ်။ ဒါ့ကြောင့် လည်း ကျွန်မတို့အစိုးရအနေနဲ့ ၂၀၂၀ အလွန်မှာ ငြိမ်းချမ်း ရေးဖြစ်စဉ်ဆက်ရှိနေဖို့၊     ပြည်ထောင်စုသားအားလုံး ညီညွတ်ရေးအတွက် ဆက်ပြီး ဆတက်ထမ်းပိုး လုပ်ဆောင် နေဖို့ သန္နိဋ္ဌာန်ချမှတ်ထားပြီးသား ဖြစ်ပါတယ်။
တန်းတူရည်တူ သဘောထား
တတိယအချက်အနေနဲ့    ငြိမ်းချမ်းရေးလုပ်တယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို   ကတိကဝတ်ပြုကြတယ် ဆိုတာ  ပြည်ထောင်စုအတွင်း၊  ပြည်နယ်တွေအတွင်း မှီတင်းနေထိုင်ကြသူအားလုံးကို ခွဲခြားခြင်းမရှိဘဲ တန်းတူ ရည်တူသဘောထားပြီး           အားလုံးနဲ့သက်ဆိုင်တဲ့ ပြည်ထောင်စုအကျိုးအတွက် ဆန္ဒအင်အား၊ စိတ်ဓာတ် အင်အား၊ ဝီရိယအင်အား၊ ပညာအင်အား ဆိုတဲ့ အဓိပတိ တရားတွေကို စုစည်းပေးကြဖို့ဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံ မှာတော့ ဒါကိုပဲ ပြည်ထောင်စုတည်ဆောက်ရေး Nation Building ဆိုပြီး ခေါ်တွင်နေကြတာဖြစ်ပါတယ်။ စုစည်းမှု ဆိုတဲ့  ဘုံခွန်အားမရှိဘူးဆိုရင် ဒီကနေ့  ကျွန်မတို့နိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားရာမှာ အခက် အခဲများစွာ တွေ့ကြုံရမှာပဲဖြစ်ပါတယ်။ ဒီကနေ့ (၂၁)ရာစု ကမ္ဘာကြီးမှာ အကျပ်အတည်းတွေ တွေ့ကြုံလာရပြီဆိုရင် ခြိမ်းခြောက်နိုင်စွမ်းကြီးမားသလို၊ နေ့ရွှေ့ညရွှေ့ ရှောင်လွှဲ နေလို့မရအောင်  အမြန်ဆုံးတုံ့ပြန်ဖြေရှင်းရမယ့် အခြေ အနေမျိုးတွေဖြစ်လာနေပါတယ်။  ကိုင်တွယ်ဖြေရှင်းမှု အကြောင်းတရားတွေ  မညီညွတ်ရင်  ထွက်ပေါ်လာမယ့် ရလဒ်ကလည်း မသေချာ၊ မရေရာမှုတွေ များလာနိုင်တာ ဖြစ်တဲ့အတွက် ကျွန်မတို့  ပြည်ထောင်စုသားတွေအားလုံး အချင်းချင်း အပြန်အလှန် ယုံကြည်ရိုင်းပင်းပြီး ဘုံခွန်အား တွေ စုစည်းနိုင်အောင် ကြိုးစားနိုင်မှသာ ဖြစ်ပေါ်လာသမျှ သော စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံနိုင်မယ်၊ အောင်မြင်နိုင်မယ် လို့ ပြောကြားလိုပါတယ်။
ဒါ့ကြောင့်    ကျွန်မတို့အနေနဲ့   ကျွန်မတို့ရဲ့  မိဘ၊ ဘိုးဘွားတွေ ပြည်ထောင်စုတည်ဆောက်ဖို့ သန္နိဋ္ဌာန်ပြု ခဲ့ကြတဲ့ ပင်လုံစိတ်ဓာတ်ကို နှလုံးသွင်းပြီး မပြီးဆုံးသေးတဲ့ ငြိမ်းချမ်းရေးခရီး၊ ပြည်ထောင်စုတည်ဆောက်ရေးခရီးကို ဆက်လက် လျှောက်လှမ်းကြပါစို့လို့ တိုက်တွန်းပြောကြား ရင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။