၁၉၂၀ ပြည့် ပထမကျောင်းသားသပိတ်ခေါင်းဆောင် (၁၁) ဦးမှ ထားဝယ်သားခေါင်းဆောင် တစ်ဦး၏သမိုင်း

Type
၁

ဆောင်းပါး

======

 

နှစ် (၁၀၀) ပြည့် အမျိုးသားအောင်ပွဲနေ့ အကြိုဂုဏ်ပြုဆောင်းပါး

====================================

 

၁၉၂၀ ပြည့် ပထမကျောင်းသားသပိတ်ခေါင်းဆောင် (၁၁) ဦးမှ

ထားဝယ်သားခေါင်းဆောင် တစ်ဦး၏သမိုင်း

=====================================================================

 

ဒေါက်တာနေသွယ်ကြည်( ဒုတိယပါမောက္ခချုပ်၊ ဒဂုံတက္ကသိုလ်)

 

မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် (ခရစ်နှစ် ၁၉၂၀ ပြည့်နှစ်) ရန်ကုန်တက္ကသိုလ်ဥပဒေကို ကောလိပ် ကျောင်းသားကြီးများ သပိတ်မှောက်ခဲ့သည်မှစ၍ မြန်မာ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာခဲ့သည်မှာ မကြာမီ တွင် နှစ်(၁၀၀)ပြည့်တော့မည်ဖြစ်ပါသည်။ ထိုအခါက ကောလိပ်ကျောင်းသားကြီးတို့သည် မြန်မာပြည်နိုင်ငံရေး တွင် ကိုယ်ထိလက်ရောက် ဝင်ရောက်ဆောင်ရွက်ခြင်း များ မပြုခဲ့သော်လည်း မြန်မာပြည်နှင့် မြန်မာလူမျိုးတို့၏ ကိစ္စဟူသရွေ့ကို စိတ်ဝင်စားစွာ လေ့လာခဲ့ကြ၏။ သို့နှင့် ရန်ကုန်တက္ကသိုလ် ဥပဒေကို အတည်ပြုလိုက်သောအခါ ထိုဥပဒေသည် မြန်မာလူမျိုးများ အထက်တန်းပညာ တတ်မြောက်ရေးကို များစွာချုပ်ချယ်ထားကြောင်းနှင့် ထိုဥပဒေကို တိုင်းပြည်က ကန့်ကွက်ခဲ့ခြင်းတို့ကို သိနှင့်ပြီးဖြစ်ရကား တိုင်းပြည်က ကန့်ကွက်၍မရ ခဲ့သော ထိုရန်ကုန်တက္ကသိုလ်ဥပဒေကို တစ်နည်းနည်းဖြင့် တိုက်ဖျက်ရန် အောက်ပါ ရန်ကုန်ကောလိပ် ကျောင်းသားကြီး ၁၁ ဦးတို့သည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂ ရက်နေ့ ၌ ရွှေတိဂုံဘုရား ကုန်းတော်ပေါ်သို့ သွားရောက်ပြီး ဆွေးနွေးတိုင်ပင်ခဲ့ကြ၏။

ကျောင်းသားကြီး ၁၁ ဦးမှာ-

(၁) ကိုဘခင်

(၂) ကိုဖိုးကွန်း

(၃) ကိုဘဦး

(၄) ကိုအောင်ဒင်

(၅) ကိုထွန်းဝင်း

(၆) ကိုဖေသိန်း

(၇) ကိုဘရှင်(သံတွဲ)

(၈) ကိုဘရှင် (ထားဝယ်)

(၉) ကေညီပိတ် (ကိုညီပိတ်)

(၁၀) ကိုလှတင်

(၁၁) ကိုဧ တို့ဖြစ်သည်။

 

ရွှေတိဂုံစေတီတော်ပေါ်တွင် သစ္စာဆိုလက်မှတ် ရေးထိုးကြသော သပိတ်မှောက် ကျောင်းသားကြီး ၁၁ ဦး တွင် တစ်ဦးအပါအဝင်ဖြစ်သော အိုင်အေအထက်တန်းမှ ကိုထွန်းဝင်းသည် ထားဝယ်သားဖြစ်ပါသည်။ ကိုဘရှင် (ထားဝယ်)နှင့်အတူ သပိတ်မှောက်ရာတွင် ပါဝင် ခေါင်းဆောင်ခဲ့သည့်သူတစ်ဦး ဖြစ်ပါသည်။ ၁၁ ဦးတွင် အမည်တူ နှစ်ဦးပါသည့်အတွက် ကိုဘရှင်(ထားဝယ်) နှင့် ကိုဘရှင်(သံတွဲ)ဟု ခွဲခြားရေးသားထားခြင်းဖြစ်ပြီး ကျန်ရှိသောသူများမှာ အမည်တူမရှိ၍ မြို့အမည် ရေးသားဖော်ပြထားခြင်း မရှိပါ။ ထိုအချက်ကြောင့် ကိုထွန်းဝင်းသည် ထားဝယ်သားဖြစ်ကြောင်းကို မကြာခဏဖြေရှင်းရ၍ အမှတ်တမဲ့မှ အမှတ်တရ ဖြစ်စေရန် ဤဆောင်းပါးကို ဦးထွန်းဝင်း၏ မျိုးဆက် မြေးဖြစ်သူအနေဖြင့်လည်းကောင်း၊ ထားဝယ်သူတစ်ဦး အနေဖြင့်လည်းကောင်း သမိုင်းဖြစ်ရပ်မှန်ကို ခိုင်လုံသော သမိုင်းကြောင်းအထာက်အထားများဖြင့် ရေးသားတင်ပြ ၍ ဂုဏ်ပြုခြင်းဖြစ်ပါသည်။

 

သပိတ်မှောက်ကောင်စီတွင် ပါဝင်တာဝန်ယူ

 

ဦးထွန်းဝင်းကို အဖဦးမဲ၊ အမိဒေါ်လေးဆွေတို့က ၁၈၉၅ ခုနှစ်တွင် တလိုင်းမစုရပ် ထားဝယ်မြို့တွင် ဖွားမြင် ခဲ့ပြီး တစ်ဦးတည်းသောသား ဖြစ်ပါသည်။ ဦးထွန်းဝင်း သည် ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်သူတစ်ဦး ဖြစ်ပြီး ထားဝယ်မြို့တွင် ငယ်စဉ်က ပညာသင်ယူခဲ့ပါသည်။ ၁၀ တန်း အောင်မြင်ပြီးနောက် ရန်ကုန်ကောလိပ်တွင် တက္ကသိုလ်ပညာများကို ဆက်လက်သင်ကြားနေရာ အိုင်အေအထက်တန်းသို့ ရောက်ရှိခဲ့ပါသည်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို သပိတ်မှောက်ရန် ယုဒသန်ကောလိပ်မှ ကောလိပ် ကျောင်းသားများနှင့်ပူးပေါင်း၍ ရွှေတိဂုံစေတီတော်ပေါ်တွင် သပိတ်မှောက် ကျောင်းသားကြီး ၁၁ ဦးတို့ သစ္စာဆို လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် ဒီဇင်ဘာလ ၄ ရက် (စနေနေ့)တွင် ဦးအရိယကျောင်း၌ ကောလိပ်ကျောင်း နှစ် ကျောင်းမှ ကျောင်းသားပေါင်းစုံ အစည်းအဝေးကျင်းပ၍ ကျောင်းသားကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့ဝင် ၂၆ ဦးပါဝင်သော တက္ကသိုလ် သပိတ်မှောက်ကောင်စီကို ဖွဲ့စည်းသောအခါ ဦးထွန်းဝင်းသည် တက္ကသိုလ် သပိတ်မှောက်ကောင်စီတွင် ပါဝင်တာဝန်ယူခဲ့ပါသည်။ ထို ၂၆ ဦးကော်မတီသည် နောက်တစ်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့ အစည်းအဝေးကျင်းပ၍ ဒီဇင်ဘာလ ၇ ရက်နေ့တွင် စတင်သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သော်လည်း ထိုနေ့အထိ စောင့်ဆိုင်းရန် မဖြစ်နိုင်သောအကြောင်းကိစ္စ ပေါ်ပေါက်လာသဖြင့် ဒီဇင်ဘာလ ၅ ရက်နေ့တွင်ပင် ရန်ကုန်ရှိ ကောလိပ်ကျောင်းနှစ်ကျောင်းက သပိတ်မှောက် လိုက်ကြသည်။

ထိုသတင်းမှာ တစ်နိုင်ငံလုံးသို့ နေ့ချင်းညချင်း ပျံ့သွားရာ အမြို့မြို့ရှိ အထက်တန်းကျောင်းများကလည်း ထောက်ခံသပိတ်မှောက်ကြလေသည်။

ရန်ကုန်တက္ကသိုလ် သပိတ်မှောက်အမှုဆောင် ၁၁ ဦး ခေါင်းဆောင်အဖွဲ့တွင် ထားဝယ်မှ ကိုဘရှင်(ကညုံရပ်)နှင့် ကိုထွန်းဝင်း (တလိုင်းမစုရပ်)တို့ ပါဝင်ခဲ့ကြရာ ယင်းတို့မှ ထားဝယ်သို့ ပြန်လာပြီး ထားဝယ်ကျောင်းသားသပိတ်ကို ဦးဆောင် ခဲ့လေသည်။ ထားဝယ်မြို့သူ မြို့သားများအတွက် ဂုဏ်ယူ ရသည်မှာ ထိုသပိတ်မှောက် ကျောင်းသားခေါင်းဆောင် ၁၁ ဦး တွင် ထားဝယ်သားနှစ်ဦး ပါဝင်ခြင်းပင် ဖြစ်တော့သည်။

 

အမျိုးသားကျောင်းဆရာဖြစ်လာ

 

ထားဝယ်ကျောင်းသားသပိတ်စခန်းအဖြစ် ထားဝယ် မြို့ ကညုံရပ်ရှိ မြေတိုက်ဘုန်းတော်ကြီးကျောင်းတွင် ထားရှိပြီး ကျောင်းပြန်မတက်ဘဲ သပိတ်တိုက်ပွဲ ဆက်လက် ဆင်နွှဲခဲ့ကြသည်။ ရန်ကုန်သပိတ်မှောက်ကျောင်းသားများကလည်း ကျောင်းသားတိုင်း တောင်းဆိုချက်များကို လိုက်လျောသည်ဖြစ်စေ၊ မလိုက်လျောသည်ဖြစ်စေ ကာလ ကတ္တားတက္ကသိုလ် လက်အောက်ခံ ကောလိပ်ကျောင်း များသို့ ဘယ်တော့မှပြန်မတက်ဟု ၁၉၂၁ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ဆုံးဖြတ်ချက်ချပြီး ကြေညာလိုက်သည်။ ထားဝယ် သပိတ်မှောက်ကျောင်းသားများသည် ရေရှည် တွင် ကျောင်းသားများစာသင်မပျက်စေရန် အမျိုးသား ကျောင်းကို သပိတ်စခန်း၌ စဖွင့်ခဲ့ပြီးနောက်မှ အခြားနေရာ များသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ ကောလိပ်သပိတ်ကြီး ပြီးဆုံးသွားသော်လည်း ကိုဘရှင်နှင့် ကိုထွန်းဝင်းတို့သည် ကောလိပ်သို့ဆက်မတက်တော့ဘဲ ကိုဘရှင်သည် ထားဝယ် အမျိုးသားကျောင်းအုပ်ကြီးဖြစ်လာပြီး ကိုထွန်းဝင်းသည် အမျိုးသားကျောင်းဆရာ ဖြစ်လာသည်။ ထိုအချိန်က ကျောင်း၏ တိုးတက်ကြီးပွားရာ ကြီးပွားကြောင်းအတွက် ကိုဘရှင်နှင့်အတူ သပိတ်မှောက်ခေါင်းဆောင် ကျောင်းသားကြီးဖြစ်သည့် ကိုထွန်းဝင်း၊ ထားဝယ်မြို့မှ အစိုးရရှေ့နေ ဝတ်လုံတော်ရ ဦးလောက်(ခေါ်) မစ္စတာ အယ်လ်စီခူး၊ အမျိုးသားကျောင်းဆရာများ ဖြစ်သော ဦးမောင်ကြီး၊ ဦးအေးဖေ၊ ဦးကြည်ဝှက်၊ ဦးဖိုးအေး (ဗဟိုစည်) တို့က အားကြိုးမာန်တက် ကူညီကြသည်။

 

ဦးထွန်းဝင်းသည် ထိုအချိန်က ကောလိပ် ကျောင်းသားတစ်ဦးဖြစ်သည့်အတွက် ဗြိတိသျှကိုလိုနီ အစိုးရ အုပ်ချုပ်ရေးယန္တရားတွင် ရာထူးကြီးများ ရနိုင်ပါလျက် ကိုယ်ကျိုးစီးပွားကို စွန့်လွှတ်ကာ ၁၉၂၀ ပြည့်နှစ် ပထမကောလိပ် သပိတ်ခေါင်းဆောင် ၁၁ ဦးတွင် ပါဝင်ခဲ့ပြီး မျိုးချစ်စိတ်ကြောင့် ပညာဆုံးခန်း မတိုင်ရဘဲ ကိုယ်ကျိုးစွန့်နိုင်ခဲ့သူတစ်ဦး ဖြစ်သည်။ အမျိုးသား အရေးဆိုလျှင် နောက်မတွန့်တတ်သော၊ ရှေ့တန်းက ပါဝင်တတ်သော ထားဝယ်သားခေါင်းဆောင် တစ်ဦး လည်းဖြစ်သည်။ ဦးထွန်းဝင်းသည် ဒေါ်ငွေညွန့်နှင့် လက်ဆက်၍ တစ်ဦးတည်းသောသား ဦးသိန်းကြည်ကို မွေးဖွားခဲ့သည်။ ဦးသိန်းကြည် အသက် ၁၀ နှစ်သားတွင် ဦးထွန်းဝင်းမှာ ထားဝယ်မြို့၌ ကွယ်လွန်ခဲ့သဖြင့် ဦးသိန်းကြည်မှာ ဆယ်တန်းအောင်မြင်ချိန်တွင် တက္ကသိုလ် ဆက်မတက်နိုင်ဘဲ BCS ဝင်ရောက် ဖြေဆို အောင်မြင်၍ နယ်မြေလုံခြုံရေးလုံးဝမရှိသော ကြာအင်း ဆိပ်ကြီးမြို့ပိုင်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ကော့ကရိတ်၊ ဘားအံ၊ မောင်တော၊ ခန္တီး စသည့် ဝေးလံခေါင်ဖျားဒေသများ၌ တာဝန်ထမ်းဆောင် ပြီးနောက် တနင်္သာရီတိုင်း အထွေထွေအုပ်ချုပ်ရေး တိုင်းဦးစီးမှူး (တိုင်းမင်းကြီး)ရာထူးဖြင့် ထားဝယ်မြို့သို့ ပြန်ရောက်ခဲ့ပြီး တနင်္သာရီတိုင်း ပြည်သူ့ကောင်စီဥက္ကဋ္ဌ အဖြစ် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ ဦးသိန်းကြည်သည် ဒေါ်သန်းညွန့်နှင့် လက်ထပ်ပြီး ဒေါ်သက်မာကြည် (တနင်္သာရီတိုင်း ဒေသကောလိပ် အိမ်တွင်းမှုလုပ်ငန်း အတတ်ပညာဌာနမှူး-ငြိမ်း)၊ (ဗိုလ်မှူး ဇင်မော်ကြည် ဒုအထွေထွေမန်နေဂျာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန-ငြိမ်း)နှင့် စာရေးသူ ဒေါက်တာနေသွယ်ကြည် (ဒုတိယပါမောက္ခချုပ် ဒဂုံ တက္ကသိုလ်) တို့ကို မွေးဖွားခဲ့သည်။

 

 

၁၉၇၀ ပြည့်နှစ် အမျိုးသားနေ့ ရွှေရတုသဘင်ကျင်းပသည့် အချိန်တွင် ဦးသိန်းကြည်သည် ခန္တီးမြို့တွင် အရေးပိုင် အဖြစ် တာဝန်ထမ်းဆောင်နေရာ ဝေးလံခေါင်ဖျားသော ဒေသဖြစ်၍ ဦးထွန်းဝင်း၏ မျိုးဆက်သားတစ်ဦးအနေဖြင့် ရွှေရတုသဘင်သို့ မတက်ရောက်နိုင်ခဲ့ပါ။ ၁၉၇၀ ပြည့်နှစ်ထုတ်‌ အမျိုးသားနေ့ ရွှေရတုသဘင်အထိမ်းအမှတ်စာစောင် တွင် ဦးဘဦးကိုယ်တိုင်ရေးသားခဲ့သော“ကျွန်ုပ်ကိုယ်တိုင် ခေါင်းဆောင်ခဲ့သော ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်” ဆောင်းပါးတွင် ပါဝင်သောဦးဘဦး၏ လက်ရေးမူ၌ လည်းကောင်း၊ ၁၅-၁၁-၁၉၇၀ တွင် အိုးဝေဂျာနယ်၌ ဆရာဟိန်ရေးသားခဲ့သော“သပိတ်ခေါင်းဆောင်တို့၏ သစ္စာအဓိဋ္ဌာန်”ဆောင်းပါး၌လည်းကောင်း ဦးထွန်းဝင်း (ကွယ်လွန်) ဟုဖော်ပြထားရှိပြီးဖြစ်သည်။

 

မျိုးချစ်သူရဲကောင်းပုံပြင်များ

 

ဖေဖေဦးသိန်းကြည် ပြောပြခဲ့သည့် ဘိုးဘိုး ဦးထွန်းဝင်း၏ အကြောင်းများမှာ စာရေးသူတို့ မောင်နှမ များအတွက် မရိုးနိုင်သော ဂုဏ်ယူစရာ မျိုးချစ် သူရဲကောင်းပုံပြင်များ ဖြစ်ခဲ့သည်။ စာရေးသူတို့ ငယ်စဉ် ကပင် အမျိုးသားအောင်ပွဲနေ့သို့ ရောက်ရှိတိုင်း ရန်ကုန်၌ ရှိနေခဲ့လျှင် ရွှေတိဂုံစေတီရင်ပြင် စနေထောင့်ရှိ အထိမ်း အမှတ်ကျောက်တိုင်နှင့် ဦးအရိယကျောင်းတိုက်သို့ မိသားစုသွားရောက် ဦးညွှတ်ခဲ့ကြသည်။ ထို့အပြင် အမျိုးသားအောင်ပွဲနေ့ရောက်တိုင်း နံနက်ပိုင်းတွင် ဆွမ်းကပ်၍ ညနေတွင် ဂုဏ်ပြုညစာစားပွဲ ကျင်းပခြင်းကို ဖေဖေဦးသိန်းကြည် တာဝန်ကျရာဒေသများတွင် အမြဲပြုလုပ်ခဲ့ပါသည်။

 

ထားဝယ်သားဖြစ်

 

၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ် ခေါင်းဆောင် ၁၁ ဦးတွင် ပါဝင်သော ဦးထွန်းဝင်းသည် ထားဝယ်သားဖြစ်ကြောင်းကို ကိုးကားချက်များ ခိုင်လုံစွာ ဖြင့် ရေးသားဖော်ပြပါမည်။ ၁၅.၁၁.၁၉၇၀ ရက်နေ့တွင် အိုးဝေဂျာနယ်၌ ဦးဖိုးကျား (အမျိုးသားပညာဝန်) ရေးသားခဲ့သော အမျိုးသားနေ့ရာဇဝင် အကျဉ်းချုပ် ဆောင်းပါးတွင် ရွှေတိဂုံစေတီရင်ပြင်တော် စနေထောင့် တွင် သစ္စာပြုလက်မှတ်ရေးထိုးခဲ့ကြသည့် ကျောင်းသား ခေါင်းဆောင်ကြီး ၁၁ ဦးကို ဖော်ပြခဲ့ရာ ကိုထွန်းဝင်း (ထားဝယ်အမျိုးသားကျောင်းဆရာဟောင်း) ဟူ၍ ဖော်ပြ ခဲ့သည်။ ဦးဖိုးကျားမှာ ၂၆ ဦး ကော်မတီတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး ဦးထွန်းဝင်းနှင့် အတူတကွ သပိတ်မှောက်ခဲ့သူ တစ်ဦးဖြစ်သည်။

၁၉၇၀ ပြည့်နှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ ထုတ်ဝေသော ပြည်သူ့နေ့စဉ်သတင်းစာတွင် သခင်တင်ဦး ရေးသားခဲ့သော အမျိုးသားနေ့ရွှေရတုသဘင် အကြိုဆောင်းပါးဖြစ်သည့် တစ်ပြည်လုံးစုရုံးမိသောနေ့တွင်လည်း ၁၁ ဦးတွင်ပါဝင်သည့် ကိုထွန်းဝင်း (ထားဝယ်) ဟု ရေးသားဖော်ပြထားသည်။ ထို့အပြင် ဒေသတစ်ခု၏ သမိုင်းမှတ်တမ်းဆိုသည်မှာ အချက်အလက်ခိုင်မာမှုကိုသာ ရေးသားရသည့် သမိုင်းဝင် မှတ်တမ်းဖြစ်သည့်အတွက် ၁၉၂၁ ခုနှစ်တွင် တည်ထောင် ခဲ့သည့် ထားဝယ်သမဂ္ဂ၏ ၂၆.၁၂.၁၉၈၁ ရက်နေ့တွင်  ထုတ်ဝေခဲ့သည့် နှစ်(၆၀)ပြည့် သမိုင်းဝင်မှတ်တမ်း၊ မောင်လေးတင့်၏ တနင်္သာရီတိုင်းဒေသကြီး နောက်ခံ သမိုင်းမှတ်စု၊ မောင်သန်းဆွေ(ထားဝယ်)၏ ကျွန်တော်တို့ ထားဝယ်သူ ထားဝယ်သားစာအုပ်၊ ထားဝယ်မြို့ မြေတိုက် ကျောင်း နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်မဂ္ဂဇင်းတို့တွင် ထားဝယ်မြို့မှ ထင်ရှားသောသူများကို ဖော်ပြရာ၌ ၁၉၂၀ ပြည့်နှစ် ယူနီဗာစီတီသပိတ်ခေါင်းဆောင်နှစ်ဦးမှာ ဦးဘရှင် နှင့် ဦးထွန်းဝင်းဖြစ်သည်ဟု ပူးတွဲဖော်ပြထားရှိသည်။ ယခု သက်ရှိထင်ရှားရှိနေသော ဦးတင်ထွဋ် [ဦးဘရှင် (ထားဝယ်) ၏ စတုတ္ထမြောက်သား]နှင့် ဦးဘရှင်၏မြေး ဦးအောင်သန်းဦး (ဥက္ကဋ္ဌ၊ ထားဝယ်စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ)တို့က ၃၀.၁၁.၂၀၂၀ ရက်နေ့တွင် ၁၉၂၀ ပြည့်နှစ် ကျောင်းသားခေါင်းဆောင် ၁၁ ဦး၌ ပါဝင်သည့် ဦးထွန်းဝင်းသည် ထားဝယ်သားဖြစ်ကြောင်းနှင့် ဦးဘရှင် နှင့်အတူ သပိတ်မှောက်ခဲ့သူဖြစ်ကြောင်း ပြောကြားခဲ့သည်။ နှုတ်တစ်ရာ စာတစ်လုံးဆိုသကဲ့သို့ လူသက်သေ၊ ဆောင်းပါး သက်သေများနှင့်တကွ သမိုင်းဖြစ်ရပ်မှန်များ ကွဲလွဲမှု မဖြစ်စေရန် ဦးထွန်းဝင်း(ထားဝယ်)၏ မျိုးဆက်မြေး၊ ထားဝယ်သူ တစ်ဦးအနေဖြင့်လည်းကောင်း၊ မကြာမီ ရောက်ရှိတော့မည့် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်လည်းကောင်း ဤဆောင်းပါး ကို ဂုဏ်ပြုရေးသားတင်ပြလိုက်ပါသည်။ ။

 

ကိုးကားချက်

၁။ သားဖြစ်သူ ဦးသိန်းကြည်၏ ပြောကြားချက်။

၂။ ဦးဘရှင်(ထားဝယ်)၏ စတုတ္ထမြောက်သား ဦးတင်ထွဋ်နှင့် ဦးဘရှင်၏မြေး ဦးအောင်သန်းဦး (ဥက္ကဋ္ဌ၊ထားဝယ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ) တို့၏ (၃၀.၁၁.၂၀၂၀)နေ့ တွင် ပြောကြားချက်။

၃။ ထားဝယ်သမဂ္ဂ နှစ် ၆၀ ပြည့် အထိမ်းအမှတ် သမိုင်းဝင်မှတ်တမ်း (၂၆.၁၂.၁၉၈၁)။

၄။ တနင်္သာရီတိုင်းဒေသကြီး နောက်ခံသမိုင်းမှတ်စု (၂၀၁၅)၊ မောင်လေးတင့်။

၅။ ကျွန်တော်တို့ထားဝယ်သူ ထားဝယ်သား (၂၀၁၆)၊ မောင်သန်းဆွေ(ထားဝယ်)။

၆။ ထားဝယ်မြို့ ကညုံရပ်၊ မြေတိုက်ကျောင်းနှစ်(၁၅၀)ပြည့်အထိမ်းအမှတ်မဂ္ဂဇင်း(၂၀၁၈)။

၇။ အိုးဝေဂျာနယ် (၁၅.၁၁.၁၉၇၀)၊ အမျိုးသားနေ့ ရာဇဝင်အကျဉ်းချုပ်ဆောင်းပါး၊ ဦးဖိုးကျား (အမျိုးသားပညာဝန်)

၈။ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ(၂၀.၁၁.၁၉၇၀)၊ တစ်ပြည်လုံးစုရုံးမိသောနေ့ ဆောင်းပါး၊ သခင်တင်ဦး။

၉။ အမျိုးသားနေ့ရွှေရတုသဘင်အထိမ်းအမှတ် စာစောင် (၁၉၇၀)၊ ကျွန်ုပ်ကိုယ်တိုင် ခေါင်းဆောင် ခဲ့သော ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ် ဆောင်းပါး၊ ဦးဘဦး။

 

၁၀။ အမျိုးသားနေ့ ရွှေရတုသဘင်အထူးထုတ်၊ အမျိုးသားနေ့နှင့် အမျိုးသားပညာရေးလှုပ်ရှားမှု သမိုင်းအကျဉ်း (၁၉၆၂)၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ပါတီစည်းရုံးရေး ဗဟိုကော်မတီ ဌာနချုပ်။

၁၁။ တနင်္သာရီဂျာနယ်၊ ကောလိပ်သပိတ်မှောက် ကျောင်းသား နေရှင်နယ်အမျိုးသားကျောင်း ဆရာ ဟောင်း ဦးထွန်းဝင်း (၂၀၁၅)၊ မွန်း၊ (ဆေး-၁)။