၁၉၄၈ ခုနှစ် ပထမဦးဆုံး မြန်မာ့လွတ်လပ်ရေးအောင်ပွဲအခမ်းအနား ပသာဒ မြင်ကွင်း

Type
1

 

စန်းနီလာဝင်း

 

နှစ်ပရိစ္ဆေဒ ၁၂၄  နှစ်တိုင်အောင် ( အင်္ဂလိပ်နယ်ချဲ့လက်အောက် ၁၂၁ နှစ်၊ ဖက်ဆစ် ဂျပန်လက်အောက် ၃ နှစ်)  ဆုံးရှုံးသွားခဲ့ရသော မြန်မာ့ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာတွင်   ကလေးမုန့်ဖိုးလက်ဖြန့် တောင်းသလို   အလွယ်တကူ ပြန်လည်ရရှိခဲ့ခြင်း လုံးဝမဟုတ်ပါ။ မျိုးချစ်စိတ်၊ တိုင်းချစ် ပြည်ချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်ရှိကြသူတိုင်း နယ်ချဲ့တော်လှန် ရေးကို အသက်၊ သွေး၊ ချွေးပေါင်းများစွာ စတေးခံ၍လည်းကောင်း၊ အမျိုးသားနိုင်ငံရေးနည်းလမ်းများဖြင့်လည်းကောင်း၊ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး လက်တွဲမဖြုတ် ကျောချင်းကပ် ရင်ချင်းအပ်ကာ  အတူလက်တွဲ ဆင်နွှဲနိုင်ခဲ့ခြင်းကြောင့် မြန်မာ့လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည်ရရှိခဲ့ခြင်းပင်ဖြစ်သည်။

 


သူ့ကျွန်ဘဝအဖြစ် နွံနစ်ခဲ့ကြရပြီး မြန်မာတိုင်းရင်းသားအားလုံး တို့၏ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ ကြောင့် ဆုံးရှုံးသွားခဲ့ရသော မြန်မာ့လွတ်လပ်ရေးကို   ပြန်လည်ရရှိခဲ့ ခြင်းပင်ဖြစ်သည်။ တစ်နည်းဆိုရလျှင် ဝံသာနုရက္ခိတတရားကြောင့် ယနေ့ကမ္ဘာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် မြန်မာတိုင်းရင်း သားလူမျိုးဟူ၍ တည်ရှိနေခြင်းပင်ဖြစ်သည်။   နှစ်ပေါင်းထောင်ချီ၍ ကြာရှည်တည်တံ့ခဲ့သော    မြန်မာ့သမိုင်းသည်    မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ရှိသူများ၏ သမိုင်းဖြစ်ပါသည်။  

 

 
မြန်မာ့လွတ်လပ်ရေးနေ့ အောင်ပွဲအခမ်းအနား ပသာဒ မြင်ကွင်း


၁၉၄၈ ခုနှစ် ဇန်နဝါရီလ  ၄ ရက် နံနက် ၄ နာရီ  မိနစ် ၂၀ (မြန်မာ သက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသိုလပြည့်ကျော် ၉ ရက် ၊ တနင်္ဂနွေနေ့) နက္ခတ်ဗေဒင် ပညာအခါတော်အလိုအရ  ဗြိစ္ဆာလဂ်   (ကင်မြီးကောက် ရာသီရုပ်)ရောက်ရှိချိန် အခါသမယဖြစ်၍  ဟေမန်ရာသီဥတု   နံနက်ခင်း ဝယ်မြောက်လေညင်းက ဆောင်းနှင်းငွေ့များနှင့်အတူ လူထုပရိသတ် ကြီးအား အအေးဓာတ်ဖြင့် လွှမ်းပတ်ခြုံသိုင်းထားပုံရသည်။

 


ဆီးနှင်း၊ မြူတိမ်၊ သူရိန်၊ မီးခိုး ဟူသော ငွေစန္ဒာလမင်းကြီးကို အနှောင့်အယှက်များ ဖုံးလွှမ်းထားပြီး လဆုတ်ရက်ဖြစ်သောကြောင့် ငွေရောင်ခြည်အဆင်းဖြင့် ထွန်းလင်းတောက်ပနိုင်မည်  မဟုတ်ပါ။ သို့တစေ နှစ်ပေါင်း ၁၂၄ နှစ်ကြာ   သူ့ကျွန်ဘဝမှ     တရားဝင်  စတင် လွတ်မြောက်ရသည့်          ဤမြန်မာ့လွတ်လပ်ရေးနေ့လောက် တက်နေခြည်အသွင်ပမာ ကျက်သရေမင်္ဂလာအဖြာဖြာဖြင့် ထွန်းသစ် ရွှန်းတင့်နေနိုင်မည် မထင်ပါ။
၁၉၄၈ ခုနှစ် နံနက် ၄ နာရီတွင် တိုင်းပြည်ပြုလွှတ်တော်မျက်နှာ စာရှိ အလံတိုင်၏ ရင်ပြင်မြက်ခင်းပြင် (ယခင်အတွင်းဝန်ရုံးဟောင်းကြီး၊ နောင်ဝန်ကြီးများရုံးအတွင်း)တွင်    ထိုစဉ်က    ပြည်ထောင်စု မြန်မာနိုင်ငံတော်   ယာယီသမ္မတ “စဝ်ရွှေသိုက်” ၊     ယာယီအစိုးရ ဝန်ကြီးချုပ် ဦးနု၊ ယာယီ ပါလီမန် (တိုင်းပြည်ပြုလွှတ်တော်) ဥက္ကဋ္ဌ ပျော်ဘွယ် ဦးမြ၊ ယာယီ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တရားဝန်ကြီးချုပ်၊ မဟာမင်းကြီးများ၊    နိုင်ငံခြားအထူးသံတမန်များ၊   တိုင်းပြည်ပြု လွှတ်တော်အမတ်များ၊ ဖဆပလအမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံတော် ကာကွယ်ရေးအဖွဲ့   အကြီးအကဲများ၊   ယာယီပါလီမန်အရာရှိများ၊ တိုင်းမင်းကြီးများ၊ ရာထူးဝန်ဥက္ကဋ္ဌနှင့်    ရာထူးဝန်များ၊ အစိုးရဌာန အကြီးအကဲများ၊ အတွင်းဝန်များ၊ ဒေသန္တရအဖွဲ့ကိုယ်စားလှယ်များ၊ ရှေ့နေရှေ့ရပ်ဆိုင်ရာ   ကိုယ်စားလှယ်များ၊   ကုန်သည်ကြီးများအဖွဲ့မှ ကိုယ်စားလှယ်များ၊   နေပြည်တော်    ရာဇဝတ်တရားသူကြီးများ၊ ကျော်စောကိတ္တိရှိသော အခြားဧည့်သည်တော်များ     ရောက်ရှိစုရုံး လျက်ရှိကြသည်။

 


 နိုင်ငံတော်အလံကို ငွားငွားစွင့်စွင့် မားမားမြင့်မြင့် လွှင့်ထူ


လွှတ်တော် အဆောက်အဦ၏ မျက်နှာစာ အရှေ့ဘက်တွင် ယာယီ ပါလီမန် (တိုင်းပြည်ပြုလွှတ်တော်)အမတ်များ၊ လွှတ်တော်၏ ဆင်ဝင် ရှေ့တွင် ယာယီအစိုးရဝန်ကြီးချုပ် ဦးနုနှင့်    ဝန်ကြီးများရှိကြသည်။ မြန်မာ့လွတ်လပ်ရေးနှင့်အတူ   ပထမဦးဆုံး ပြည်ထောင်စုမြန်မာ နိုင်ငံတော်  ယာယီသမ္မတ၊ ယာယီအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီး အဖွဲ့ဝင်များ၊   နိုင်ငံတော်တရားဝန်ကြီးချုပ်၊    နိုင်ငံတော်ရှေ့နေချုပ်၊ နိုင်ငံတော်စာရင်းစစ်ချုပ်တို့ကို အောက်ဖော်ပြပါအတိုင်း   ရွေးချယ် ခန့်ထားခဲ့သည်-


(၁)    စဝ်ရွှေသိုက်    နိုင်ငံတော်ယာယီသမ္မတ
(၂)    ဦးနု    ယာယီအစိုးရအဖွဲ့ဝန်ကြီးချုပ်
(၃)    ဗိုလ်လကျ်ာ    ဒုတိယဝန်ကြီးချုပ်နှင့် 
        ကာကွယ်ရေးဝန်ကြီး
(၄)    ဦးတင်ထွဋ်    နိုင်ငံခြားရေးဝန်ကြီး
(၅)    ဦးတင်    ဘဏ္ဍာရေးနှင့်အခွန်တော်ဝန်ကြီး
(၆)    ဦးထွန်းမြင့်    ရှမ်းပြည်နယ်ဝန်ကြီး
(၇)    စောစံဖိုးသင်    ကရင်ရေးရာဝန်ကြီး
(၈)    ဆမားဒူးဝါးဆင်ဝါးနောင်    ကချင်ပြည်နယ်ဝန်ကြီး
(၉)    ကိုစောဝဏ္ဏ    ကရင်နီပြည်နယ်ဝန်ကြီး
(၁၀)    ဦးဝမ်းသူဆောင်    ချင်းရေးရာဝန်ကြီး
(၁၁)    ဦးကျော်ငြိမ်း    ပြည်ထဲရေးဌာနဝန်ကြီး
(၁၂)    ဦးဘဂျမ်း    တရားဌာနဝန်ကြီး
(၁၃) ဦးကိုကိုကြီး    ကူးသန်းရောင်းဝယ်ရေး၊ 
        ထောက်ပံ့ရေးနှင့် သယ်ယူ
        ပို့ဆောင်ရေးဝန်ကြီး
(၁၄)    သခင်တင်    လယ်ယာစိုက်ပျိုးရေးနှင့် 
        သစ်တောရေးရာဝန်ကြီး
(၁၅)    ဦးမြ(ဟင်္သာတ)    အမျိုးသားစီမံကိန်းနှင့် 
        စက်မှုလက်မှုဌာနဝန်ကြီး
(၁၆)    ဗိုလ်ဖိုးကွန်း    ပညာရေး၊ ပြည်သူ့ဝန်ထမ်းနှင့် 
        ပြန်လည်ထူထောင်ရေး 
        ဌာနဝန်ကြီး
(၁၇)    မန်းဝင်းမောင်    လမ်းပန်းဆက်သွယ်ရေး၊ 
        အဆောက်အအုံနှင့် အလုပ်သမား 
        ဌာနဝန်ကြီး
(၁၈)    ဦးညိုထွန်း    သတင်းနှင့် ပြန်ကြားရေးဌာန 
        ဝန်ကြီး
(၁၉)    ဗိုလ်စိန်မှန်    ဌာနလက်ကိုင်မရှိ ဝန်ကြီး    
တရားလွှတ်တော်ချုပ်
(၁)    ဆာဘဦး    နိုင်ငံတော်တရားဝန်ကြီးချုပ်
(၂)    ဦးအေးမောင်    လွှတ်တော်ချုပ်တရားဝန်ကြီး
(၃)    ဦးကျော်မြင့်    လွှတ်တော်ချုပ်တရားဝန်ကြီး
(၄)    ဦးသိမ်းမောင်    လွှတ်တော်တရားဝန်ကြီးချုပ်
(၅)    ဦးထွန်းဖြူ    လွှတ်တော်တရားဝန်ကြီး
(၆)    ဦးအုန်းဖေ    လွှတ်တော်တရားဝန်ကြီး
(၇)    ဦးသောင်းစိန်    လွှတ်တော်တရားဝန်ကြီး
(၈)    ဦးစံမောင်    လွှတ်တော်တရားဝန်ကြီး
(၉)    ဦးအောင်သာကျော်    လွှတ်တော်တရားဝန်ကြီး
(၁၀)    ဦးဘိုကြီး    လွှတ်တော်တရားဝန်ကြီး
    - နိုင်ငံတော်ရှေ့နေချုပ်        -    ဦးချန်ထွန်း
    - နိုင်ငံတော်စာရင်းစစ်ချုပ်    -    ဦးစံလွင်
မင်္ဂလာအောင်စည်တော်ယွန်းသံက         မိုးယံသို့တိုင်အောင် မြည်ဟိန်းလျက်ရှိသည်။ လွှတ်တော်ဆင်ဝင်အောက်တွင် ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုများ၊ ဆင်ဝင်၏  ယာဘက်တွင် နိုင်ငံခြား    ကိုယ်စားလှယ် တော်များနှင့် အစိုးရအရာရှိ ကြီး/ငယ်များ၊ လူမျိုးပေါင်းစုံ ကိုယ်စားလှယ် ဧည့်သည်တော်များ အသီးသီးနေရာယူကြသည်။

 


လွှတ်တော်မျက်နှာစာ၏    အရှေ့ဘက်ထောင့်တွင်     မြန်မာ့ တပ်မတော်၊ မျက်နှာစာရှေ့တွင်   မြန်မာ့ရေတပ်၊ မြန်မာ့လေတပ်၊ သောင်းကျန်းမှုနှိမ်နင်းရေးတပ်၊    မြန်မာနိုင်ငံတော်   လက်နက်ကိုင် ပုလိပ်အဖွဲ့များကို အသီးသီးနေရာချပေးထားသည်။
နိုင်ငံတော်ယာယီသမ္မတကြီးသည်     အဆောင်အယောင်နှင့် လွှတ်တော်၏ ဆင်ဝင်ရှေ့သို့ ထွက်လာသည်နှင့်    စည်တော်ယွန်းသံ ရပ်သွားတော့သည်။   သမ္မတကြီးသည်   ပိုးအဖြူရောင် ရွှေချည် ထိုးဘောင်းကို   ဆင်ယင်လျက် ပိုးသိုရင်းဖြူနှင့်    စကားဝါနုရောင် 
ရွှေချည်ထိုးပုဆိုးတောင်ရှည်တို့ကို သပ်သပ်ရပ်ရပ် ခံ့ခံ့ညားညား ဆင်မြန်းထား၏။

 


ယာယီအစိုးရဝန်ကြီးချုပ်   သခင်နုမှာ    ခေါင်းပေါင်းပန်းရောင်၊  မန္တလေးတောင်ရှည် ပန်းရောင်၊ ပိုးရင်ဖုံးအင်္ကျီအဖြူကို ဝတ်ဆင်ထား သည်။ မြန်မာ့တပ်မတော်၊မြန်မာ့ရေတပ်၊   မြန်မာ့လေတပ်၊ သောင်း ကျန်းမှုနှိမ်နင်းရေးတပ်များနှင့် မြန်မာ့လက်နက်ကိုင်     ပုလိပ်အဖွဲ့ များကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ထိုအချိန်တွင် ကရင်အမျိုးသား တပ်က ဘင်ခရာ တီးမှုတ်သည်။

 


ပါလီမန်လွှတ်တော်ရှေ့ရှိ အလံတိုင်ပေါ်မှ ဗြိတိသျှတို့၏ ယူနီယံ ဂျက်အလံမှာ တသုန်သုန်   တိုက်ခတ်လျက်ရှိသော ဆောင်းလေအေး ကြောင့် တဖျပ်ဖျပ်လှုပ်ရှားနေသည်။   နံနက် ၄ နာရီ   ၁၉ မိနစ် အချိန်တွင် ကြွရောက်လာကြသော ပရိသတ်အားလုံး ငြိမ်သက်စွာ နေကြရန် မီးရောင်ပြ၍ အချက်ပေးလိုက်သည်။

 


နံနက် ၄ နာရီ မိနစ် ၂၀  တိတိတွင်       ရန်ကုန်မြစ်ဆိပ်ကမ်း၌ ဆိုက်ကပ်နေသာ “ဘာမင်ဟမ် အင်္ဂလိပ်စစ်သင်္ဘောကြီးမှ အခါတော် ကြား အမြောက်များ ပစ်ဖောက်လိုက်သည်နှင့်   တစ်ပြိုင်နက် ကရင် ဘင်ခရာတပ်ဖွဲ့က   တီးမှုတ်ရာ  အင်္ဂလိပ်စစ်ဗိုလ်တစ်ဦးက အင်္ဂလိပ် ယူနီယံဂျက်အလံကို တဖြည်းဖြည်း ဆွဲချလိုက်သည်။ ထိုအချိန်တွင် သင်္ဘောဥဩဆွဲသံများ၊ ခေါင်းလောင်းသံများ၊ သေနတ်ဖောက်သံများ၊ မီးအိုးဗြောက်အိုးသံများနှင့်အတူ      ရောင်စုံမီးရှူးမီးပန်းများက ကောင်းကင်ပြင်တစ်ခွင်လုံး ဝင်းလက်တောက်ပလျက်ရှိသည်။

 


အင်္ဂလိပ်     ယူနီယံဂျက်အလံကိုချပြီးသည်နှင့်      တစ်ပြိုင်နက် မြန်မာ့ရေတပ်မှ အရာရှိ စောချစ်စိန်က  ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံတော်ကြီးကို  အလံတိုင်ထိပ်သို့  တဖြည်းဖြည်း ဆွဲတင် လိုက်သည်။ ထိုအချိန်တွင် စစ်တီးဝိုင်းမှ အမျိုးသားသီချင်းသည် အားမာန် ပြည့်ဝလှသဖြင့် ကြားရသူတိုင်း ကြက်သီးမွေးညင်းထလာပြီး “မြန်မာ့သတ္တိ ကမ္ဘာက သိစေရမည်” ဟူသော  ဇာတိသွေး ဇာတိမာန် များ ယိုဖိတ်လာတော့သည်။ 

 


ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံတော်ကြီး အလံတိုင်ထိပ်ပေါ် သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ပုဏ္ဏားတော်များက ခရုသင်းများကို မှုတ်ကြရာ တပ်ဖွဲ့အသီးသီးနှင့် မင်းပရိသတ်အပေါင်းတို့က အလံ‌တော် ကို အလေးပြုကြသည်။    မင်္ဂလာစည်တော်    ယွန်းသံကလည်း တက်နေခြည်သွင်ပမာ ကျက်သရေမင်္ဂလာရှိလှသည်။

 


နံနက် ၄ နာရီ မိနစ် ၄၀ တွင် ပရိသတ်အပေါင်းတို့သည် အစီအစဉ် အရ ယာယီပါလီမန် (တိုင်းပြည်ပြုလွှတ်တော်)    ခန်းမကြီးထဲသို့ စုရုံး ရောက်ရှိလာကြသည်။   နံနက် ၄ နာရီ ၄၅ မိနစ်တွင် နိုင်ငံတော် ယာယီသမ္မတ စဝ်ရွှေသိုက်၊ ယာယီအစိုးရဝန်ကြီးချုပ် ဦးနု၊ ယာယီ ပါလီမန်ဥက္ကဋ္ဌ    ပျော်ဘွယ်ဦးမြတို့    လွှတ်တော်ခန်းမကြီးထဲသို့ ဝင်ရောက်လာရာ ပရိသတ်အပေါင်းက မတ်တတ်ရပ်၍  အလေးပြုကြ သည်။ သမ္မတကြီးသည် စင်မြင့်ပေါ်တွင် နေရာယူပြီးနောက် သမ္မတ ရာထူးကို   လက်ခံရယူကြောင်း   ကြေညာလိုက်ပြီး     ပြည်ထောင်စု မြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ   (၁၉၄၇)ကို အတည် ပြုကြောင်းပါ   ဆက်လက်ကြေညာလိုက်ရာ   ပရိသတ်က တစ်ခဲနက် ဩဘာပေးကြသည်။

 


ထို့နောက် မြန်မာ့လွတ်လပ်ရေးအတွက် အသက်စွန့်လွှတ်သွား ခဲ့ကြရရှာသည့် အာဇာနည်သူရဲကောင်းအပေါင်းတို့အား   သတိရ သော အထိမ်းအမှတ်ဖြင့် ၂ မိနစ် ငြိမ်သက်နေကြသည်။ ဆက်လက်၍ ယာယီဝန်ကြီးချုပ်ဦးနုက အောင်စေသတည်းအစချီသော လွတ်လပ် ရေး ကြေညာစာတမ်းကို   ဖတ်ကြားပြီး    ဦးကျော်မြင့်ကလေးက တိုင်ပေးသော နိုင်ငံတော်၏ သီချင်းကို  ပရိသတ်အပေါင်းတို့က သီဆို ကြသည်။ 
နိုင်ငံတော်သီချင်းကို သီဆိုအပြီးတွင် ဝန်ကြီးချုပ်သည် ရာထူး ဆိုင်ရာ ကျမ်းသစ္စာနှင့် လျှို့ဝှက်ရန်ကျမ်းသစ္စာများကို ကျိန်ဆို လက်မှတ် ရေးထိုးပြီးနောက် နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက်က ဝန်ကြီးချုပ် ဦးနု အား ဌာနဆိုင်ရာ  တံဆိပ်ဆောင်ကို ချီးမြှင့်အပ်နှင်းသည်။ ဆက်လက်၍  ဝန်ကြီးချုပ် ဦးနုက မြန်မာ့လွတ်လပ်ရေးနေ့ မိန့်ခွန်းကို မြွက်ကြား သည်။

 


ထိုနေ့မှာပင်    မြန်မာ့လွတ်လပ်ရေး    မော်ကွန်းကျောက်တိုင် အုတ်မြစ်ချအခမ်းအနားကိုကျင်းပရာ   ဖဆပလဌာနချုပ် အထွေထွေ အတွင်းရေးမှူး ဦးဗဆွေက သစ္စာအဓိဋ္ဌာန် ၉ ချက်ကို တိုင်ပေးရာ လူထုပရိသတ်ကြီးက ညီညာဖြဖြ တက်တက်ကြွကြွ အားမာန်အပြည့် အဝဖြင့် လိုက်ဆိုခဲ့ကြသည်-


(၁)    ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့အား  လွတ်လပ်သော လမ်းသို့ ပို့ဆောင်ခဲ့သော ငါတို့၏ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တစ်သဝေမတိမ်း ချီတက်မည်။


(၂)    ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို   မသွေမဖည် စောင့်ထိန်း မည်။


(၃)    ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ လွတ်လပ်သော နိုင်ငံသား တို့၏ မွန်မြတ်သော   အခွင့်အရေးကို ခံယူသည့်နည်းတူ လွတ်လပ်သော နိုင်ငံသားတို့၏ တာဝန်ဝတ္တရားကိုလည်း မတိမ်းမငဲ့ ထမ်းဆောင်မည်။


(၄)    ငါတို့သည် ဤနေ့ ဤအချိန်မှစ၍  ငါတို့ခေါင်းဆောင်ကြီး 
    ဗိုလ်ချုပ်အောင်ဆန်း၏     လုံ့လဥဿာဟဖြင့်  ရရှိပြီးဖြစ်သော 
    အမျိုးသားညီညွတ်ရေးကို ကျောက်စိုင်   ကျောက်ခဲကဲ့သို့
    ခိုင်မာအောင် ထိန်းသိမ်းရမည်။


(၅)    ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့နိုင်ငံသားဟူသရွေ့ကို 
    ကြီးငယ် နီးဝေး မခြား တစ်သွေးတည်း တစ်သားတည်းပြု၍၊  
    နည်းများ နိမ့်မြင့် မရှိစေရ ညီတူ ညီမျှပြုမည်။


(၆)    ငါတို့သည် ဤနေရာ  ဤအချိန်မှစ၍ သူတစ်ပါးကိုလည်း 
    မတရားမပြု၊   ငါတို့အား  မတရားပြုမူခြင်းကိုလည်း မခံ၊ 
    အသက်နှင့်လဲ၍ ကာကွယ်မည်။


(၇)    ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့နိုင်ငံတော်ကြီး၏ 
    တရားဥပဒေများကို ရိုသေစွာ လိုက်နာကျင့်သုံးမည်။ 
(၈)    ငါတို့သည် ဤနေ့   ဤအချိန်မှစ၍     ငါတို့နိုင်ငံနှင့် ငါတို့ 
    လွတ်လပ်ရေးကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက် 
    မည်။


(၉)    လုံးဝလွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် 
    ကြီး ကမ္ဘာအရှည် တည်မြဲရေးတာဝန်သည်  ငါတို့နှင့်တကွ 
    ငါတို့သားမြေး           နောင်လာအဆက်ဆက်တို့အပေါ်၌ 
    တည်စေမည်။


ဤ ငါတို့၏ သစ္စာအဓိဋ္ဌာန်မှန်သည့်အတိုင်း ငါတို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည်   ကမ္ဘာအရှည်တည်စေသတည်း။

 


ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ


  သူ့ကျွန်ဘဝမှ လွတ်မြောက်ခဲ့သည်မှာ  ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ၇၄ နှစ် တိုင်ခဲ့ပါပြီ။ ကမ္ဘာတည်သရွေ့ မြန်မာပြည်ကြီး အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲနေရေးအတွက်  ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊    အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော  မြန်မာတစ်မျိုးသားလုံးတို့၏ အမျိုးသား ရေးတာဝန်များဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို လုံးဝထိပါးခံ၍ မဖြစ်ပါ။

 


မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် ခေါင်းပါးသူများသည် နိုင်ငံခြားသားကို  တစ်ဖက်သတ် အထင်ကြီးအားကိုးကာ  အမေကို ကျော်၍ ဒွေးတော်ကို လွမ်းတတ်ကြသည်။ မိမိနိုင်ငံတော်၊  မိမိလူမျိုး၊ မိမိသမိုင်းနှင့်      ယဉ်ကျေးမှုကို         ချစ်မြတ်နိုးကြသူများသည်   ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို   တည်ဆောက်သူများဖြစ်ကြ သည်။ ကမ္ဘာတည်သရွေ့  မြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ စည်ပင်သာယာ ဖွံ့ဖြိုးတိုးတက်နေအောင် ကာကွယ်ထိန်းသိမ်းတည် ဆောက်ပြုပြင် ဖန်တီးဆောင်ရွက်ကြရမည်မှာ နိုင်ငံသူ   နိုင်ငံသား တိုင်း၏ မွေးရာပါသမိုင်းပေး အမျိုးသားရေးတာဝန်ကြီးများပင် ဖြစ်ပါ ကြောင်း တင်ပြရင်း (၁၉၄၈ ခုနှစ် ပထမဦးဆုံး မြန်မာ့လွတ်လပ်ရေး အောင်ပွဲအခမ်းအနား    ပသာဒမြင်ကွင်းကို)    သမိုင်းမော်ကွန်းတင် အပ်ပါသတည်း။