
(၁၉)ကြိမ်မြောက် အာဆီယံ အဆင့်မြင့်ဥပဒေအရာရှိကြီးများ အစည်းအဝေးကျင်းပ
======================================================
နေပြည်တော် အောက်တိုဘာ ၆
မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် (၁၉)ကြိမ်မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီး များ အစည်းအဝေး(ASLOM)နှင့် လုပ်ငန်းအဖွဲ့(Working Group) အစည်းအဝေးကို အောက်တိုဘာ ၅ ရက် မှ ၇ ရက် အထိ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပလျက်ရှိသည်။
အဆိုပါ ASLOM အစည်းအဝေးသို့ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီသီမြင့်နှင့် အာဆီယံ ၁၀ နိုင်ငံမှ အဆင့်မြင့် ဥပဒေအရာရှိ ကြီးများ တက်ရောက်ကြသည်။
ဥပဒေဆိုင်ရာဖွံ့ဖြိုးတိုးတက်ရန်
အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက (၁၉)ကြိမ်မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေးကို မြန်မာနိုင်ငံ၊ နေပြည်တော်၌ ယခုနှစ်အတွင်းကျင်းပရန် စီစဉ်ခဲ့သော် လည်း ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါပျံ့နှံ့မှုကြောင့် အစည်း အဝေးကို ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခြင်းဖြစ်ပါကြောင်း၊ အစည်းအဝေးဖြစ်မြောက်ရေးအတွက် ကူညီပေးခဲ့သော အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ASLOM အဖွဲ့ဝင်များ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ အာဆီယံသည် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနည်းပညာနှင့် စီမံ ခန့်ခွဲရေးနယ်ပယ်များတွင် အပြန်အလှန် အကူအညီပေး ရေးနှင့် တက်ကြွသော ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင် ရန် ရည်ရွယ်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံအသီးသီး၏ ပိုမို ကောင်းမွန်သော ဥပဒေဆိုင်ရာ ပတ်ဝန်းကျင်များ ဖွံ့ဖြိုး တိုးတက်ရန်အတွက် ASLOM ၏ အခန်းကဏ္ဍသည် အရေး ကြီးပါကြောင်း။
အာဆီယံဒေသတွင်းရှိ ဥပဒေပညာရှင်များ၏ အသိ အမြင် အတွေ့အကြုံများ ဖလှယ်ခြင်းသည် ဥပဒေရေးရာ ကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကအခန်းမှ ပါဝင်ပါကြောင်း၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန် အကူအညီပေးရေးနှင့် လူကုန်ကူးမှုကိစ္စရပ်များ စသည့် ဥပဒေနယ်ပယ်များတွင် ASLOM အနေဖြင့် ပါဝင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဥပဒေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် ASLOM အစည်းအဝေးသည် အဓိက မဏ္ဍိုင်တစ်ခုဖြစ်ကြောင်း၊ ASLOM ခေါင်းဆောင်များ၏ ကြိုးစားအားထုတ်မှုများကြောင့် အာဆီယံပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် အပြန်အလှန် အကူအညီပေးရေး သဘောတူ စာချုပ်နှင့် အာဆီယံတရားခံလွှဲပြောင်းရေး သဘောတူ စာချုပ်တို့ ဖြစ်ပေါ်လာမှုကို ဂုဏ်ပြုပါကြောင်း၊ ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေဆိုင်ရာ အပြန်အလှန်အကူအညီ ပေးရေးသည် ဒေသတွင်းဥပဒေဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုအတွက်သာမက အပြည်ပြည်ဆိုင်ရာဥပဒေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက်ပါ အရေးကြီးပါကြောင်း ပြောကြားသည်။
ဆွေးနွေး
အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦး က သဘာပတိ အဖြစ် ဆောင်ရွက်ပြီး ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် ဥပဒေ ဆိုင်ရာ အပြန်အလှန် အကူအညီပေးရေး သဘောတူစာချုပ် နှင့် အာဆီယံတရားခံလွှဲပြောင်းရေး သဘောတူစာချုပ်တို့၏ ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံကုန်သွယ်ရေးဥပဒေ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ပြစ်မှုတားဆီးကာကွယ်ရေးနှင့် ပြစ်မှု ဆိုင်ရာ တရားမျှတမှု၊ တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှု၊ တရားမနှင့် ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် ဥပဒေ ဆိုင်ရာ အပြန်အလှန်အကူအညီပေးရေးနှင့် အာဆီယံဒေသ တွင်း ဥပဒေဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်