
ရန်ကုန် ဖေဖော်ဝါရီ ၂
2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ် ထိန်းချုပ်ရေးဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၆/၂၀၂၀) ကို ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်မြို့ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်သည်။
ပြန်လည်ရောက်ရှိ
အစည်းအဝေးတွင် တက်ရောက် လာကြသူများက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့ မှ မြန်မာနိုင်ငံသား ပညာသင် ၆၃ ဦး အနက် ၅၉ ဦးသည် ယနေ့နံနက် ၄ နာရီတွင် ဝူဟန်မြို့မှ မန္တလေးမြို့သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိ ခဲ့ကြောင်းနှင့် ကျန်ရစ်ခဲ့သူများ အနက် တစ်ဦးမှာ တရုတ်နိုင်ငံ ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ်ခြင်းကြောင့် လည်းကောင်း၊ တစ်ဦးမှာ ပြည်နယ် ပြင်ပရောက်ရှိနေသောကြောင့် လည်းကောင်း၊ ကျန် နှစ်ဦးမှာ ကိုယ် အပူချိန်မြင့်မားနေသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် လိုအပ်သော ကြောင့်လည်းကောင်း လိုက်ပါလာနိုင်ခြင်းမရှိကြောင်း သတင်းရရှိမှု။
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည့် ကျောင်းသား ကျောင်းသူများ အား မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတွင် သီးခြားထားရှိကာ ကျန်းမာရေး စောင့်ရှောက်မှုနှင့် စနစ်တကျစောင့်ကြည့်မှုလုပ်ငန်းစဉ်များကို မန္တလေးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့် က ဦးဆောင်၍ ဆောင်ရွက်နေမှု၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဇန်နဝါရီ ၃၁ ရက်တွင် ရောက်ရှိလာသော ကွမ်ကျိုးမြို့မှ ခရီးသည်တစ်ဦးအား ကိုယ်အပူချိန် အနည်းငယ်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ တွေ့ရှိရသဖြင့် သီးခြားခန်း (Isolation Room) တွင် ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ထားရှိရာ (ယနေ့ နံနက်စစ်ဆေးချက်များအရ) လူနာ၏အခြေအနေမှာ တည်ငြိမ်ကောင်းမွန်နေမှု၊ အဆိုပါလူနာထံမှ ဓာတ်ခွဲ နမူနာများရယူ၍ မြန်မာနိုင်ငံတွင် စစ်ဆေးနိုင်သည်များကို စစ်ဆေးထားရှိမှု၊ အဆိုပါ လူနာတွင် 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ရှိ၊ မရှိကို အဆိုပါစစ်ဆေးမှုများ ပြုလုပ်နိုင်သော အတည်ပြု ဓာတ်ခွဲစစ်ဆေးနိုင်ရေးအတွက် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှတစ်ဆင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ညှိနှိုင်း၍ ဖေဖော်ဝါရီ ၁ ရက်တွင် ရည်ညွှန်းဓာတ်ခွဲခန်းတစ်ခုသို့ ပေးပို့ခဲ့မှု။
ညွှန်ကြားထားရှိ
ယမန်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လာရောက်သော လေကြောင်း ခရီးသည်တစ်ဦးကို ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိသော်လည်း စနစ်တကျ စောင့်ကြပ်ကြည့်ရှုလျက်ရှိရာ (ယနေ့ နံနက်စစ်ဆေးချက်များအရ) အဆိုပါ ခရီးသည်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေမှု၊ အဆိုပါခရီးသည်နှင့်အတူ လိုက်ပါလာသော ခရီးသည်များအား သက်ဆိုင်ရာ တည်းခိုနေထိုင်ရာ ဟိုတယ် များ၌ အထူးသတိထား၍ စောင့်ကြပ်ကြည့်ရှုရန်နှင့် သံသယဖြစ်ဖွယ်လက္ခဏာ များတွေ့ရှိပါက ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနသို့ ချက်ချင်း တယ်လီဖုန်းဖြင့် သတင်းပေးပို့ရန် ညွှန်ကြားထားရှိမှု။
သက်ဆိုင်ရာဟိုတယ်များသို့လည်း ဤရောဂါနှင့်ပတ်သက်၍ အချက် အလက်များ ကာကွယ်နိုင်သည့် နည်းလမ်းများကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှတစ်ဆင့် ဖြန့်ဝေပြီးစီးမှုအခြေအနေ၊ အပြည်ပြည်ဆိုင်ရာလေဆိပ် သုံးခုနှင့် တိုင်းဒေသကြီး/ ပြည်နယ် လေးခုမှ မြို့နယ် ၁၀ မြို့နယ်ရှိ တရားဝင် နယ်စပ် ဝင်၊ ထွက်ပေါက် ၂၀ တွင် ဝင်ထွက်သွားလာနေမှုများအား ရောဂါ စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းဆောင်ရွက်နေမှုများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီးမှ ပေးပို့လာသော ဆောင်ရွက် နေမှုအခြေအနေနှင့် သတင်းပေးပို့နေမှုအခြေအနေများ၊ ရောဂါစောင့်ကြပ် ကြည့်ရှုမှုလုပ်ငန်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးတို့က ပူးပေါင်းပါဝင် ဆောင်ရွက် မည့်ကိစ္စများ။
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ကျန်းမာရေးဌာနသို့ ဖေဖော်ဝါရီ ၁ ရက်တွင် ထပ်မံကွင်းဆင်းသွားရောက်၍ လုပ်ငန်းပံ့ပိုးဆောင်ရွက်မှု၊ လေဆိပ် ကျန်းမာရေးဌာနတွင် အင်အား ဖြည့်တင်းလုပ်ဆောင်နေမှု၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဌာနချုပ်က နောက်ဆုံး (Update) ထုတ်ပြန်ချက်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ သုံးသပ်ချက်၊ လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများစုဆောင်းထားရှိမှု၊ ရရှိမှု၊ ခွဲဝေဖြန့်ဖြူးထားမှုအခြေအနေ များ၊ ကောလာဟလသတင်းမှားများကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျ ပြန်လည်အသိပေးရှင်းလင်းနိုင်ရေး စသည်တို့အပါအဝင် နောက်ဆုံးသတင်း အချက်အလက်များကို တင်ပြခြင်း၊ ဝေမျှခြင်းနှင့် ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်သည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ယခုဖြစ်ပွားနေသော အဆုတ် ရောင်ရောဂါ ဖြစ်ပွားမှုနှုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နေ့စဉ်ဆက်လက် မြင့်မားနေသည်ကို တွေ့ရှိရသည့်အတွက် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး တို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ “ပထမဦးစားပေး အရေးပေါ်” ကိစ္စရပ်အနေဖြင့် အထူးဂရုပြု၍ အားထုတ်ဆောင်ရွက်ရန်၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများကို အတိအကျ ဆောင်ရွက်ရန်ကိစ္စများကို ညွှန်ကြားထားပြီးဖြစ်သဖြင့် ၎င်းအတိုင်းဆောင်ရွက်မှု ရှိ၊ မရှိကို နေ့စဉ်သုံးသပ်ရန်၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ကျန်းမာရေးဌာနများ၊ နယ်စပ်ဝင်၊ ထွက်ပေါက်များမှ ကျန်းမာရေးတာဝန်ရှိသူများအနေဖြင့် နေ့စဉ် နံနက် ၁၀ နာရီထက် နောက်မကျစေဘဲ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲ (Central Epidemiological Unit) သို့ ပေးပို့ရန် ညွှန်ကြားထားပြီးဖြစ်သဖြင့် ညွှန်ကြားချက်အတိုင်း တိကျစွာလိုက်နာရန်၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲ (CEU) အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့မှ ပြန်လည်ရောက်ရှိလာပြီး သီးခြားထားရှိစောင့်ကြပ်ကြည့်ရှုမှု ဆောင်ရွက်နေ သည့် မြန်မာနိုင်ငံသား ပညာသင် ၅၉ ဦး၏ ကျန်းမာရေးအခြေအနေများကို နေ့စဉ် နှစ်ကြိမ် သတင်းရယူ၍ ပြည်ထောင်စုဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) သို့ သတင်းပေးပို့ရန်၊ ဗဟို ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ (CEU) အနေဖြင့် နေ့စဉ်ဆက်သွယ်ရေး ကွန်ရက် (တယ်လီဖုန်း၊ အင်တာနက်) ကို အသုံးပြု၍ ဌာနတွင်းတိုင်ပင်ဆွေးနွေး ချိတ်ဆက်မှုများ၊ လုပ်ငန်းဆန်းစစ် သုံးသပ်မှုများဆောင်ရွက်ရန်။
နေ့စဉ်သတင်းပေးပို့
ရောဂါဖြစ်ပွားမှုအခြေအနေများနှင့် လက်ရှိနောက်ဆုံးသတင်းအချက် အလက်များကို ပြုစု၍ ပြည်သူများသိရှိရန် နေ့စဉ် နံနက် ၁၀ နာရီမတိုင်မီ ထုတ်ပြန်ပေးရန်၊ နိုင်ငံတော်သမ္မတရုံးသို့ နေ့စဉ်သတင်းပေးပို့နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးထံသို့ မူဝါဒနှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာမှ တည်းဖြတ်ပေးရန် အတွက် အမြန်ဆုံးတင်ပြရန်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ (CEU) အနေဖြင့် ထူးခြားဖြစ်စဉ်သတင်းများကို ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာမှ ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးရန်၊ ဤကိစ္စကို ဝန်ကြီးဌာန၏ eHealth ဌာနမှ တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဆက်သွယ်၍ ဆောင်ရွက်ရန်၊ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်းအပါအဝင် နှီးနွှယ်အဖွဲ့များသို့ ရောဂါဆိုင်ရာကျန်းမာရေး အသိပညာအချက်အလက်များ၊ ပြည်သူများမှ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက် နိုင်သည့် အချက်များကို ဖြန့်ဝေပေးအပ်ရန်၊ အခြေခံကျန်းမာရေးဝန်ထမ်း ပညာရှင်များနှင့် နှီးနွှယ်အဖွဲ့များအနေဖြင့် အဆိုပါ အချက်အလက်များကို ပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးရန်၊ အပြည်ပြည်ဆိုင်ရာလေဆိပ် သုံးခုနှင့် တိုင်းဒေသကြီး/ ပြည်နယ် လေးခုမှ မြို့နယ် ၁၀ မြို့နယ်ရှိ ဝင်ထွက် သွားလာနေမှုများသည် အရေးကြီးသဖြင့် ဤကိစ္စကိုအမြဲတမ်းအတွင်းဝန်မှ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မည်သို့ဆောင်ရွက်နေသည်ကို အမြန်ဆုံး သုံးသပ်၍ ယခုထက် ပိုမိုထိရောက်မြန်ဆန်စေရန် ဆွေးနွေးပြီး ပြည်ထောင်စု ဝန်ကြီးထံ အမြန်ဆုံးတင်ပြရန်၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် လွန်ခဲ့သော ၁၄ ရက်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ခရီးသွားရာဇဝင်ရှိသူများ ရှာဖွေ စုံစမ်း၍ ရောဂါစောင့်ကြပ်ကြည့်ရှုရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီး ဌာနရှိဌာနပေါင်းစုံမှ ပါဝင်ဆောင်ရွက်ရန်နှင့် ယခုအချိန်သည် အရေးကြီးသော အချိန်ကာလဖြစ်သဖြင့် ရောဂါနှိမ်နင်းရေးသာမက ပြည်သူ့ကျန်းမာရေးဝန်ထမ်း များကိုပါ အားဖြည့် တာဝန်ချထားပြီး အားလုံးညီညွတ်စွာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ (CEU) သို့ အခြား ဌာနများမှ ဝင်ရောက်ပူးပေါင်းကာ လုပ်ငန်းများဆောင်ရွက်ရန်၊ ဤရောဂါသည် လူစုလူဝေးများပြားသည့် ပွဲလမ်းသဘင်များတွင် ပိုမိုကူးစက်ပြန့်ပွားနိုင်သည် ဖြစ်၍ ပွဲလမ်းသဘင်များကို ယခုကာလအတွင်း တတ်နိုင်သမျှလျှော့ချခြင်းဖြင့် ရောဂါ ကူးစက်ပြန့်ပွားမှုများကို ကာကွယ်လျှော့ချနိုင်မည်ဖြစ်သည်ဆိုသည့် အချက်သည် အလေးအနက်ထား ထည့်သွင်းစဉ်းစားရမည့်အချက် ဖြစ်ပါကြောင်း။
ဆွေးနွေးအကြံပြုချက်များပေး
ယခုကဲ့သို့ နေ့စဉ်လုပ်ငန်းဆန်းစစ်သုံးသပ်မှု၊ ဆွေးနွေးတိုင်ပင် အကြံပြုမှု များ ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်)၊ ကပ်ရောဂါ ဗေဒဌာနမှ ပါဝင်ပြီး ဖြစ်စဉ်အခြေအနေအရပ်ရပ်ကို သုံးသပ်၍ ကပ်ရောဂါဗေဒ ရှုထောင့်မှ ဆွေးနွေးအကြံပြုချက်များပေးအပ်ရန်၊ ဝေဘာဂီအထူးကုဆေးရုံကြီး ရှိဆောက်လုပ်ဆဲ နှစ်ထပ်လူနာဆောင်သစ်နှင့် သုံးထပ်လူနာဆောင်သစ်များအမြန်ဆုံးဆောက်လုပ်ပြီးစီးရေးအတွက် စီစဉ်ဆောင်ရွက်ရန်နှင့် ဝန်ကြီးဌာနမှ လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်မည်ဖြစ်ပါကြောင်း။
2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသောအဆုတ် ရောင်ရောဂါနှင့်ပတ်သက်၍ ဝန်ကြီးဌာနများပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေး ကော်မတီအစည်းအဝေးကို အပတ်စဉ် ပြုလုပ်ဆောင်ရွက်ရန်၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် 2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွား သော အဆုတ်ရောင်ရောဂါ သံသယလက္ခဏာများတွေ့ရှိပါက မဖြစ်မနေ သတင်းပေးပို့ရေး (mandatory reporting) အတွက် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်သွားနိုင်ရေးကို ထည့်သွင်းစဉ်းစားရန်၊ အထက်ပါကိစ္စရပ်များ အားလုံးကို ထည့်သွင်းစဉ်းစားရန်နှင့် ယနေ့ မိမိလမ်းညွှန်မှာကြားချက်များကို တိကျစွာ အမြန်ဆုံးဆောင်ရွက်ရန် ပြောကြားသည်။
အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ဒုတိယညွှန်ကြားရေး မှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေး)၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ကူးစက်ရောဂါကုသရေး ဆိုင်ရာ ပါမောက္ခများ၊ အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာနနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်