2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့်ကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၉/၂၀၂၀) ကျင်းပ

Image not available
2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ
ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့်ကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၉/၂၀၂၀) ကျင်းပ
============================================================
နေပြည်တော် ဖေဖော်ဝါရီ ၅
2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟို အဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၉/၂၀၂၀) ကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရုံးအမှတ် (၄)၌ ကျင်းပသည်။
ဆောင်ရွက်နေ
အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနချုပ် မှ နောက်ဆုံးထုတ်ပြန်ချက်များ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ကူးစက်ရောဂါဗေဒရှုထောင့်မှ အသေးစိတ်သုံးသပ်ချက် များ၊ ရောဂါကုသမှုဆိုင်ရာအတွက် ကုသရေးရှုထောင့်မှ သုံးသပ်ချက်များ၊ ရောဂါဖြစ်ပွားမှုသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် နေ့စဉ်ဆက်လက်မြင့်မားနေမှု၊ လုပ်ငန်း များဆောင်ရွက်ရာတွင် သံသယလူနာများကို အားထုတ် ကြိုးပမ်းရှာဖွေပြီး ရောဂါကာကွယ်ထိန်းချုပ်ဆောင်ရွက် မှု မဟာဗျူဟာဖြင့် ဆောင်ရွက်နေမှု၊ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခြင်း၊ သံသယလူနာများအား စောစီးစွာထောက်လှမ်းခြင်း၊ သံသယလူနာ/ အတည်ပြုလူနာများအား အခြားသူများ နှင့် မထိတွေ့စေဘဲ သီးခြားခန်းတွင် ထားရှိကုသမှုပေး ခြင်း၊ သံသယလူနာ/ လူနာနှင့် အနီးကပ်ထိတွေ့ဆက်ဆံ ဖူးသူများကို ထောက်လှမ်း၍ ရောဂါစောင့်ကြပ်ကြည့်ရှု ခြင်း၊ ရောဂါထပ်မံပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ခြင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် သတင်းအချက်အလက်များ အပြန်အလှန်ဝေမျှခြင်းတို့ကို လုပ်ဆောင်နေမှု။
တိုင်းဒေသကြီး/ ပြည်နယ် လေးခုမှ မြို့နယ် ၁၀ မြို့နယ်ရှိ တရားဝင်နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက် ၂၀ တွင် ခရီးသွားများအားလုံးအား Health Declaration Card ဖြည့်စွက်စေ၍ ကျန်းမာရေးအချက်အလက်များ နှင့် ၎င်းတို့နေထိုင်သွားလာမည့် နေရာအချက်အလက် များအား ရယူနိုင်ရေး အားဖြည့်ဆောင်ရွက်နေမှု၊ ဖေဖော်ဝါရီ ၄ ရက် စာရင်းအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝင်ရောက်သည့် လေယာဉ် များအပါအဝင် လေယာဉ်အားလုံးမှ ခရီးသည်များအား သေချာစွာစိစစ်ခဲ့မှုနှင့် အဖျားလူနာမတွေ့ရှိမှုအခြေအနေ။
တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီးမှ ပေးပို့လာသော ရောဂါ စောင့်ကြပ်ကြည့်ရှုရေးဆောင်ရွက်နေမှုနှင့် သတင်းပေးပို့ နေမှုအခြေအနေများနှင့် ထူးခြားဖြစ်စဉ်များအား တင်ပြ ခြင်း၊ မြန်မာနိုင်ငံတွင် ယခုအချိန်အထိ ဓာတ်ခွဲအတည်ပြု လူနာမတွေ့ရှိရမှု၊ ဝေဘာဂီဆေးရုံရှိ စောင့်ကြည့်လူနာ နှင့် သံသယလူနာများအား ဆေးကုသမှုအပါအဝင် လေယာဉ်အမှုထမ်း ငါးဦး၏ အခြေအနေကောင်းမွန်မှု။
နိုင်ငံတကာလေဆိပ် သုံးခုအပါအဝင် နယ်စပ် ဝင်၊ ထွက်ပေါက်များမှ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲသို့ အချိန်နှင့်တစ်ပြေးညီ ထူးခြားဖြစ်စဉ်များ သတင်းပေးပို့မှုများအား အင်တာနက်ကွန်ရက်မှတစ်ဆင့် အဖွဲ့ဖွဲ့ဆက်သွယ်ဆောင်ရွက်နေမှု။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိ လာသော မြန်မာနိုင်ငံသားပညာသင် ၅၉ ဦး၏ ကျန်းမာရေးအခြေအနေသည် (ယနေ့နံနက်ပိုင်းစစ်ဆေး ချက်များအရ) ကောင်းမွန်နေမှု၊ ဆေးနှင့် ဆေးပစ္စည်းများ စုဆောင်းထားရှိမှု၊ ရရှိမှု၊ ခွဲဝေဖြန့်ဖြူးထားမှု အခြေအနေ နှင့် တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးဝတ်စုံများ ထပ်မံ ဝယ်ယူရေးဆောင်ရွက်ထားမှုအခြေအနေ၊ နေ့စဉ် ညနေ ၆ နာရီတွင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန နှစ်ခုအကြား သတင်းအချက်အလက် ဝေမျှဆောင်ရွက်မှု အခြေအနေ။
ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် ခရီး သွားလာမှု ရာဇဝင်ကိုက်ညီသော လူနာတွေ့ရှိပါက သံသယလူနာ သို့မဟုတ် စောင့်ကြည့်လူနာ သတ်မှတ်နိုင် ရေးအတွက် သတင်းပေးပို့ဆောင်ရွက်ရမည့် အခြေအနေ အား ညှိနှိုင်းသတ်မှတ်ခဲ့မှု၊ ဝေဘာဂီကူးစက်ဆေးရုံ၌ Quarantine လူနာများထားရှိမှု အခြေအနေနှင့် တိုင်းနှင့် ပြည်နယ်များရှိ အသစ်ဆောက်လုပ်ထားသော တိုးချဲ့ ဆောင်များအား အသုံးပြုနိုင်ရေးညှိနှိုင်းဆောင်ရွက်မှု အခြေအနေ၊ ကောလာဟလသတင်းမှားများကို အချိန်နှင့် တစ်ပြေးညီ စနစ်တကျပြန်လည်အသိပေးရှင်းလင်းနိုင်ရေး စသည်တို့အပါအဝင် နောက်ဆုံးသတင်းအချက်အလက် များကိုတင်ပြခြင်း၊ ဝေမျှခြင်းနှင့် ဆွေးနွေးအကြံပြုခြင်း များ ဆောင်ရွက်ကြသည်။
ဆက်လက်ဆောင်ရွက်ရမည်
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ယခုဖြစ်ပွား နေသော 2019-nCoV လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါဖြစ်ပွားပျံ့နှံ့မှုနှုန်းသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၌ နေ့စဉ်ပိုမိုမြင့်မားနေသည်ကို ဆက်လက်တွေ့ရှိ နေရသည့်အတွက် မိမိတို့အနေဖြင့် ရောဂါကာကွယ် ထိန်းချုပ်မှုလုပ်ငန်းများကို အရှိန် (လုံးဝ) မလျှော့ဘဲ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ ဖြစ်ပွားမှုများတွင် အာရှနှင့် အာဆီယံနိုင်ငံများတွင်လည်း ဖြစ်ပွားမှုများရှိနေခြင်း၊ တစ်ဆင့်ခံခရီးစဉ်များမှ ခရီးသည် များရှိနေနိုင်ခြင်းကြောင့် သက်ဆိုင်ရာလေကြောင်းခရီး သည်များကိုလည်း ဆက်လက်ဂရုပြုစောင့်ကြည့်ရန် လိုအပ်ပါကြောင်း၊ ရောဂါပိုးစတင်ကူးစက်ခံရချိန်မှ ရောဂါ လက္ခဏာများစတင်ပြသသည့်ကြားကာလ (ရောဂါပျိုးချိန် သည်) အနည်းဆုံး နှစ်ရက်မှ အများဆုံး ၁၀ ရက်အထိ ရှိသည်ဖြစ်၍ ကပ်ရောဂါဗေဒရှုထောင့်မှကြည့်ရှုလျှင် ယခု လက်ရှိအချိန်သည် အရေးကြီးသည့်အချိန်အခါ (crucial period) အခြေအနေဖြစ်ပါကြောင်း။
မည်သည့်အချိန်တွင်မဆို ရုတ်ခြည်းလူအများ ကပ်အသွင်ကူးစက်ဖြစ်ပွားနိုင်သည်ကို အလေးအနက်ထား ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သံသယလူနာ/ လူနာနှင့် အနီးကပ်ထိတွေ့ဆက်ဆံဖူးသူ များကို ထောက်လှမ်း၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လူမှုကွန်ရက်စာမျက်နှာများ၊ နိုင်ငံတကာ မီဒီယာများပေါ်သို့ ရောက်ရှိပျံ့နှံ့လာသည့်သတင်းများ၏ အတိမ်အနက်၊ အခြေအမြစ်ရှိသည်၊ မရှိသည်ကို ဆန်းစစ် သုံးသပ်ခြင်း၊ ခိုင်မာသည့်သတင်းရင်းမြစ်နှင့် တိုက်ဆိုင် စစ်ဆေးခြင်းများ ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အမေရိကန်နိုင်ငံ US CDC၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တရားဝင်အင်တာနက်စာမျက်နှာများကို စောင့်ကြည့် လေ့လာနေရမည် ဖြစ်ပါကြောင်း။
မည်သည့်အဖွဲ့အစည်းမှ အကြံပြုချက်များကိုမဆို မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေအရပ်ရပ်နှင့် ချိန်ထိုး ကိုက်ညီမှုရှိစေရေး စဉ်းစားသုံးသပ်ပြီးမှ ဝိုင်းဝန်းစုစည်း တိုင်ပင်ကာ ဆုံးဖြတ်ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ယခုလောလောဆယ်အချိန်အထိ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိရသေးသော်လည်း ရောဂါပျိုးချိန်အတွင်းဖြစ်၍ ရောဂါလက္ခဏာမပြသေးသူများ ရှိနေနိုင်သည့်အချက်ကို နောက်ခံထား၍ လုပ်ငန်းများဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့သော၊ ဆောင်ရွက်နေသောလုပ်ငန်းများကို စောင့်ကြည့်သုံးသပ်မှု အမြဲမပြတ်ပြုလုပ်ကာ လိုအပ်သည်များ အားဖြည့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများ အားလုံးကို မှတ်တမ်းပြုစုကာ စုစည်းထားရှိရမည် ဖြစ်ပါ ကြောင်း။
ဆက်လက်ထုတ်ပြန်ပေး
ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ ပါဝင် ဆောင်ရွက်နေသူများအားလုံးအကြားတွင် ဆက်သွယ်မှု လမ်းကြောင်းကို တိကျပြတ်သားစွာဖြင့် သတင်းပေးပို့ ဖလှယ်မှုများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုအစည်း အဝေးတွင် တက်ရောက်သူများ၊ လုပ်ငန်းဆောင်ရွက်နေသူ များအားလုံးသည် ပြည်သူတစ်ရပ်လုံး၏အကျိုးအတွက် ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက် နေကြခြင်းဖြစ်သည်ကို နှလုံးသွင်း၍ ကြိုးပမ်းလုပ်ဆောင် ရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ စောင့်ကြည့်လူနာများနှင့် သံသယလူနာများ၏ အခြေအနေ သတင်းများနှင့် ထူးခြားဖြစ်စဉ်သတင်းများကို ဝန်ကြီးဌာန ၏ အင်တာနက်စာမျက်နှာ (www.mohs.gov.mm) မှ ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန် ပေးရန်ဖြစ်ပါကြောင်း။
ဓာတ်ခွဲအတည်ပြုရောဂါရှိသူများ တွေ့ရှိပါက ၎င်းတို့ကို ထိရောက်သည့်ကုသမှုပေးရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အခြားနိုင်ငံများမှ ကုထုံးသစ်များ စမ်းသပ်နေမှုများကို မျက်ခြည်မပြတ် ဆက်လက် စောင့်ကြည့်လေ့လာနေရမည်ဖြစ်ပါကြောင်း၊ ဓာတ်ခွဲ အတည်ပြုရောဂါရှိသူများ ကုသမှုခံယူပြီး သက်သာ ပျောက်ကင်းသည့်အခါ ၎င်းတို့ထံမှ ရောဂါဆက်လက် ပြန့်ပွားနိုင်ခြေလုံးဝမရှိသည့် အချိန်တွင်မှ ဆေးရုံမှ ပေးဆင်းရန်နှင့် ထိုသို့ဆေးရုံဆင်းရာတွင် ၎င်းတို့ အနေဖြင့် ဆက်လက်လုပ်ဆောင်ရမည့်အချက်များကို လက်ကမ်းစာစောင်ပြုစုပေးအပ်ရမည်ဖြစ်ပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်နှင့် ထိစပ်လျက်ရှိသော နယ်စပ်ဒေသများရှိ တရားဝင် ဝင်၊ ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုများ အထူးအလေးပေး ဆက်လက်အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ သတင်း ပေးပို့မှုများအပေါ် အားသာချက်၊ အားနည်းချက်များ သုံးသပ်၍ ပြန်လည်ပေးပို့ (feedback) ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုအားသာချက်၊ အားနည်းချက်များ အား သိရှိနားလည်နိုင်ရေးနှင့် ချိတ်ဆက်ဆောင်ရွက်မှု များ ပိုမိုအားကောင်းစေရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးများနှင့် ဆက်သွယ်ရေးကွန်ရက် အသုံးပြု ဆွေးနွေးပြောဆိုမှုကို နေ့စဉ်ပြုလုပ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
အဓိကတာဝန်
အိမ်နီးချင်းနိုင်ငံများတွင် ရောဂါဖြစ်ပွားနေမှုများကို ကိုယ်ချင်းစာနာသော်လည်း မိမိတို့နိုင်ငံတွင် ရောဂါ ကူးစက်ပြန့်ပွားမှုများ ဖြစ်မလာစေရေးအတွက်သည်သာ အဓိကတာဝန်အဖြစ် သတ်မှတ်ကာ အားလုံးကဦးစားပေး အားထုတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ ကျန်းမာရေးရှုထောင့်၊ ကပ်ရောဂါဗေဒရှုထောင့်၊ ဓာတ်ခွဲ စမ်းသပ်မှုဆိုင်ရာရှုထောင့်၊ ကုသရေးဆိုင်ရာရှုထောင့် စသည့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာရှုထောင့်များအပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိစပ်နေသော ပထဝီ အနေအထား၊ ဒေသတွင်းရောဂါကူးစက်ပြန့်ပွားမှု၊ လူမှုရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး စသည့်အခြေအနေအရပ်ရပ်ကို ဘက်စုံထည့်သွင်းစဉ်းစား၍ ဖြစ်ပေါ်ပြောင်းလဲနေသော အခြေအနေများနှင့်အညီ တုံ့ပြန်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီး ရုံး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေး)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေး မှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး)၊ ညွှန်ကြားရေးမှူး (ဗဟို ကူးစက်ရောဂါတိုက်ဖျက်ရေး)၊ နေပြည်တော်ခုတင် (၁၀၀၀) ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီး၊ ကူးစက်ရောဂါကုသ ရေးဆိုင်ရာ ပါမောက္ခများ၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealth ကဏ္ဍ အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်၍ ဆန်းစစ် သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက် သည်။ သတင်းစဉ်