
နေပြည်တော် ဖေဖော်ဝါရီ ၇
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၌ကျင်းပသည့် 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၀) သို့ တက်ရောက်သည်။
သေဆုံးမှုရာနှုန်းမှာ ပြောင်းလဲမှုမရှိသေး
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းထုတ်ပြန်ချက်များအရ ယခုဖြစ်ပွားနေသော 2019-nCoV လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါဖြစ်ပွားပျံ့နှံ့မှုနှုန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ နေ့စဉ်ရက်ဆက် ပိုမိုမြင့်မားနေပါကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ရောဂါဖြစ်ပွားသူပေါင်း ၂၈၂၇၆ ဦးရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ၂၈၀၆၀ ဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဓာတ်ခွဲအတည်ပြု ရောဂါ ဖြစ်ပွားသူ ၁၀၀ လျှင် နှစ်ဦးခန့် သေဆုံးသည်ကို တွေ့ရှိ ရပြီး ဤရောဂါစတင်ဖြစ်ပွားစဉ်ကတည်းက အဆိုပါ သေဆုံးမှုရာနှုန်းမှာ ပြောင်းလဲမှုမရှိသေးသည်ကို တွေ့ရှိ ရသဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကုသမှုအပိုင်း၌ ကောင်းမွန်နေသည်ဟု ယူဆ၍ရပါကြောင်း။
နိုင်ငံခြားသားခရီးသည်များ ဝင်၊ ထွက်သွားလာမှု များပြားသော အိမ်နီးချင်းနိုင်ငံများတွင် ရောဂါကူးစက် ပျံ့နှံ့မှုများရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ ဖေဖော်ဝါရီ ၆ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထွက်ခွာလာ သော လေယာဉ်ခြောက်စင်းမှ ခရီးသည် ၃၃၄ ဦး ဝင်ရောက်လာသည်ကို သိရှိရသဖြင့် ဤခရီးသည်များ တည်းခိုနေထိုင်သည့် ဟိုတယ်၊ တည်းခိုခန်းများသို့ ရောဂါစောင့်ကြပ်ကြည့်ရှုသည့်လုပ်ငန်းများကို အားဖြည့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ပြုလုပ်ခြင်းမှာ ၎င်းတို့ ပြည်တွင်းသို့ ဝင်ရောက်လာခဲ့စဉ်က ဖျားနာခြင်း မရှိဘဲ ရောဂါပျိုးချိန်ကာလအတွင်း ရှိနေနိုင်သောကြောင့် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံနယ်မြေချင်းထိစပ်မှုမှာ မိုင် ၁၃၀၀ ခန့် ရှည်လျား ပြီး ကုန်းလမ်းကြောင်းများရှိ တရားဝင် ဝင်၊ ထွက်ပေါက် များအပြင် တရားမဝင် ဝင်၊ ထွက်ပေါက်များမှပါ ဝင်ရောက် နေမှုများရှိနေသည့်အချက်သည် မိမိတို့နိုင်ငံအတွက် အထူးအရေးကြီးသည့်အချက်ဖြစ်သည့်အတွက် ဝင်ရောက် လာသည့် ခရီးသည်ဦးရေနှင့် ရောဂါဖြစ်ပွားမှုအခြေ အနေကို အမြဲစောင့်ကြပ်ကြည့်ရှု သုံးသပ်ရမည်ဖြစ်ပါ ကြောင်း၊ တရားဝင် ဝင်၊ ထွက်ပေါက်များ၌ မိမိတို့ဝန်ထမ်း များသည် နှီးနွှယ်ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရောဂါ စောင့်ကြပ်ကြည့်ရှုနေပါကြောင်း။
အဆိုပါနေရာဒေသများရှိ ရောဂါစောင့်ကြပ် ကြည့်ရှုမှုလုပ်ငန်းများတွင် နယ်စပ်ဒေသများ၌ လုပ်ငန်း ဆောင်ရွက်နေသော နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs) ၏ ပူးပေါင်းပါဝင်မှုအခန်းကဏ္ဍ သည် အရေးကြီးပါကြောင်း၊ အဆိုပါအဖွဲ့အစည်းများထံသို့ ၎င်းတို့ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သည့် လုပ်ငန်းများနှင့် ပတ်သက်၍ ယနေ့ပင် ချက်ချင်းအကြောင်းကြားပေါင်းစပ် ညှိနှိုင်းရမည်ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများထံမှ ရရှိသော ပံ့ပိုးမှုများကို အမြန်ဆုံးစိစစ်သုံးသပ်၍ ဆက်လက် လိုအပ်မည့် ဆေး၊ ဆေးပစ္စည်းကိရိယာနှင့် ဓာတ်ခွဲပစ္စည်းများ အချိန်မီရရှိစေရေးအတွက် အထူးအားထုတ်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ၎င်းတို့ကတိကဝတ်ပြုထားသည့် အချက် များကို မြန်ဆန်စွာ အကောင်အထည်ဖော်ရေး ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ WHO Health Cluster အစည်းအဝေးမှ အကြံပြုချက်များ ပံ့ပိုးပေးရန်၊ ကတိပေး ကမ်းလှမ်းချက်များ အမြန်ဆုံးရရှိဖြစ်မြောက်စေရန် ဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးအသိပညာမြှင့်တင် ရေးဌာနခွဲက ပြုစုပြီးဖြစ်သည့် တရုတ်ဘာသာဖြင့် ကျန်းမာ ရေးအသိပညာပေးလက်ကမ်းစာစောင်များကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ လာရောက်သူများ တည်းခိုရာ၊ နေထိုင်ရာနေရာ များနှင့် ရပ်ကွက်များတွင် ချက်ချင်းဖြန့်ဝေခြင်းနှင့် အသိပေး နှိုးဆော်ခြင်းများကို အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း။
သတင်းထုတ်ပြန်အသိပေး
ပြည်သူများက ၎င်းတို့၏ပတ်ဝန်းကျင်တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ လွန်ခဲ့သော ၁၄ ရက်အတွင်း သွားရောက်ခဲ့ပြီး သံသယရောဂါလက္ခဏာရှိသူများနှင့် ပတ်သက်၍ အကြောင်းကြားခဲ့ခြင်းများကို ကျန်းမာရေး အဖွဲ့များက နယ်မြေခံအာဏာပိုင်များနှင့် ကွင်းဆင်းစစ်ဆေး ခဲ့မှုများကို တွေ့ရှိရသည့်အချက်သည် ကောင်းမွန်ပါကြောင်း၊ အဆိုပါလုပ်ငန်းများကို အရှိန်အဟုန်လုံးဝလျှော့ချ၍ မရပါ ကြောင်း၊ ထိုသို့ကွင်းဆင်းဆောင်ရွက်ခဲ့မှုကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူများအား သတင်းထုတ်ပြန်အသိပေးရ မည်ဖြစ်ပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများ လုပ်ကိုင်လျက် ရှိသော ရန်ကုန်နှင့် မြို့ကြီးများရှိ စက်မှုဇုန်များ၊ အလုပ်ရုံနှင့် စက်ရုံများတွင်လည်း မြန်မာနှင့် တရုတ်ဘာသာကျန်းမာရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေနေမှုများကို ပိုမိုအားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ဝင်ရောက်လာ သူများတွင် Health Declaration Card အား ပြည့်စုံစွာ ဖြည့်စွက်ထားရှိမှုမရှိပါက ပြည်တွင်းသို့ လုံးဝဝင်ရောက်ခွင့် မပြုရန်မှာ အရေးကြီးပါကြောင်း၊ အဆိုပါ Health Declaration Card တွင် ၎င်းတို့နေထိုင်တည်းခိုမည့် ဆက်သွယ်ရန်ဖုန်းနံပါတ်နှင့် ရောဂါကာကွယ်ထိန်းချုပ်ရန် အရေးကြီးသည့်အချက်များပါရှိသည့်အတွက် ထိုသို့ ဖြည့်သွင်းရန်မှာ အရေးကြီးပါကြောင်း။
ယခုကာလအတွင်းတွင် မိမိတို့နိုင်ငံမှ ရောဂါဖြစ်ပွားမှု များပြားနေသေးသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခြင်းများ တတ်နိုင်သမျှ လျှော့ချခြင်း၊ ဖြစ်နိုင် ပါက မသွားရောက်ခြင်းတို့ကို ပြုလုပ်မှသာလျှင် ရောဂါကူးစက် နိုင်ခြေကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ဆေးဘက်ဆိုင်ရာပါမောက္ခများပူးပေါင်းကာ နိုင်ငံတကာမှ နောက်ဆုံးတွေ့ရှိချက် ကုထုံးများ ထည့်သွင်းရေးဆွဲထား သည့် ရောဂါကုသမှုလမ်းညွှန်ကို ယနေ့ပင် ဖြန့်ဝေပြီး ဖြစ်ပါကြောင်း။
ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်
ယခုကဲ့သို့ နေပြည်တော်၌ နေ့စဉ်လုပ်ငန်းဆန်းစစ် သုံးသပ်မှု၊ ဆွေးနွေးတိုင်ပင်အကြံပြုမှုများ ဆောင်ရွက်နေ ရာတွင် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်)နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)တို့မှ ဆရာ ဆရာမ အနည်းဆုံး နှစ်ဦးစီနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနမှ တစ်ဦးတို့ မပျက်မကွက်ပါဝင်တက်ရောက် ရမည်ဖြစ်ပါကြောင်း၊ သို့မှသာလျှင် မိမိတို့အားလုံးသည် ဤရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ဘက်ပေါင်းစုံမှရှုမြင် သုံးသပ်နိုင်ပြီး ရောဂါ၏ရေရှည်ကာကွယ်မှုနှင့် ထိန်းချုပ်မှု များ၌ ထိရောက်နိုင်မည်ဖြစ်ပါကြောင်း။
တိုင်းဒေသကြီး၊ ပြည်နယ်ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးများအနေဖြင့် ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် တယ်လီဖုန်း ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ လုပ်ငန်းကြီးကြပ် ခြင်းနှင့် ဆွေးနွေးညှိနှိုင်းခြင်းများ (teleconferencing) ပုံမှန်ဆောင်ရွက်လျက်ရှိသည်ကိုသိရှိရသဖြင့် ကောင်းမွန် သည့်အချက်တစ်ချက်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် နှီးနွှယ်ဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်၍ အရှိန်အဟုန်မြှင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ဆွေးနွေး အကြံပြု
ဆက်လက်၍ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲ၊ ဝယ်ယူဖြန့်ဖြူးရေး၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲ၊ eHealth၊ ပြည်တွင်း ပြည်ပဆက်ဆံ ရေးနှင့် သတင်းပြန်ကြားရေး၊ ကုသရေး စသည့်ဌာနခွဲနှင့် ကဏ္ဍများမှ တာဝန်ရှိသူများက - ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်က နောက်ဆုံး(update)ထုတ်ပြန်ချက်များ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက် ပျံ့နှံ့မှုဆိုင်ရာ ကူးစက်ရောဂါဗေဒရှုထောင့်မှ အသေးစိတ် သုံးသပ်ချက်များ၊ ရောဂါကုသမှုဆိုင်ရာအတွက် ကုသရေး ရှုထောင့်မှသုံးသပ်ချက်များ၊ ဝန်ကြီးဌာနက သံသယလူနာ များကို အားထုတ်ကြိုးပမ်းရှာဖွေပြီး ရောဂါကာကွယ် ထိန်းချုပ်ဆောင်ရွက်မှုမဟာဗျူဟာ (Containment Strategy) ဖြင့် ဆောင်ရွက်နေမှု၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ နယ်စပ်ဝင်၊ ထွက်ပေါက်များမှ ဝင်၊ ထွက် သွားလာမှုစာရင်းဇယားများနှင့် ရောဂါစောင့်ကြပ်ကြည့်ရှု ဆောင်ရွက်မှုအချက်အလက်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီးမှ ပေးပို့လာသော ရောဂါစောင့်ကြပ်ကြည့်ရှုရေး ဆောင်ရွက် နေမှုနှင့် သတင်းပေးပို့နေမှုအခြေအနေများ၊ ပြည်သူများက ၎င်းတို့၏ပတ်ဝန်းကျင်တွင် ရောဂါဖြစ်ပွားသည့် နိုင်ငံများမှ လာရောက်ခဲ့သည့် သံသယလူနာ အထင်ရှိသူများနှင့် ပတ်သက်၍ အကြောင်းကြားခဲ့ခြင်းများကို ကျန်းမာရေး အဖွဲ့များက နယ်မြေခံအာဏာပိုင်များနှင့် ကွင်းဆင်း စစ်ဆေးခဲ့မှုများ၊ သံသယလူနာများနှင့် စောင့်ကြပ်ကြည့်ရှု လူနာများ၏ ကျန်းမာရေးအခြေအနေများ၊ ဆေးနှင့် ဆေး ပစ္စည်းများ စုဆောင်းထားရှိမှု၊ ရရှိမှု၊ ခွဲဝေဖြန့်ဖြူးထားမှု အခြေအနေများ၊ ကောလာဟလသတင်းမှားများကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျပြန်လည်အသိပေးရှင်း လင်းနိုင်ရေး စသည်တို့အပါအဝင် နောက်ဆုံးသတင်း အချက်အလက်များကို တင်ပြခြင်း၊ ဝေမျှခြင်းနှင့် ဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်သည်။
အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေး မှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါ နှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ ရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး)၊ ညွှန်ကြား ရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ညွှန်ကြား ရေးမှူး (ကုသရေး)၊ နေပြည်တော်ခုတင် ၁၀၀၀ ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီး၊ ကူးစက်ရောဂါကုသရေးဆိုင်ရာ ပါမောက္ခများ၊ ဆေးပညာပါမောက္ခများနှင့် ပြည်တွင်း ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး၊ ပြည်သူ့ ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealth ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်သည်။
သတင်းစဉ်