၂၀၂၀ ကို သတိတရားဖြင့် လည်ပြန်ကြည့်

အယ်ဒီတာ့အာဘော်

==========

၂၀၂၀ ကို သတိတရားဖြင့် လည်ပြန်ကြည့်

=======================

ခရစ်နှစ် ၂၀၂၀ ပြည့်နှစ်သည် ယနေ့(ဒီဇင်ဘာလ ၃၁ ရက်နေ့)တွင် ကုန်ဆုံးပြီ ဖြစ်သည်။ နှစ်တို့သည် တစ်နှစ်ပြီးတစ်နှစ် တရွေ့ရွေ့ကုန်ဆုံးခြင်းဖြင့် မမြဲသောဖြစ်ခြင်းပျက်ခြင်းကို ညွှန်းဆိုသည်။ ယင်းကို သင်္ခါရသဘောအဖြစ် ရှုမြင်နိုင်သကဲ့သို့ အနိစ္စသဘောချုပ်ငြိမ်းခြင်းအဖြစ်လည်း ဆင်ခြင်နိုင်မည် ဖြစ်သည်။ ဤသို့ဖြင့် ဖြစ်ခြင်း၊ ပျက်ခြင်း မဆုံးနိုင်သော သံသရာကြီး အစဉ်လည်နေခြင်းသည် ဓမ္မသဘော၊ လောကသဘော ဖြစ်မြဲဓမ္မတာသာ ဖြစ်သည်။

လူ့ဘဝသည် တိုတိုလေးဖြစ်သည်ကို တစ်နှစ်တာကာလ အလျင် အမြန်ကုန်ဆုံးခြင်းက ပြခဲ့သည်။ လူသားတို့လည်း ကိုယ်စီလုပ်ရင်းကိုင်ရင်း၊ လောကကိုရင်ဆိုင်ရင်း အသက်တစ်နှစ်ကြီးလာခဲ့သည်။ ဤသည် မလွဲမသွေ ကြုံတွေ့ရမည့် တရားသဘော၊ လောကသဘောသာဖြစ်သည်။ ကုန်ဆုံးခြင်း၊ ပြီးဆုံးခြင်းတို့သည် ဖြစ်မြဲဓမ္မတာဖြစ်သော်လည်း လောကကြီးတွင် အချည်းနှီးအဓိပ္ပာယ်မဲ့မကုန်ဆုံးဘဲ အနှစ်သာရရှိစွာဖြင့် ကုန်ဆုံးသင့် ပေသည်။

မရောက်သေးသောကာလသည် မျှော်လင့်ခြင်းသာဖြစ်ပြီး ကုန်ဆုံး ခဲ့သော ကာလများသည် အသိတရားဖြင့် ရှုမြင်ဆင်ခြင်ဖို့ဖြစ်သည်။ ကုန်ဆုံး သွားသော အတိတ်ကာလနှင့် မရောက်သေးသော အနာဂတ်ကာလကြား လက်ရှိပစ္စုပ္ပန်ကာလ၌ ကောင်းရာကောင်းကြောင်း၊ တိုးတက်ရာတိုးတက် ကြောင်း လုပ်ဆောင်နိုင်ရန်အတွက် “အပ္ပမာဒေန သမ္ပာဒေထ” သတိတရား ဖြင့် စောင့်ကြည့်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ တိုးတက်ရာတိုးတက်ကြောင်း၊ ကြီးပွားရာကြီးပွားကြောင်း၊ ပစ္စက္ခအချိန်တွင် သတိနှင့်စောင့်ကြည့် သတိနှင့်လုပ်ကိုင်ဖို့သာဖြစ်သည်။

“အပ္ပမာဒေန သမ္ပာဒေထ” ဒေသနာတော်သည် ပိဋကတ်သုံးပုံကိုပင် အကုန်ခြုံငုံမိသည့် မြတ်ဗုဒ္ဓ၏ လက်စွဲတရားတော်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ ဘုရားသည် “အပ္ပမာဒေန သမ္ပာဒေထ” ဒေသနာတရားတော်ကို နေ့စဉ် တစ်နေ့နှစ်ကြိမ်ဝေနေယျသတ္တဝါများအား ဟောကြားတော်မူသည်။ “အပ္ပမာ ဒေန သမ္ပာဒေထ”၏အဓိပ္ပာယ် အနှစ်ချုပ်မှာ “လောကနှင့်ဘဝ” ကို သတိနှင့် စောင့်ကြည့်ကြဟူသော အဓိပ္ပာယ်ရှိသည်ဟု သီတဂူဆရာတော်ကြီးက မိန့်ကြားခဲ့သည်။

သတိသည် ကိုယ်စောင့်တရား၊ သက်စောင့်တရား၊ စိတ်စောင့်တရား ဖြစ်သည်။ မိမိတို့၏ဘဝကို သတိဖြင့် စောင့်ကြည့်နိုင်သူ၊ သတိဖြင့် စောင့် ရှောက်နိုင်သူသည် အောင်မြင်သူဖြစ်သည်။ ပြည်သူ ပြည်သားများ အားလုံး၏ ဘဝသည် နိုင်ငံဖြစ်သည်။ နိုင်ငံ၏ဘဝသည် ပြည်သူပြည်သားများဖြစ်သည်။ ထို့ကြောင့် နိုင်ငံမထိခိုက်မပျက်စီးရေး၊ ပြည်သူပြည်သားများ မထိခိုက် မဆုံးရှုံး မပျက်စီးစေရေးအတွက် “အပ္ပမာဒေန သမ္ပာဒေထ” ယခုပစ္စက္ခတွင် သတိဖြင့်စောင့်ကြည့်၊ သတိဖြင့်စောင့်ရှောက်ကြရမည်ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ဘေးကင်းရန်ကွာစွာဖြင့် ကြီးပွား တိုးတက်ရေးအတွက် “အပ္ပမာဒေန သမ္ပာဒေထ” သတိဖြင့်စောင့်ကြည့်၊ သတိဖြင့်စောင့်ရှောက်ကြရမည်ဖြစ်သည်။

ကုန်ဆုံးပြီဖြစ်သော ၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာ့နိုင်ငံများအားလုံးအတွက်ပါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် အခက်အခဲများ၊ စိန်ခေါ်မှုများ များစွာကြုံဆုံခဲ့ရသောနှစ်ဟု အဓိက ဆိုရ မည်ဖြစ်သည်။ ပြည်သူများ၏ လူမှုစီးပွားဘဝများ ယိမ်းယိုင်ခဲ့ရသော နှစ်တစ် နှစ်ဟု ဆိုရမည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်သည် မည်သို့ပင်ရှိသည်ဖြစ်စေ ကိုဗစ်-၁၉ ကို ကမ္ဘာသူကမ္ဘာသား ပြည်သူပြည်သားတို့သည် “အပ္ပမာဒေန သမ္ပာဒေထ” တရားအရ ကုန်ဆုံးခဲ့သောအတိတ်နှစ်ဟောင်းကို သတိဖြင့် ပြန်ကြည့်၊ အနာဂတ်နှစ်သစ်ကိုလည်း သတိဖြင့်ကြိုကြည့်ဟု သတိပေး ခေါင်းလောင်းထိုးထားသည်။

သို့ဖြစ်ရာ ကျွန်ုပ်တို့သည် ၂၀၂၀ ပြည့်နှစ်ကို “အပ္ပမာဒေန သမ္ပာဒေထ” သတိတရားဖြင့် လည်ပြန်ကြည့်သော် မိမိနိုင်ငံနှင့်မိမိလူမျိုးအကျိုးအတွက် အသိ၊ သတိများ ပိုမိုဆင်ခြင်ပွားများ ကျင့်ကြံအားထုတ်ရမည့် အချက်များကို တွေ့ရပြီဖြစ်ရာ ကုန်ဆုံးပြီဖြစ်သည့် ၂၀၂၀ ပြည့်နှစ်ကို “အပ္ပမာဒေန သမ္ပာဒေထ” ဖြင့် နှုတ်ဆက်ပြီး ၂၀၂၁ ခုနှစ်ကိုလည်း “အပ္ပမာဒေန သမ္ပာဒေထ”ဖြင့် ကြိုဆိုပါကြောင်း။ ။

No photo description available.

0