၂၀၂၀ ပြည့်နှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနား ကျင်းပ

၂၀၂၀ ပြည့်နှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနား ကျင်းပ

========================================================

 

နေပြည်တော် စက်တင်ဘာ ၈

 

၂၀၂၀ ပြည့်နှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။

 

ရှေးဦးစွာ “အနာဂတ်မျှော်တွေး စဉ်ဆက်ပညာရေး” တေးသရုပ်ဖော် ဗီဒီယိုဖြင့် အခမ်းအနားကို ဂုဏ်ပြုဖွင့်လှစ် သည်။

 

စိန်ခေါ်မှုပိုများလာ

 

ထို့နောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ နာယက၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားရာ တွင် ယနေ့သည် ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ကြီးက ၁၉၆၇ ခုနှစ်မှစ၍ ကျင်းပလာခဲ့သည့် နိုင်ငံတကာစာတတ် မြောက်ရေးနေ့ကို မြန်မာနိုင်ငံတွင်လည်း နှစ်စဉ် အစဉ် အလာမပျက် ကျင်းပသည့် အခမ်းအနားဖြစ်ပါကြောင်း၊ ယနေ့ကျင်းပနေသည့် ၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အချိန်ကာလတွင် ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိနေဆဲဖြစ်ပါကြောင်း၊ ယခုကိုဗစ် ကမ္ဘာ့ကပ်ရောဂါကူးစက်မြန်သည့် အခြေအနေကြောင့် လက်ရှိစာတတ်မြောက်မှုအခြေအနေ၊ ကျောင်းပညာရေး၊ တစ်သက်တာသင်ယူရေး အခွင့်အလမ်းတို့ကို စိန်ခေါ်မှု များ ပိုမိုများပြားလာစေပါကြောင်း။

ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာအနှံ့စာသင်ကျောင်း များ၊ အခြားပညာသင်ယူခွင့်ရသည့် နေရာများပိတ်ထားခဲ့ ရပြီး နိုင်ငံပေါင်း ၁၉၀ ကျော်က ပညာသင်ယူနေသူပေါင်း ၁ ဒသမ ၆ ဘီလီယံနီးပါးနှင့် အခြေခံပညာ ဆရာ ဆရာမ ၆၃ သန်းခန့်အပေါ် သက်ရောက်မှုရှိခဲ့ပါကြောင်း၊ ကမ္ဘာ့ သမိုင်းတွင် အကြီးမားဆုံးသော သင်ယူမှုအခွင့်အလမ်းဆုံးရှုံးမှုကြီးကို ဖြစ်ပေါ်စေခဲ့ကြောင်းကို ကုလသမဂ္ဂကမ္ဘာ့ ပညာရေးအဖွဲ့များ၏ ဆန်းစစ်ချက်များတွင် ဖော်ပြထားပါ ကြောင်း။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံပေါင်း ၁၆၅ နိုင်ငံရှိ မူလတန်းကျောင်းသား ၆၃ သန်းတို့သည်လည်း နစ်နာဆုံးရှုံးမှုများနှင့်ကြုံတွေ့လာရပါကြောင်း၊ အဝေးသင် ပညာရေးအစီအစဉ်များသည်လည်း ကလေးငယ်များ၊ လူငယ်များအတွက် ကျောင်းသင်ပညာရေးကဲ့သို့ အရေးပါ လာသလို အွန်လိုင်းသင်ယူမှုနှင့် အွန်လိုင်းသင်ခန်းစာများ၊ ပုံနှိပ်ဖြန့်ဝေခြင်းများ၊ တီဗွီ၊ ရေဒီယိုစသည့် အသံလွှင့် အစီအစဉ်များနှင့်ဖြစ်နိုင်သည့် သင်ယူမှုအခွင့်အလမ်း များဖြင့် ဖြေရှင်းဆောင်ရွက်လာခဲ့ကြပါကြောင်း။

 

အထူးသတိပြုသင့်သည်မှာ ယခုလိုသင်ယူမှုဆုံးရှုံး ရခြင်း၏ သက်ရောက်မှုကို အလျင်အမြန် တုံ့ပြန်ကုစားမှုမပြုနိုင်ကြလျှင် အနာဂတ်မျိုးဆက်များအပေါ်ပါ ခြိမ်းခြောက်လာနိုင်ပြီး ဆယ်စုနှစ်ချီသည့် ရေရှည်တည်တံ့ ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း ထိခိုက်နစ်နာဆုံးရှုံးမှု များပြားစေနိုင်သည့်အချက်ဖြစ်ပါ ကြောင်း၊ ယခုလိုစိန်ခေါ်မှုများနှင့်အတူ တစ်ဖက်တွင်လည်း သင်ယူရေးနှင့် လေ့ကျင့်ရေးအခွင့်အလမ်းများ ဆက်လက် ဖြစ်ပေါ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာလ လူနေမှုပုံစံသစ် (New Normal) နှင့်အတူ သင်ယူမှုပုံစံသစ် (New Learning Model)များကိုလည်း ICT နည်းပညာများ၊ မီဒီယာနည်း ပညာများအပေါ်အခြေခံပြီး ကမ္ဘာ့နိုင်ငံများနှင့် ပညာရေး အသိုင်းအဝိုင်းတစ်ခုလုံးက တီထွင်ကြံဆ ဖော်ထုတ်ဖြေရှင်း လာကြသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ သင်ယူမှုပုံစံသစ် များဖြင့် အရည်အသွေးရှိသော ပညာရေးအတွက် စနစ် တကျ ပြန်လည်ကုစားပြီး အရှိန်အဟုန်ဖြင့် စီမံ ဆောင်ရွက်နေခြင်းနှင့်အတူ “မည်သူတစ်ဦးတစ်ယောက် မျှ မကျန်ရစ်စေရေး” ရည်မှန်းချက်ကို အောင်မြင် ပေါက်မြောက်စေရေးတို့အတွက် သင်ယူမှုအခွင့်အလမ်း ရရှိရန်၊ အခက်အခဲရှိ၍ ထိခိုက်နစ်နာဆုံးရှုံးနိုင်သော ကလေး၊ လူငယ်များကို ဦးစားပေးဖြည့်ဆည်းပံ့ပိုးပေး ရန်၊ ပြောင်းလဲလာသည့် သင်ယူမှုပုံစံသစ်များအတွက် ဆရာ ဆရာမများ မွမ်းမံသင်တန်း ဆောင်ရွက်ပေးရန်၊ သင်ယူမှု စဉ်ဆက်မပြတ်ရှိစေရန်နှင့် ပိုမိုကောင်းမွန်လာ ရန်အတွက် နည်းပညာနှင့် အခြေခံအဆောက်အအုံများ စနစ်တကျ ဖြည့်ဆည်းအကောင်အထည်ဖော် ဆောင်ရွက် ရန်တို့ကို အဓိကပိုမိုအလေးထားသင့်ပါကြောင်း၊ ယခု ကြုံတွေ့နေရသည့် သင်ယူမှုအခွင့်အလမ်းရရှိရေး အခက် အခဲများကို လာမည့်မျိုးဆက်သစ်များ မထိခိုက်စေရေး၊ အားလုံးအတူတူပူးပေါင်း၍ စုပေါင်းအင်အားဖြင့် အလျင် အမြန် ဝိုင်းဝန်းဆောင်ရွက်သင့်ကြောင်းကို ကုလသမဂ္ဂမူဝါဒ အစီရင်ခံစာတွင် တိုက်တွန်းထားသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း။

 

အတွေ့အကြုံများစွာရရှိ

 

ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် ကိုဗစ်-၁၉ ကပ် ရောဂါကာကွယ်တားဆီးရေး ချမှတ်ထားသည့် လူအုပ်စု မဖြစ်ပေါ်ရေး၊ နှာခေါင်းနှင့်ပါးစပ်တို့ကို နှာခေါင်းစည်း လုံခြုံစွာဝတ်ဆင်ရေး၊ တစ်ဦးနှင့်တစ်ဦး learning distancing အနည်းဆုံး ခြောက်ပေခြားရေး၊ ကိုယ်အပူချိန်တိုင်းတာရေး၊ စနစ်တကျ စက္ကန့် ၂၀ ကြာ လက်ဆေးရေးစသည်တို့အပါအဝင် သတ်မှတ်စည်းကမ်း ချက်များ၊ ညွှန်ကြားချက်များကို တိကျစွာလိုက်နာပြီး သင်ယူမှုမဆုံးရှုံးရေး စီမံဆောင်ရွက်ခြင်း၊ နည်းပညာနှင့် အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပံ့ပိုး၍ ဆန်းသစ် ထိရောက်သော သင်ကြားသင်ယူမှုနည်းလမ်းများဖြင့် စာသင်ခန်းတွင်း၌ ကျောင်းသားဦးရေနည်းနည်းဖြင့် သင်ယူခြင်း (Small group learning)၊ အိမ်တွင် မိဘ မိသားစု အကူအညီဖြင့် သင်ယူခြင်း၊ အွန်လိုင်း၊ အော့ဖ်လိုင်း၊ ပေါင်းစပ်သင်ယူခြင်း၊ တီဗွီနှင့် ရေဒီယိုထုတ်လွှင့်မှု အစီ အစဉ်များဖြင့် သင်ယူခြင်း၊ ကျောင်းတက်ချိန်ကိုလည်း တစ်ပတ်ခြား၊ တစ်ပတ်ခြားနှစ်သုတ်တက်၊ တစ်ပတ်ခြား နှစ်သုတ် သုံးရက်တက် စီစဉ်ခြင်းစသည့် သင်ကြားသင်ယူမှုပုံစံသစ်များဖြင့် တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံ များစွာရရှိပြီး ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ယခုလို ပြောင်းလဲလာသည့် သင်ကြားသင်ယူမှု ပုံစံသစ်များနှင့် လိုက်လျောညီထွေ ဆောင်ရွက်နိုင်ရန် အတွက် ဆရာ ဆရာမများကို သင်ကြားသင်ယူမှုပုံစံသစ် များနှင့် လိုက်လျောညီထွေရှိမည့် သင်ပြနည်းသစ်များကိုအသုံးချနိုင်ရေးအတွက် လေ့ကျင့်ပေးရန်၊ လိုအပ်ချက် များသော အခက်အခဲရှိသည့် ဒေသများပိုမိုဖြည့်ဆည်းရန်၊ နည်းပညာနှင့် အခြေခံအဆောက်အအုံများဖြည့်ဆည်းရန် တို့ကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

 

အားဖြည့်ကူညီ

 

ယခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အတွက် ယူနက်စကိုက ထုတ်ပြန်ထားသည့် Literacy teaching and learning in the COVID-19 crisis and beyond – The role of educators and changing pedagogies “COVID-19 ကာလနှင့် အလွန်မှာ၊ ဆန်းသစ် ထိရောက်သော သင်ကြားသင်ယူမှုနည်းလမ်းများအသုံးချ လို့၊ စာတတ်မြောက်ရေး ဆောင်ရွက်စို့” ဟူသော ဦးတည်ချက်နှင့်အညီ ကိုဗစ်-၁၉ ကာလနှင့်အလွန်ကာလ များတွင် ဆရာ ဆရာမများအား သင်ကြားသင်ယူမှု နည်းလမ်းသစ်များအတွက် လေ့ကျင့်ပေးခြင်း၊ ပညာရေး အရည်အသွေး ပိုမိုကောင်းမွန်လာစေရန် အကောင်အထည် ဖော် ဆောင်ရွက်ခြင်းတို့ကို စုပေါင်းအင်အားနှင့် အတူတူ အားဖြည့်၍ ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် မေတ္တာ ရပ်ခံပါကြောင်း ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အမှာစကား ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံယူနက်စကို အမျိုးသား ကော်မရှင် အထွေထွေအတွင်းရေးမှူး၊ ရန်ကုန် နိုင်ငံခြား ဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ၂၀၂၀ပြည့်နှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ဆိုင်ရာ Concept Note ကို ဖတ်ကြားသည်။

 

ဆက်လက်၍ ၂၀၂၀ပြည့်နှစ် နိုင်ငံတကာစာတတ် မြောက်ရေးနေ့ အထိမ်းအမှတ် စာတတ်မြောက်ရေး လုပ်ငန်းများဆောင်ရွက်မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

 

ထို့နောက် “စေတနာပန်းတို့လန်းရာမြေ” ဂုဏ်ပြု တေးသရုပ်ဖော်ဗီဒီယိုပြသ၍ အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်း သိရသည်။

 

သတင်းစဉ်