
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌
ကြိုတင်ဆန္ဒမဲနှင့် မဲဆန္ဒရှင်ပြည်သူများ၏ လှုပ်ရှားခံစား ရင်တွင်းစကား
====================================================
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် အောက်တိုဘာ ၂၉ ရက်မှစ၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် မဲရုံများသို့ လာရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များနှင့်အညီ ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိကြသည်။
ယနေ့တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် မဲရုံများတွင် တာဝန်ထမ်းဆောင်နေကြသည့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် ကြိုတင်ဆန္ဒမဲပေးကြသည့် ပြည်သူများ၏ ရင်တွင်းစကားများကို ရေးသားဖော်ပြလိုက်ပါသည်-
ဦးဌေးဝင်း (ဥက္ကဋ္ဌ၊ ပညာသိဒ္ဓိရပ်ကွက်
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဇမ္ဗူသီရိမြို့နယ်)
အသက်(၆၀)နှစ်နှင့်အထက် ပြည်သူတွေကို ကြိုတင်မဲပေးနိုင်တဲ့ကာလ ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၉ ရက်ကနေ နိုဝင်ဘာ ၅ ရက်အထိ ကြိုတင်မဲပေးဖို့ သတ်မှတ်ပေးထားပါတယ်။ ကိုဗစ် ကာလမှာ ဒီလိုသတ်မှတ်လိုက်တဲ့အတွက် အသက်ကြီးတဲ့သူတွေ ကျန်းမာရေး အတွက် ပိုပြီးအဆင်ပြေပါတယ်။ ခရေအိမ်ရာမှာဆိုရင် တိုက် ၁၅၆ လုံးရှိပါတယ်။ တစ်ရက်ကို တိုက်အလုံး ၂၀ မှာ နေတဲ့သူတွေကို ကြိုတင်မဲပေးနိုင်အောင် စီစဉ်ထားတဲ့အတွက် တိုက်စုစုပေါင်း ၁၅၆ လုံးရှိတော့ နိုဝင်ဘာ ၅ ရက်ဆိုရင် ကြိုတင်မဲအားလုံးနီးပါး မဲပေးပြီးသားဖြစ်သွားမှာပါ။
ဒီနေ့ဆိုရင် ကြိုတင်မဲပေးတာ ၃ ရက် ရှိပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ ဆီမှာ ကြိုတင်မဲ ၇၀ ရာခိုင်နှုန်း နီးပါးလောက် မဲပေးပြီးဖြစ်ပါတယ်။ တချို့ ဝန်ထမ်းတွေကို ကြိုတင်မဲပေးနိုင်အောင် ခိုင်လုံတဲ့အထောက်အထားတွေ လက်ခံယူထားပြီး မဲပေးနိုင်အောင် စီစဉ်ပေးပါတယ်။ မသန်စွမ်း မဲဆန္ဒရှင်တွေ ကိုလည်း မဲပေးနိုင်အောင် ရပ်/ကျေးကော်မရှင်က တာဝန်ရှိသူတွေနဲ့ ပါတီ ကိုယ်စားလှယ်တွေက မဲပေးနိုင်ရေး စီစဉ်ပေးလျက်ရှိပါတယ်။ ဆန္ဒမဲတွေကို လည်း လုံခြုံမှုရှိအောင် အားလုံးဝိုင်းဝန်းကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။
ဦးဝေယံကျော် (မဲဆန္ဒရှင်၊
သပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)
ကျွန်တော့်အနေနဲ့ မဲထည့်တာနဲ့ပတ်သက်ပြီး နည်းနည်းတော့စိတ်လှုပ် ရှားတာပေါ့။ နောက်ပြီး မဲပေးရတာ တစ်စုံတစ်ရာ ဖိအားတွေ၊ အနှောင့်အယှက် တွေ မရှိပါဘူး။ မဲရုံမှာ ကျန်းမာရေးညွှန်ကြားချက်နဲ့အညီ လုပ်ဆောင်ထားတဲ့ အတွက် ကျန်းမာရေးအတွက် လုံခြုံမှုရှိပါတယ်။ ကျွန်တော့်အနေနဲ့လည်း ကျန်းမာရေးအတွက် နှာခေါင်းစည်း ဝတ်လာတယ်၊ လက်အိတ်စွပ်လာတယ်၊ မဲပေးတဲ့နေရာမှာ လွတ်လွတ်လပ်လပ်နဲ့ မဲပေးခွင့်ရပါတယ်။ ဒီလို မဲပေး ရတာကို နှစ်သက်ပါတယ်။ မဲပေးခွင့်ရတာက တော်တော်ကိုကောင်းတဲ့ ခံစားချက်ပါ။
ဦးကျော်ရင် (မဲဆန္ဒရှင်၊ ဆရာစံရပ်ကွက်၊ တပ်ကုန်းမြို့နယ်)
ကျွန်တော်တို့ မဲပေးဖို့သွားတဲ့အခါ ကိုဗစ် - ၁၉ ရောဂါနဲ့ပတ်သက်ပြီး ကြေညာထားတဲ့ စည်းမျဉ်းတွေနဲ့အညီ မဲရုံကို သွားခဲ့ပါတယ်။ မဲရုံရောက်တဲ့ အခါမှာလည်း ကျွန်တော်တို့ကို နှာခေါင်းစည်းတွေနဲ့ တစ်ခါသုံး လက်အိတ်တွေ ဖြန့်ဝေပေးတဲ့အပြင် လက်သန့်စင်စေဖို့ကိုလည်း မဲရုံတာဝန်ရှိသူတွေက ဆောင်ရွက် ပေးပါတယ်။ မဲထည့်တဲ့အခါမှာလည်း လွတ်လပ်စွာ မဲပေးခွင့်ရပါတယ်။ ကျွန်တော်တို့လို မဲရုံကိုလာပြီး မဲမပေးနိုင်တဲ့ ရပ်ကွက်ထဲက ကျန်းမာရေးအရ လာရောက်မဲမပေးနိုင်တဲ့သူတွေကိုလည်း အိမ်တိုင်ရာရောက် မဲပေးနိုင်ဖို့ လိုက်လံ ဆောင်ရွက်ပေးနေတာလည်း တွေ့ရတယ်။ ခုချိန်မှာ ကိုဗစ်ရောဂါ ဖြစ်နေတဲ့ ကာလဖြစ်ပေမယ့် ကျွန်တော်တို့လို သက်ကြီးရွယ်အိုတွေအတွက် အခုလိုစီစဉ် ပေးတဲ့အတွက် အဆင်ပြေပါတယ်။
ဒေါ်ခင်ဝင်းရည် (မဲဆန္ဒရှင်၊
အမှတ်(၃)ရပ်ကွက်၊ လယ်ဝေးမြို့နယ်)
ကျွန်မ အသက်(၆၀)ကျော်ပါပြီ။ ဒီနေ့မဲပေးရတာ လွတ်လွတ်လပ်လပ် ရှိပြီး စိတ်ကြိုက်မဲပေးခွင့်ရပါတယ်။ မဲပေးရာမှာလည်း အခက်အခဲမရှိစေဖို့ အတွက် မဲရုံမှာ တာဝန်ရှိသူတွေက လိုက်လံဆောင်ရွက်ပေးပါတယ်။ နိုင်ငံသား တစ်ယောက်အနေနဲ့ မဲပေးရတာကိုလည်း ကျေနပ်မှုရှိတယ်။ အခုလို မဲပေးရတဲ့ အပေါ်မှာလည်း နိုင်ငံသားတစ်ယောက်ရဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် နိုင်တယ်လို့ မြင်တယ်။ ကိုဗစ်ကာလမှာ မဲပေးရတာဆိုတော့ ကျန်းမာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီဖြစ်အောင် တာဝန်ရှိသူတွေက လိုက်လံဆောင် ရွက်ပေးတယ်။ကျွန်မအနေနဲ့လည်း စနစ်တကျ လိုက်နာပြီး မဲပေးခဲ့ပါတယ်။ မဲရုံမှာ တန်းစီတော့လည်း သတ်မှတ်တဲ့ အကွာအဝေးနဲ့ တန်းစီတယ်။ နှာခေါင်းစည်း ဝတ်တယ်။ မဲမပေးခင်နဲ့ မဲပေးပြီးတဲ့အခါမှာလည်း လက်သန့်စင်ဆေးရည်နဲ့ လက်ဆေးတယ်။ ငါးနှစ်မှာတစ်ခါပဲရတဲ့ မဲပေးရတဲ့ အခွင့်အရေးကို သေသေ ချာချာနဲ့ စိတ်ကြိုက်ဖြစ်အောင် မဲပေးခဲ့ပါတယ်။ မဲပေးခဲ့ရတဲ့အပေါ်မှာလည်း စိတ်ကျေနပ်မှု အပြည့်အဝရှိပါတယ်။
ဦးမောင်မောင်တင်(မဲဆန္ဒရှင်၊ ဆရာစံရပ်ကွက်၊ တပ်ကုန်းမြို့နယ်)
ကျွန်တော့်အသက် (၆၈) နှစ်ရှိပါပြီ။ ဒီနေ့ဟာ သီတင်းကျွတ်လပြည့်နေ့ ဖြစ်တဲ့အတွက် သားသမီးတွေနဲ့ တူတွေတူမတွေက လာကန်တော့ဖို့ ရှိပေမယ့် ကျွန်တော်ကတော့ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးအောင် အပြေးအလွှား မဲလာပေးတာ ဖြစ်ပါတယ်။ မဲပေးခွင့်ရဖို့ဆိုတာ ငါးနှစ်မှ တစ်ကြိမ်ရတဲ့အခွင့် အရေးပါ။ ဒီတစ်ကြိမ် မဲပေးရတာကတော့ ကိုဗစ်ရောဂါကာလ ဖြစ်နေတဲ့အတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတချို့ကို လိုက်နာဆောင် ရွက်ပြီး မဲပေးရပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့်အနေနဲ့ မဲပေးတဲ့အခါမှာ ကျန်းမာရေး စည်းကမ်းတွေကို လိုက်နာပြီး မဲရုံတာဝန်ရှိသူတွေကလည်း နှာခေါင်းစည်းနဲ့ တစ်ခါသုံးလက်အိတ်တွေကို လုံလုံလောက်လောက် စီစဉ်ပေး ထားတဲ့အပြင် စိတ်ချလုံခြုံစွာနဲ့ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့လို အသက် (၆၀)ကျော်တဲ့သူတွေအတွက် ကြိုတင်မဲပေးနိုင်အောင် နိုင်ငံတော်က စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
နေပြည်တော် ပြည်ထောင်စုနယ်မြေ ဒက္ခိဏခရိုင်အတွင်းရှိ ဇမ္ဗူသီရိ မြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဥတ္တရခရိုင် အတွင်းရှိ ဇေယျာသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိ မြို့နယ်တို့တွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများသည် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် မဲရုံများသို့ လာရောက်၍ ကြိုတင်ဆန္ဒမဲများကို ယနေ့တွင်လည်း လျှို့ဝှက်စွာ ဆန္ဒပြုမဲပေး လျက်ရှိကြသည်။
လက်ရှိစာရင်းများအရ နေပြည်တော်ပြည်ထောင်စုနယ်မြေ ဒက္ခိဏခရိုင် အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စု စုစုပေါင်း ၁၄ ခုတွင် မဲရုံ ၄၅ ရုံ၊ ဒက္ခိဏသီရိမြို့နယ်၌ ရပ်ကွက်၊ကျေးရွာအုပ်စု စုစုပေါင်း ၁၀ ခုတွင် မဲရုံ ၂၀၊ ပျဉ်းမနားမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စု စုစုပေါင်း ၃၆ ခုတွင် မဲရုံ ၁၀၁ ရုံ၊ လယ်ဝေးမြို့နယ်၌ ရပ်ကွက်၊ကျေးရွာအုပ်စု စုစုပေါင်း ၆၇ ခုတွင် မဲရုံ ၁၄၄ ရုံ၊ ဥတ္တရခရိုင်အတွင်းရှိ ဇေယျာသီရိမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စု စုစုပေါင်း ၁၈ ခုတွင် မဲရုံ ၇၄ ရုံ၊ တပ်ကုန်းမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စု စုစုပေါင်း ၅၅ ခုတွင် မဲရုံ ၁၃၄ ရုံ၊ ပုဗ္ဗသီရိမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စု စုစုပေါင်း ၃၅ ခုတွင် မဲရုံ ၇၉ ရုံ၊ ဥတ္တရသီရိမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စု စုစုပေါင်း ၁၀ ခုတွင် မဲရုံ ၄၉ ရုံရှိကြောင်း သိရသည်။