
ခင်ရတနာ
(ယမန်နေ့မှအဆက်)
တစ်နိုင်ငံလုံးစိတ်ဝင်စားသည့်နေ့ရက်
နိုဝင်ဘာ ၈ရက်။ ထိုနေ့သည် တစ်နိုင်ငံလုံး စိတ်လှုပ်ရှားရသည့် နေ့ရက် ဖြစ်သကဲ့သို့ မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ သတင်းပြန်ကြားရေး လုပ်ငန်းများ ဆောင်ရွက်နေကြသူများလည်း အလားတူစိတ်လှုပ်ရှားရသည့် နေ့ရက်ဖြစ်သည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သတင်းရယူရန် ဌာနအကြီး အကဲများ၏ အမှာအကြားများ၊ မြန်မာ့သတင်းစဉ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ သတင်းအဖွဲ့များနှင့် အနယ်နယ်အရပ်ရပ်ရှိ သတင်း ထောက်များထံမှ ပေးပို့လာသည့်သတင်းများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ကြေညာသည့် သတင်းအချက်အလက်များကို စိစစ်ကာ စာမျက်နှာများတွင် ထည့်သွင်းဖော်ပြကြရန် မိမိတို့ပြင်ဆင်ကြရသည်။
မိခင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ အဆင့်ဆင့်က မှာကြားသည့် အမှားအယွင်းကင်းစင်ရေး၊ အချိန်နှင့်တစ်ပြေးညီ သတင်းများ ဖော်ပြနိုင်ရေးနှင့် သတင်းအချက်အလက်များကို အများပြည်သူတို့ အလွယ်တကူရရှိနိုင်ရေးတို့ကို ဦးတည်လျက် နိုင်ငံပိုင်သတင်းစာတိုက်များ၏ သတင်းခန်းများတွင် ပုံမှန်နေ့ရက်များနှင့်မတူဘဲ အထူးတာဝန်တစ်ရပ်အဖြစ် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြရသည်။
ရွေးကောက်ပွဲမတိုင်မီလများကပင် ကြိုတင်ပြင်ဆင်ထားခဲ့သလို ရွေးကောက်ပွဲ ရလဒ်များအား စာရင်းဇယားများဖြင့် တင်ဆက်ရန်၊ သို့မဟုတ် ပိုမိုရှင်းလင်းလွယ်ကူစွာ သိရှိနိုင်အောင် အခြေပြဇယား (ဂရပ်ဖ်ပုံ) များဖြင့် မြင်သာအောင် ပြသရန်အတွက် ရွေးကောက်ပွဲ အထူးစာမျက်နှာများကို ဖန်တီးရန် သီးသန့်တာဝန်ပေးထားသူများ၊ ရွေးချယ်ခံရသည့် ကိုယ်စားလှယ် လောင်းများစာရင်းကို အဆင့်ဆင့်စစ်ဆေးပေးနေသည့် တာဝန်ရှိသူများ၊ စာတည်းများ၊ စာပြင်များ၊ စာမျက်နှာဖွဲ့စည်းသူများ အားလုံးက ဆန္ဒမဲပေး သည့် နေ့ရက်မှ လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်များအားလုံး အတည်ပြုထွက်ပေါ်လာသည်အထိ အထူးဂရုပြုဆောင်ရွက်ခဲ့ကြခြင်းဖြင့် ပြည်သူများ၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးခဲ့ကြသည်။
နိုင်ငံပိုင်သတင်းစာများကပြောသော သမိုင်းမှတ်တမ်း
ဆန္ဒမဲပေးပြီး နောက်တစ်နေ့ (နိုဝင်ဘာ ၉ ရက်ထုတ်) နိုင်ငံပိုင်သတင်းစာ များတွင် ကိုဗစ်-၁၉ ရောဂါအတွက် ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ နှင့်အညီ ဆန္ဒမဲလာရောက်ပေးသူများ၏ ရင်တွင်းစကားသံများ၊ ဆန္ဒမဲပေးမှု မြင်ကွင်းများကို ထည့်သွင်းဖော်ပြနိုင်ခဲ့ပြီး သမိုင်းတွင်မည့် နိုင်ငံတော်၏ အထူးနေ့ရက်ပုံရိပ်များအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ထိုသို့ဖော်ပြရာတွင် နိုင်ငံတော်အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်များ၏ ကြိုတင်ဆန္ဒမဲ ပေးသည့် သတင်းများကို ဖော်ပြပေးသကဲ့သို့ ဝေးလံခေါင်ဖျားဒေသများတွင် ဆန္ဒမဲ ပေးနေသည့် သတင်းဓာတ်ပုံများ၊ သက်ကြီးဘိုးဘွားများ ကြိုတင်ဆန္ဒမဲ ပေးနေသည့် သတင်းဓာတ်ပုံများ၊ မသန်စွမ်းသူများနှင့် အမြင်အာရုံ မသန် စွမ်းသူများ အထူးစနစ်ဖြင့် ဆန္ဒမဲပေးသည့်သတင်းများ၊ မဲရေတွက်နေမှု မြင်ကွင်းများအပြင် နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ များ၏ မှတ်တမ်းများ စသည်ဖြင့်ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံ၊ လူတန်းစား အလွှာပေါင်းစုံ၊ နေရာစုံတို့မှ သတင်းနှင့် သတင်းမြင်ကွင်းများကို အများ ပြည်သူတို့ တွေ့မြင်ဖတ်ရှုနိုင်ရန်အတွက် ရွေးချယ်တည်းဖြတ် ဖော်ပြခဲ့ ရသည်မှာလည်း ငါးနှစ်တွင် တစ်ကြိမ်သာ ကြုံရသည့် အမှတ်တရအတွေ့ အကြုံများဖြစ်ပါသည်။
အများပြည်သူတို့ ဆန္ဒမဲပေးကြသည့်နေ့ရက်တွင် အနယ်နယ်အရပ်ရပ်မှ ပေးပို့လာသည့် သတင်းထောက်များ၏ ရွေးကောက်ပွဲမြင်ကွင်းသတင်းများ ကို ရွေးချယ်၍ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တစ်နိုင်ငံလုံးမှ ရွေးကောက်ပွဲ သတင်းပုဒ်ရေ ၃၀ ကျော်၊ သတင်းဓာတ်ပုံမြင်ကွင်း စာမျက်နှာ ငါးမျက်နှာခန့်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အသိပေးချက်များ စသည်တို့ကို ဖော်ပြပေးခဲ့ပါသည်။ ယင်းနေ့ နိုဝင်ဘာ ၉ ရက်ထုတ် သတင်းစာမျက်နှာအများအပြားကို ရွေးကောက်ပွဲနှင့် သက်ဆိုင် သည့် သတင်းများဖော်ပြပေးနိုင်ခဲ့သည့် အခြေအနေပင်ဖြစ်ပါသည်။
မိမိတို့သတင်းစာများသည် အများပြည်သူသိသင့်သိထိုက်သည့် သတင်း များကို ဖော်ပြရာတွင် စာဖတ်သူများက မိမိတို့သတင်းစာကို သတင်းများ ဖတ်ရှုရန်သာမက မှတ်တမ်းများအဖြစ် သိမ်းဆည်းရန်၊ အချက်အလက်များ ကိုးကားရန်အတွက်လည်း အသုံးပြုကြသည်ဖြစ်ရာ မှန်ကန်တိကျခိုင်မာသည့် သတင်းများဖြစ်လာစေရန် သက်ဆိုင်ရာတို့မှ အတည်ပြုချက်များကိုရရှိပြီးမှ ဖော်ပြခြင်းဖြစ်ပါသည်။
ရွေးကောက်ပွဲကာလ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သတင်းများဖော်ပြ ရာတွင် ဆန္ဒမဲပေးမှုမြင်ကွင်း၊ မဲရုံမြင်ကွင်းနှင့် မဲရေတွက်မှုမြင်ကွင်းများကို ဦးစားပေးဖော်ပြခဲ့ပြီး ဆန္ဒမဲရလဒ်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည့်အခါမှသာ အမှားအယွင်းကင်းအောင် ဂရုစိုက် စိစစ်ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။
နိုဝင်ဘာ ၁၀ ရက်နေ့ထုတ်မှစတင်၍ ရွေးကောက်ပွဲကော်မရှင်က နေ့စဉ် ထုတ်ပြန်သည့် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်အမည်စာရင်း များကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ပြီး မဲဆန္ဒနယ်အလိုက် ကိုယ်စား လှယ်များ၏ အမည်၊ မှတ်ပုံတင်အမှတ်၊ ကိုယ်စားပြုပါတီတို့ကို ဇယားများ ဖြင့် ရှင်းလင်းစွာဖော်ပြပေးခဲ့ပါသည်။
ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းစာရှင်းလင်း ပွဲများ၊ ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများနှင့် သီးခြားတွေ့ဆုံမေးမြန်း မှုများ၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ခဲ့ကြရသည့် ပြည်တွင်းပြည်ပ စောင့်ကြည့် လေ့လာသူများ၏ သတင်းထုတ်ပြန်ချက်များ၊ နိုင်ငံတကာမှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်စွာ သတင်းစကားပြောကြားမှု များကိုလည်း နောက်ဆက်တွဲသတင်းများအဖြစ် ပြည့်ပြည့်စုံစုံ ဖော်ပြနိုင် ခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာ ယခုအခါ အောင်အောင်မြင်မြင်ဖြင့် ပြီးဆုံးသွားခဲ့ပြီဖြစ်ပါသည်။ ပြည်သူ များက ဆန္ဒမဲတစ်ပြားစီဖြင့် ထုတ်ဖော်ရွေးချယ်ခဲ့ကြသည့် လွှတ်တော် အသီးသီးမှ ပြည်သူ့ကိုယ်စားလှယ်များလည်း ထွက်ပေါ်လာခဲ့ပြီဖြစ်ပါသည်။ မိမိတို့သတင်းစာများသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အတွက် တာဝန်ကျေပွန်ခဲ့ပါပြီ။
နောင်ကာလတွင်လည်း နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု၊ အစိုးရဌာနအသီးသီး တို့၏ ဆောင်ရွက်မှု၊ ပြည်သူတို့၏ လူမှု၊ စီးပွားဘဝ ဖြတ်သန်းမှု စသည့် အမျိုးမျိုးသော သတင်းအချက်အလက်များကို ပေးအပ်ရန်အတွက် စာဖတ် ပရိသတ် ပြည်သူများ အားပေးလက်ခံသည့်နေ့ရက်များအထိ ဆက်လက် ရပ်တည်နိုင်မည်ဟု မျှော်လင့်မိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
- Log in to post comments