
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် ရှုံးထွက်အဆင့် ဗိုလ်လု ပွဲစဉ်အဖြစ် ပေါ်တူဂီနှင့် မြောက် မက်ဆီဒိုးနီးယား၊ ပိုလန်နှင့် ဆွီဒင်အသင်းတို့ပွဲစဉ်ကို မတ် ၃၀ ရက် နံနက်ပိုင်းက အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ပေါ်တူဂီ အသင်းနှင့် ပိုလန်အသင်းတို့ အနိုင်ရရှိပြီး ကာတာနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီ ဖြစ်သည်။
ပေါ်တူဂီအသင်းသည် ရှုံးထွက် အဆင့် ဆီမီးဖိုင်နယ်တွင် တူရကီအသင်းနှင့် တွေ့ဆုံ ခဲ့ပြီး သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိ ကာ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ သည်။ ပြိုင်ဘက် မြောက်မက်ဆီ ဒိုးနီးယားအသင်းက အဆိုပါ အဆင့်တွင် နာမည်ကြီး အီတလီ အသင်းနှင့် တွေ့ဆုံခဲ့ပြီး တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိကာ ပလေးအော့ဖ် ဗိုလ်လုပွဲသို့ တက်လှမ်းလာနိုင်ခြင်း ဖြစ်သည်။
ပေါ်တူဂီအသင်းသည် နိုင်ပွဲ ရရှိရေးကိုသာ ဦးတည်လာခဲ့ပြီး ပြိုင်ဘက်ကို ဂိုးအသာ၊ ခြေအသာ ဖြင့် ပွဲချိန်တစ်လျှောက် ဖိအားပေး ကစားနိုင်ခဲ့သည်။ ပွဲချိန် ၃၂ မိနစ် တွင် စီရော်နယ်ဒို၏ ဖန်တီးမှုမှ ဖာနန်ဒက်စ် ဂိုးသွင်းယူနိုင်ခဲ့ သဖြင့် ပေါ်တူဂီအသင်း ဦးဆောင် ဂိုး ရရှိခဲ့သည်။ ထို့နောက် ပေါ်တူဂီ အသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် ၆၅ မိနစ်တွင် ဂျိုတာ၏ ဖန်တီးမှုမှ ဖာနန်ဒက်စ်ကပင် သွင်းယူပေးခဲ့သည်။ ပေါ်တူဂီ အသင်းသည် မြောက်မက်ဆီဒိုးနီး ယားအသင်းကို အနိုင်ရရှိခဲ့သော ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ခြောက်နှစ်ဆက် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။
ပိုလန်နှင့် ဆွီဒင်အသင်းတို့ ပွဲစဉ်တွင် ပိုလန်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိကာ ကမ္ဘာ့ ဖလားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ ပိုလန် အသင်းအတွက် သွင်ဂိုးများကို ပွဲချိန် မိနစ် ၅၀ တွင် လီဝမ် ဒေါစကီးက ပယ်နယ်တီမှတစ်ဆင့် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ဒုတိယဂိုးကို ပွဲချိန် ၇၂ မိနစ်တွင် ဇီလင်စကီးက သွင်းယူပေးခဲ့ သည်။
အောင်ဇော်