၂၀၂၃ -၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်   ဇွန်   ၁၄
ပြန်ကြားရေးဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ်   တက္ကသိုလ် ဝင်တန်း   အောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့်  ၂၀၂၄-၂၀၂၅    ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သား၊  သမီးများ အား  ပညာသင်စရိတ်ထောက်ပံ့ ပေးအပ်ခြင်း     အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက နေပြည် တော်ရှိ  ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းနှင့်    ဇနီး ၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်း အတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာ   အကြီးအကဲများ၊ တာဝန်ရှိသူများ၊   ကျောင်းသား မိဘများနှင့်ကျောင်းသား ကျောင်း သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ    ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်း အဖွင့်သီချင်းဖြင့်   သီဆိုဖျော်ဖြေ ကြပြီး     “ပညာရည်မြင့်မားရေးဆောင်ရွက်မှုမှသည်      နိုင်ငံ တော်    ဖွံ့ဖြိုးတိုးတက်ရေးဆီသို့”  မှတ်တမ်းဗီဒီယိုကို ပြသသည်။
အမှာစကားပြောကြား
ထို့နောက်   ပြည်ထောင်စု ဝန်ကြီး     ဦးမောင်မောင်အုန်း က     အမှာစကားပြောကြားရာ တွင်   နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံး ပညာရည်မြင့်မား ရေးဆိုသည့်    ပညာရေးဆိုင်ရာ အမျိုးသားရေးမျှော်မှန်းချက်ကို ချမှတ်၍ ပညာရေးပြုပြင်ပြောင်းလဲ မှုကို   ခေတ်နှင့်လျော်ညီစွာ    စီမံ ကိန်းများ   စနစ်တကျ   အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း၊  နိုင်ငံသားတိုင်း  အခြေခံ ပညာကို    ကောင်းစွာ      သင်ယူ တတ်မြောက်ရန်၊   ကျောင်းသား ကျောင်းသူလူငယ်များ   ဘက်စုံ ထူးချွန်ထက်မြက်ပြီး နိုင်ငံတကာ အဆင့်မီ   ပညာရည်မြင့်မားရန် နှင့်  အရည်အသွေးမြင့်မားသည့် လူ့စွမ်းအား    အရင်းအမြစ်များ ပေါ်ထွန်းလာစေရန်     ဆိုသည့် တစ်မျိုးသားလုံးပညာရည်မြင့်မားရေး       မျှော်မှန်းချက်များ အောင်အောင်မြင်မြင်    အကောင် အထည်ဖော်  ဆောင်ရွက်နိုင်ရန် စနစ်တကျ စီမံဆောင်ရွက်လျက် ရှိကြောင်း။
ပညာနှင့်ပတ်သက်၍ အတွေး အခေါ်၊   အယူအဆ     လမ်းမှား မရောက်ရန်      အရေးကြီးပါ ကြောင်း၊    “သန့်ရှင်းသည့်နား အကြားများသည်၊ ကြည်လင်သည့် မျက်စိအမြင်များသည်၊ စင်ကြယ် သည့်စိတ်    အသိများသည်”    ဆို သည့်    စကားရှိသည့်အတွက် အမှန်ကိုကြား၊    အမှန်ကိုမြင်၊ အမှန်ကိုသိကြရန် အရေးကြီးလှပါ ကြောင်း၊ ကျောင်းသား ကျောင်းသူ များအနေဖြင့် ဘဝတွင်   တပည့် ကောင်းများဖြစ်ရန် ကြိုးစားရမည် ဖြစ်သကဲ့သို့  နောင်တစ်ချိန်တွင် တိုင်းပြည်ကို ဦးဆောင်ကြရမည့် သူများဖြစ်သည့်အတွက်    ပညာ ပြည့်ဝရုံသာမက သန့်ရှင်းဖြူစင် သည့်     ကိုယ်ကျင့်တရားဖြင့် နေထိုင်တတ်ကြရန်     လိုအပ်ပါ ကြောင်း၊ မိမိတို့၏ မိသားစုဂုဏ်၊ ကျောင်း၏ဂုဏ်ကို ဆောင်နိုင်ခြင်း မှသည်  နိုင်ငံတော်၏  ဂုဏ်ကိုပါ ထွန်းလင်းစေအောင် ကြိုးစားကြ စေလိုကြောင်း။
ရည်မှန်းချက်ထားကြိုးစား
ဘဝအတွက်    အခြေခံပညာ သည် လှေကားတစ်ခုဖြစ်ကြောင်း၊ မိဘဆရာများက  ထောက်ပံ့ရုံသာ ထောက်ပံ့ပေးမည်ဖြစ်ပြီး    သား ငယ်၊ သမီးငယ်တို့က ကိုယ်တိုင် ကြိုးစားအားထုတ်ကြရမည် ဖြစ် ကြောင်း၊ ‘ပညာရွှေအိုး လူမခိုး’ ဆိုသည့်     ဆိုရိုးစကားအတိုင်း မိမိတို့အရွယ်သည်    စာကြိုးစား ရမည့်အရွယ်   ဖြစ်သည့်အတွက် ကြိုးစားကြစေလိုကြောင်း၊ စာသင်  ရုံနှင့်   မလုံလောက်ဘဲ   ဘာသာ စကားကျွမ်းကျင်ရန်၊ ကွန်ပျူတာ အခြေခံရရန်၊     အိုင်တီအခြေခံ ကျွမ်းကျင်ရန်     အလယ်တန်း အဆင့်မှစပြီး အင်္ဂလိပ်စာလေ့လာ ရန်   လိုအပ်ပါကြောင်း၊    ယနေ့ ခေတ်သည်  ပညာခေတ်ဖြစ်သည့် အတွက်   သားငယ်သမီးငယ်များ အနေဖြင့် အမှန်တကယ်ကြိုးစား လျှင် ကြိုးစားမှုနှင့် ထိုက်တန်သည့် အခွင့်အလမ်းများကို ရရှိခံစားရ မည်ဖြစ်ကြောင်း၊ ပညာသင်ချိန် တွင် မိမိတို့ပညာသင်ကြားရေးကို ထိခိုက်စေမည့်   ကိစ္စရပ်များကို ရှောင်ရှားပြီး       အနာဂတ်တွင် တိုင်းပြည်ကို     အကျိုးပြုနိုင်မည့် အသိပညာရှင်၊ အတတ်ပညာရှင် များဖြစ်အောင် ရည်မှန်းချက်ထား ကြိုးစားကြစေလိုကြောင်း။
ပညာရည်မြင့်မားရေး
နိုင်ငံတော်   ဝန်ကြီးချုပ်က လည်း  ပညာရေးကို  အထူးအလေး ထားပါကြောင်း၊    ကျောင်းနေ အရွယ်ကလေးတိုင်း ကျောင်းနေ နိုင်ရေး၊ အနိမ့်ဆုံးအဆင့်  KG+9   ပြီးမြောက်   အောင်မြင်စေရေး၊ လူတိုင်း အခြေခံပညာတတ်မြောက် ရေးအတွက် လမ်းညွှန်မှာကြားပြီး နိုင်ငံသားများ   ပညာရည်မြင့်မား ရေးအတွက် ဦးစားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊     ပညာရည် မြင့်မားမှသာ  မိမိဘဝ  တိုးတက် မည်ဆိုသည်ကို    ကျောင်းသား ကျောင်းသူများ သိရှိနားလည်ထား ရမည်ဖြစ်ပါကြောင်း၊ ယနေ့အခမ်း အနားသို့   တက်ရောက်လာကြ သည့်  ကျောင်းသား   ကျောင်းသူ များအနေဖြင့်     နိုင်ငံတော်က အားထားရသည့်    သားကောင်း သမီးမွန်ရတနာများ     ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြပါဟု တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင် နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တွင်    ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ       အောင်မြင်ခဲ့သည့် မောင်အောင်ပြည့်လင်း၊    လေး ဘာသာဂုဏ်ထူးဖြင့်  ထူးချွန်စွာ အောင်မြင်ခဲ့သည့် မောင်ကောင်း ခန့်ကြွယ်နှင့် သုံးဘာသာဂုဏ်ထူး ဖြင့်  ထူးချွန်စွာအောင်မြင်ခဲ့သည့် မစုလဲ့နိုင်တို့ကို   ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ဂုဏ်ပြုဆုများချီးမြှင့်
ထို့နောက်     ပြည်ထောင်စု ဝန်ကြီး၏ဇနီးက    သုံးဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင် သည့် မချောအိထူး၊  နှစ်ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင် သည့်   မောင်အောင်ဖြိုးဝင်းနှင့်    မောင်လပြည့်အောင်တို့ကို ဂုဏ်ပြု ဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက်  ဒုတိယဝန်ကြီး   က     နှစ်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ     အောင်မြင်သည့် မောင်ဝေယံပြည့်စုံ၊ တစ်ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင် သည့်         မနန့်သက်ဖူးခင်၊ မောင်ဇင်လင်းထက်၊ မောင်လမင်း ထက်နှင့်  မချမ်းမြေ့သော်တာတို့ ကို    ဂုဏ်ပြုဆုများ   ပေးအပ် ချီးမြှင့်သည်။
ထို့နောက် အမြဲတမ်းအတွင်း ဝန်နှင့်  ဌာနဆိုင်ရာအကြီးအကဲ များက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတွက် ပညာသင်ထောက်ပံ့ကြေး နှင့်    စာရေးကိရိယာတို့ကို   ဌာန အလိုက် ပေးအပ်ကြသည်။
ယင်းနောက်     ငါးဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင် ခဲ့သည့်  မောင်အောင်ပြည့်လင်းက တက္ကသိုလ်ဝင်တန်း    အောင်မြင် သည့်   ကျောင်းသား   ကျောင်းသူ များကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား     ဝန်ထမ်းများ က ကျောင်းသီချင်းများ ပေါင်းစပ် တစ်ခန်းရပ်အစီအစဉ်ဖြင့်ဖျော်ဖြေ တင်ဆက်ကြရာ   ပြည်ထောင်စု ဝန်ကြီးက     ဂုဏ်ပြုဆုငွေကျပ် ငါးသိန်းကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက်   ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး၊   ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာ   အကြီးအကဲများက  ကျောင်းသား    ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့်     အတူ စုပေါင်းမှတ်တမ်းတင်    ဓာတ်ပုံ ရိုက်ကြသည်။   
ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး၊   ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာ အကြီးအကဲများသည် ကျောင်းသား ကျောင်းသူများနှင့် အတူတကွ       လက်ဖက်ရည် သုံးဆောင်ကြသည်။
ယနေ့ကျင်းပသည့်  အခမ်း အနားတွင် ဝန်ကြီးဌာနတစ်ခုလုံး အတွက်   ပညာသင်ထောက်ပံ့ ကြေးပေးအပ်မှုမှာ    မူလတန်း   ၁၃၉၀၊ အလယ်တန်း ၅၆၄  ဦး၊ အထက်တန်း ၅၀၀၊ တက္ကသိုလ် ၃၉၃ ဦး  စုစုပေါင်းကျောင်းသား ကျောင်းသူ ၂၈၄၇ ဦးရှိကာ မူလ တန်း ကျောင်းသား  ကျောင်းသူ တစ်ဦးလျှင် ငွေကျပ်ငါးထောင်နှင့် ဗလာစာအုပ်တစ်ဒါဇင်၊  အလယ် တန်းတစ်ဦးလျှင် ငွေကျပ်  ၇၅၀၀ နှင့်     ဗလာစာအုပ်တစ်ဒါဇင်၊ အထက်တန်းတစ်ဦးလျှင် ငွေကျပ် တစ်သောင်းနှင့်    ဗလာစာအုပ် နှစ်ဒါဇင်၊ တက္ကသိုလ်ကျောင်းသား တစ်ဦးလျှင် ငွေကျပ်တစ်သောင်း ခွဲနှင့် ဗလာစာအုပ်နှစ်ဒါဇင်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့မှု    ငွေကျပ် ၅၀၃၈၀၀၀၀ ဖြစ်သည်။
၂၀၂၃-၂၀၂၄   ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌   ရိုးရိုး အောင်မြင်သူ ၃၆ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင်   ရှစ်ဦး၊   နှစ်ဘာသာ ဂုဏ်ထူးရှင် သုံးဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် နှစ်ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် တစ်ဦးနှင့် ငါးဘာသာ ဂုဏ်ထူးရှင် တစ်ဦးတို့ရှိခဲ့ပြီး ရိုးရိုး အောင်မြင်သူတစ်ဦးလျှင် ငွေကျပ် ငါးသောင်းနှုန်း၊       ဂုဏ်ထူး တစ်ဘာသာလျှင်       ငွေကျပ် တစ်သိန်းနှုန်းဖြင့်    ချီးမြှင့်ခဲ့ရာ ကျောင်းသား    ကျောင်းသူများ အတွက်     စုစုပေါင်းထောက်ပံ့ ချီးမြှင့်ငွေကျပ် ၅၅၀၈၀၀၀၀ ဖြစ် ကြောင်း သိရသည်။  သတင်းစဉ်