
ရန်ကုန် ဇွန် ၁၅
၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကို ဇွန် ၈ ရက်မှ ၁၄ ရက် အထိ ကျင်းပခဲ့ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရသည့်အသင်း အားလုံး စုံလင်စွာ ထွက်ပေါ်လာပြီဖြစ်သည်။
၂၀၂၃ အာရှဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်ကို အသင်းစုစုပေါင်း ၂၄ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ဒုတိယအဆင့်ခြေစစ်ပွဲအပြီးတွင် ၁၃ သင်း ထွက်ပေါ်ထားပြီးဖြစ်သောကြောင့် တတိယအဆင့်ခြေစစ်ပွဲတွင် ၁၁ သင်းသာ ထပ်မံထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
တတိယအဆင့်ခြေစစ်ပွဲအပြီးတွင် အုပ်စုခြောက်ခုမှ ပထမနေရာရ ခြောက်သင်းနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံး ငါးသင်း စုစုပေါင်း ၁၁ သင်း ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယ အဆင့်ခြေစစ်ပွဲအပြီးတွင် ဂျပန်၊ ဆီးရီးယား၊ ကာတာ၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ အီရန်၊ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ တရုတ်၊ အီရတ်၊ အိုမန်၊ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး တတိယအဆင့်ခြေစစ်ပွဲ အပြီးတွင် လက်ဘနွန်၊ ဂျော်ဒန်၊ အင်ဒိုနီးရှား၊ ပါလက်စတိုင်း၊ ဥဇဘက် ကစ္စတန်၊ ထိုင်း၊ အိန္ဒိယ၊ ဟောင်ကောင်၊ ဘာရိန်း၊ မလေးရှား၊ တာဂျစ် ကစ္စတန်နှင့် ကာဂျစ္စတန်အသင်းတို့ ထပ်မံယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ ဖိလစ်ပိုင်အသင်းသည် အုပ်စုဒုတိယနေရာရခဲ့သော်လည်း အကောင်းဆုံး အုပ်စုဒုတိယနေရာရ ထိပ်ဆုံးငါးသင်း တွက်ချက်ရာတွင် မပါဝင်သဖြင့် ခြေစစ်ပွဲအောင်မြင်ခွင့် ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ အာရှဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် အရှေ့တောင်အာရှအသင်းများအနက် ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး မြန်မာ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် စင်ကာပူအသင်းတို့မှာ တတိယ အဆင့်ခြေစစ်ပွဲမှ ထွက်ခဲ့ရသည်။
မြန်မာအသင်းသည် တတိယအဆင့်ခြေစစ်ပွဲအထိ ယှဉ်ပြိုင်ခဲ့သော် လည်း ခြေစစ်ပွဲမအောင်မြင်ခဲ့ပေ။ တတိယအဆင့်ခြေစစ်ပွဲတွင် တာဂျစ်ကစ္စတန်၊ ကာဂျစ္စတန်နှင့် စင်ကာပူတို့ကို အရေးနိမ့်ပြီး အုပ်စု အောက်ဆုံးနေရာတွင်သာ ရပ်တည်ခဲ့သဖြင့် ခြေစစ်ပွဲမအောင်မြင်ခဲ့ခြင်း ဖြစ်သည်။မြန်မာအသင်းသည် အာရှဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ၁၉၆၈ ပြိုင်ပွဲ တစ်ကြိမ်သာ ယှဉ်ပြိုင်ဖူးပြီး ယင်းပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့ကာ အရှေ့တောင်အာရှအသင်းများတွင် အမြင့်ဆုံးရပ်တည်မှု လည်းဖြစ်သည်။
ရဲရင့်လွင်