
ရန်ကုန် ဒီဇင်ဘာ ၂၈
လာမည့်နှစ်တွင် ပြုလုပ်မည့် ၂၀၂၃ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင် အသင်း ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်သည်။ တတိယအဆင့် ခြေစစ်ပွဲကို ၂၀၂၂ ခုနှစ် ဇွန် ၈ ရက် မှ ၁၄ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး စုစုပေါင်း ၂၄ သင်းကို လေးသင်း ခြောက်အုပ်စုခွဲ၍ ပြုလုပ်မည် ဖြစ်သည်။
အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအတွက် အုပ်စုမဲခွဲပွဲကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြုလုပ် သွားမည်ဖြစ်သည်။ ၂၀၂၃ အာရှ ဖလားပြိုင်ပွဲ နောက်ဆုံးအဆင့် တွင် အသင်းပေါင်း ၂၄ သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး အိမ်ရှင် တရုတ်အပါအဝင် ၁၃ သင်း ထွက်ပေါ်ပြီး ဖြစ်သောကြောင့် တတိယအဆင့် ခြေစစ်ပွဲမှ ၁၁ သင်းသာ ထပ်မံထွက်ပေါ်မည်ဖြစ် သည်။ တတိယအဆင့် ခြေစစ်ပွဲ တွင် မြန်မာအပါအဝင် ကူဝိတ်၊ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စ တန်၊ ဖိလစ်ပိုင်၊ ဂျော်ဒန်၊ ဘာရိန်း၊ ပါလက်စတိုင်း၊ အိန္ဒိယ၊ ကာဂျစ္စ တန်၊ မလေးရှား၊ တာ့ခ်မင်နစ္စတန်၊ မော်လ်ဒိုက်၊ နီပေါ၊ ဟောင်ကောင်၊ စင်ကာပူ၊ အာဖဂန်နစ္စတန်၊ မွန်ဂို လီးယား၊ ထိုင်း၊ သီရိလင်္ကာ၊ ယီမင်၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘော ဒီးယားနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ ခြေစစ်ပွဲကျင်းပမည့် ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံး ခြောက်သင်းနှင့် ဒုတိယနေရာရ အသင်းများအနက် အကောင်းဆုံး ငါးသင်း စုစုပေါင်း ၁၁ သင်းမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ မြန်မာအသင်းသည် ဒုတိယ အဆင့် ခြေစစ်ပွဲမှ စတင်ယှဉ်ပြိုင် ခဲ့ရပြီး ပဉ္စမနေရာအသင်းများတွင် အကောင်းဆုံး သုံးသင်းစာရင်းဝင် ခဲ့သဖြင့် တတိယအဆင့်ခြေစစ်ပွဲ တိုက်ရိုက်ကစားခွင့် ရခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ လက်ရွေးစင်အသင်း သည် လာမည့်နှစ်တွင် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် အာရှ ဖလား တတိယအဆင့် ခြေစစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ရဲရင့်လွင်