
၂၀၂၃ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ အတွက် မြန်မာယူ-၁၆ အမျိုးသား အသင်းသည် လေ့ကျင့်ပြင်ဆင်မှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။
၂၀၂၃ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ ကို အောက်တိုဘာ ၁ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အသင်းစုစုပေါင်း ၄၃ သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်း ခြေစစ်ပွဲတွင် မြန်မာအသင်းသည် အုပ်စု (ဃ) ၌ ဆော်ဒီအာရေဗျ၊ မော်လ်ဒိုက်၊ ကူဝိတ်တို့နှင့် ကျရောက် နေသည်။ မြန်မာအသင်းပါဝင်သည့် အုပ်စုတွင် ယခင်က အိန္ဒိယအသင်း ပါဝင်သော်လည်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်၏ အရေးယူမှုကြောင့် ပြိုင်ပွဲ ဝင်ခွင့် ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။
မြန်မာ ယူ-၁၆ အသင်းသည် ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၁၂ ရက်အထိ အင်ဒို နီးရှားနိုင်ငံ၌ ကျင်းပသည့် ၂၀၂၂ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ပြီးနောက် ဆက်လက်လေ့ကျင့်ပြင်ဆင် နေခြင်းဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းသည် Young Boys အသင်း အမည်ဖြင့် ယှဉ်ပြိုင်မည့် ၂၀၂၂ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲလည်း ယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် အာဆီယံပြိုင်ပွဲအပြီးတွင် ဆက်လက် လေ့ကျင့်နေခြင်းဖြစ်သည်။
မြန်မာ ယူ-၁၆ အသင်းသည် Young Boys အသင်းအမည်ဖြင့် ယှဉ်ပြိုင်မည့် ၂၀၂၂ MNL-2 (ပထမ တန်း) အမှတ်ပေးပြိုင်ပွဲ ပထမပွဲအဖြစ် သြဂုတ် ၂၀ ရက်တွင် တက္ကသိုလ်အသင်း နှင့် စတင်ကစားရမည်ဖြစ်သည်။
ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးအောင်ဇော်မျိုးက ကိုင်တွယ်နေပြီး အာဆီယံ ယူ-၁၆ ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ကစားသမားများဖြင့် ပြန်လည် လေ့ကျင့်နေ ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းသည် မေလတွင် စတင် လေ့ကျင့်ခဲ့ပြီး ပထမ ဆုံး နိုင်ငံတကာ ပြိုင်ပွဲအဖြစ် ၂၀၂၂ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ပြိုင်ပွဲ ယှဉ်ပြိုင် ခဲ့ရာ စတုတ္ထနေရာ ရရှိခဲ့ သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF