
ပဲခူး ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အမယ်သစ်သီးနှံ ရိုဘက်စတာကော်ဖီ စိုက်ပျိုးနိုင်ရေး ပျိုးပင်ထောက်ပံ့ပေးအပ်ပွဲကို ဇွန် ၁၈ ရက် နံနက် ပိုင်းက ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၃၆)အနီးရှိ Three Red Star Co., Ltd. ၏ နှစ်ရှည်သီးနှံ စိုက်ပျိုးရေးခြံ၌ ကျင်းပသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကော်ဖီသီးနှံသည် ကုန်းမြင့်ဒေသတွင် စိုက်ပျိုးနိုင်သော ကော်ဖီမျိုး ရှိသကဲ့သို့ ပဲခူးတိုင်းဒေသကြီး၏ ရာသီဥတုနှင့် ကိုက်ညီသည့် ကမ္ဘာ့ဈေးကွက်ဝင် ရိုဘက်စတာ မြေနိမ့်ကော်ဖီမျိုးများလည်းရှိပြီး ပင်လယ်ရေ မျက်နှာပြင်အမြင့်ပေ ၂၅၀၀ အောက်နှင့် မိုးရေချိန် ၆၀-၁၀၀ လက်မကြားတွင် စိုက်ပျိုးရန်သင့်တော်မှု ရှိကြောင်း၊ သစ်တောအစုအဖွဲ့ လုပ်ငန်းရှင်များ၊ နှစ်ရှည်သီးနှံစိုက်ပျိုးသော လုပ်ငန်းရှင်များအနေဖြင့် မိမိတို့စိုက်ပျိုးသော သစ်တောပင်များမှ ဝင်ငွေ ရရှိသလို ရိုဘက်စတာကော်ဖီကို သီးညှပ်စိုက်ပျိုး ခြင်းအားဖြင့် နှစ်သီးပေါ်မှ ဝင်ငွေပိုမိုတိုးတက်ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ရေတာရှည်မြို့တွင် Linght House Co., Ltd. မှ ပြည်တွင်းမှထွက်ရှိသည့် ကော်ဖီအား တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ပြန်လည်အမှုန့်ကြိတ်၍ ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့နေရပြီး လက်တွေ့ အကျိုးကျေးဇူးများစွာ ရရှိခံစားနေရပြီဖြစ်ကာ ယခုမှ စိုက်ပျိုးမည့် လုပ်ငန်းရှင်များကိုလည်း သွားရောက်လေ့လာနိုင်ရေး စီစဉ်ပေးသွားမည်ဖြစ် ကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် တိုင်းဒေသကြီးအတွင်း ရိုဘက်စတာ ကော်ဖီဧက ၁၀၀၀ ပြည့်မီစွာ စိုက်ပျိုးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများမှလည်း ပူးပေါင်းကူညီဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များက သစ်တောအစုအဖွဲ့လုပ်ငန်းရှင်များနှင့် နှစ်ရှည်သီးနှံစိုက်ပျိုးသော လုပ်ငန်းရှင်များအား ရိုဘက်စတာကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်ပြီး နှစ်ရှည်သီးနှံပင်ကြား သီးညှပ်ကော်ဖီပင် စိုက်ပျိုး နေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့နယ် မယင်းကျေးရွာ၌ တစ်ကွင်း တစ်ဆက်တည်း ဧက ၃၀၀ မိုးစပါး စုပေါင်းထွန်ယက် ခြင်း၊ ပျိုးထောင်ခြင်းနှင့် ဓာတ်မြေဩဇာထောက်ပံ့ ပေးအပ်ပွဲသို့ တက်ရောက်ပြီး ဒေသခံတောင်သူများ အတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် သဘာဝငါးမျိုးပြုန်းတီးမှုမရှိစေရေး၊ ဘေးအန္တရာယ် ကင်းပြီး စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေးနှင့် ငါးသားဖောက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ပထမဆုံးအကြိမ် ငါးရံ့၊ ငါးကျည်း သားဖောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ များကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ တိုင်းဒေသကြီး(ပြန်/ဆက်)